Home သတင်း ထန်းတပင်မြို့နယ်အတွင်း တိုက်ပွဲကြောင့် တောင်ငူသို့ စစ်ဘေးရှောင်လာသူ ၄,၀၀၀ ခန့်ရှိလာ

ထန်းတပင်မြို့နယ်အတွင်း တိုက်ပွဲကြောင့် တောင်ငူသို့ စစ်ဘေးရှောင်လာသူ ၄,၀၀၀ ခန့်ရှိလာ

733
Photo-CJ

ဖေဖော်ဝါရီလ ၈ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့တွင် ဖေဖော်ဝါရီလ(၇)ရက်နေ့မှစ၍ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့ ဖြစ်ပွားနေသည့်တိုက်ပွဲကြောင့် တောင်ငူမြို့သို့စစ်ဘေးရှောင်လာသူ ၄,၀၀၀ ခန့်ရှိလာပြီဖြစ်ကြောင်း တောင်ငူမြို့သတင်းအရင်းအမြစ်များထံမှ သိရသည်။

ယမန်နေ့ နံနက်ပိုင်းက ဇရပ်ကြီးမြို့ရှိ စစ်ကောင်စီ၏ တပ်ရင်းနှင့် တပ်စခန်း၊ ရဲစခန်းများအား KNLA ပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးနှင့် လေကြောင်းအသုံးပြု တိုက်ခိုက်မှုအများအပြား ပြုလုပ်ခဲ့သဖြင့် ဇရပ်ကြီးမြို့နေအိမ်အဆောက်အဦးများ ပျက်စီး၍ ဒေသခံများမြို့နှင့် အနီးရှိကျေးရွာများမှ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေရခြင်းဖြစ်သည်။

Photo-CJ

ယနေ့မွန်းလွဲအချိန်ထိ ဇရပ်ကြီးမြို့အတွင်း ပစ်ခတ်မှုများဆက်လက်ပြင်းထန်နေဆဲဖြစ်သဖြင့် ဒေသခံ အချို့ ပရဟိတအဖွဲ့များ၏ အကူအညီဖြင့် တောင်ငူမြို့သို့ထွက်ပြေးတိမ်းရှောင်ခဲ့ကြရာ လက်ရှိ တောင်ငူမြို့ပေါ်တွင် စစ်ရှောင်ဦးရေ ၄,၀၀၀ ခန့်ရှိလာပြီဖြစ်ကြောင်း စစ်ရှောင်ကူညီနေသူအမျိုးသမီးတစ်ဦးက ပြောသည်။

“မနေ့ညပိုင်းအထိကို တောင်ငူကို စစ်ရှောင်လာတဲ့သူ (၄)ထောင်ရှိတယ်။ စာရင်းအတိ အကျတော့မရသေးဘူး။ ဒီမနက် တောင်ငူပရဟိတဘက်ကလည်း ထပ်လာကြိုတယ်။ မြို့ထဲ ရောက်လာပြီဆိုရင်တော့ သိပ်မပူရတော့ဘူး။ ဇရပ်ကြီးမှာတော့ ဒီမနက်အထိ လက်နက်ကြီး ပစ်နေကြတုန်းပဲ။” ဟု ၎င်းအမျိုးသမီးက ပြောသည်။

Photo-CJ

ထွက်ပြေးတိမ်းရှောင်လာသူများအား တောင်ငူမြို့ရှိပရဟိတအဖွဲ့များမှ ကယ်ထုတ်ပေးနေခြင်းဖြစ်ပြီး စစ်ဘေးရှောင်များအတွက် တောင်ငူမြို့ရှိ ဘုန်းကြီးကျောင်းများနှင့် ယာယီနေထိုင်၍ရသော နေရာ များသို့ ပို့ဆောင်ပေးနေကြောင်း ထိုပရဟိတအဖွဲ့များမှ သိရသည်။

မြို့တွင်းပစ်ခတ်မှုများကြောင့် ကလေးငယ်များအပါအဝင် ဒေသခံများသေဆုံး၍ ကလေးငယ်များ အပါအဝင် ဒေသခံ(၁၀)ဦး သေဆုံးပြီး ဒေသခံအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရှိရသော်လည်း အသေးစိတ်ကိုမူ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

Photo-CJ

KNLA ပူးပေါင်းတပ်က စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း -ခလရ(၇၃) တပ်ရင်းကို အဓိကထား၍ ချောင်းခြားစခန်း၊ မြို့စိုးစခန်း၊ ရှားစေးလိုစခန်းနှင့် ဇရပ်ကြီးရဲစခန်းတို့အား တိုက်ခိုက်ခဲ့ရာတွင် ခလရ(၇၃)ကို ရာခိုင်နှုန်း (၈၀)ခန့်ထိန်းသိမ်းထားနိုင်ကြောင်း ပူးပေါင်းတပ်တွင်ပါဝင်သော ဗမာ့ပြည်သူ့လွတ်မြောက်ရေး တပ်မတော်(BPLA) ဘက်က မီဒီယာသို့ ဖြေကြားထားသည်။

ထို့အပြင် တိုက်ပွဲအတွင်း ပူးပေါင်းတပ်ဘက်မှ တပ်ဖွဲ့ဝင် (၅)ဦးသေဆုံး၍ (၁၀)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိထားသည်ဟုလည်း တော်လှန်ရေးအင်အားစုဘက်က ယနေ့ နံနက်ပိုင်းတွင် ကေအိုင်စီသို့ ပြောသည်။