Home သတင်း ကရင်နယ်ခြားစောင့်တပ်များ စစ်ရေးနယ်မြေများအတွင်း စုဖွဲ့မှုပုံစံ အမျိုးမျိုးဖြင့် ဆက်ရှိနေ

ကရင်နယ်ခြားစောင့်တပ်များ စစ်ရေးနယ်မြေများအတွင်း စုဖွဲ့မှုပုံစံ အမျိုးမျိုးဖြင့် ဆက်ရှိနေ

221

ဇန်နဝါရီလ ၂၉ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ထိုင်း-မြန်မာနယ်စပ်နေရာများတွင် အခြေစိုက်နေကြသည့် ကရင်နယ်ခြားစောင့်တပ်-BGF တပ်များအနေဖြင့် စစ်တပ်လက်အောက်မှ သီးခြားခွဲထွက်မည်ဟု ပြောဆို ထားပြီးနောက်ပိုင်း လတ်တလောဖြစ်ပွားနေသည့် ဒေသတွင်းတော်လှန်ရေးပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်များ နှစ်ဖက်တိုက်ပွဲနေရာများတွင် စုဖွဲ့မှုပုံစံအမျိုးမျိုးဖြင့် ဆက်လက်ရှိနေကြောင်း စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်များက ပြောသည်။

စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်က “အခု သုံးဆူမှာတော့ BGF တွေက ချက်ပွိုင့်နေရာမှာ သူတို့ နေ တယ်။ နဂါးတောင်မှာ သူတို့နေတယ်၊ ငွေကောက်တယ်။ စစ်ရေးကတော့ DKBA ဗိုလ်အေဝမ်းက ထိန်းချုပ်ထားတယ်”ဟု ကေအိုင်စီသို့ ယနေ့တွင် ပြောသည်။

ထို့အပြင် ကျုံဒိုးဒေသဘက်တွင်လည်း BGF တပ်ဖွဲ့များအနေဖြင့် ကျုံဒိုး၊ ဂျိုင်းတံတား၊ နွားခြံကုန်း၊ ချောင်းဖျားဒေသ လုံခြုံရေးဂိတ်များတွင် ဆက်လက်နေထိုင်နေပြီး ဖြတ်သန်းသွားလာသည့် ကားများနှင့် ဒေသခံများအား ‌ဂိတ်ကြေးတောင်းခံမှုဆက်ရှိနေကြောင်း ခရီးသည်ကားမောင်းသူများထံမှ သိရသည်။

လက်ရှိ မြဝတီ မြို့ဘက်တွင်လည်း မဲကနယ်၊ သဲချောင်း၊ မြေနီကုန်း၊ ရေပူ၊ မယ်ထော်သလေး၊ မင်း လက်ပံ၊ ဖလူး၊ သေဘောဘိုး၊ ဆုံဆည်းမြိုင်၊ ဝေါလေ၊ လေးကေ‌ကော်ဒေသများဘက်တွင် တပ်စွဲ ထားသည့် BGF စစ်ကတုတ်များ၊ စစ်စခန်းကုန်းများတွင် ဆက်လက်အထိုင်ချနေထိုင် လျက်ရှိနေကြောင်း ဒေသခံများက ပြောသည်။

စစ်တပ်လက်အောက်က ခွဲထွက်ပြီး သီးခြားတပ်ဖွဲ့အဖြစ် ရပ်တည်မည့် သတင်းများ BGF ခေါင်း ဆောင်ပိုင်းမှ ပြောဆိုမှုများ ရှိလာသည့်အပေါ် မြေပြင်စစ်ရေးနယ်မြေများတွင်ရှိနေသည့် ၎င်းတို့တပ်များ အနေဖြင့် တပ်တည်၊ တပ်ဆုတ်၊ နေရပ်ရင်း ပြန်ကြရန် ညွှန်ကြားလာမှုများအား စောင့်ဆိုင်း နေထိုင် နေကြကြောင်း BGF တပ်ဖွဲ့ဝင်များထံ စုံစမ်းမေးမြန်းချက်အရ သိရသည်။

ထိုကဲ့သို့သော အခြေအနေတွင် ကေအဲန်ယူ တပ်မဟာ ၇ နယ်မြေ၊ လှိုင်းဘွဲမြို့နယ်ရှိ BGF အထွေ ထွေအတွင်းရေးမှူးနေထိုင်ရာ ကြာအင်းဒေသဘက်တွင်လည်း လုံခြုံရေးတိုးမြင့်မှုများ၊ တပ်ဖွဲ့အင်အား စုဖွဲ့မှုများ သိသိသာသာ လုပ်ဆောင်နေလျက်ရှိသည်ဟု မျက်မြင်ဒေသခံတစ်ဦးက ပြောသည်။

ထိုဒေသခံက “ ကြာအင်းရွာဘက်မှာ BGF တွေ လုံခြုံရေး တော်တော်လေး ချထားတယ်။ ဆက်သွယ် ရေးမြောင်းအသစ်တွေ တူးပြီး အခိုင်အမာ လုပ်ထားတယ်။ ဘန်ကာတွေ အသစ်ပြန် ဆောက် တာတာတွေလုပ်တယ်။ ရာဘာခြံတွေမှာဆိုလည်း စစ်သားအပြည့်ပဲချထားတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

လတ်တလော နှစ်လနီးပါးမြို့တွင်း တိုက်ပွဲဖြစ်ပွားနေသည့် ကော့ကရိတ်မြို့တွင်း ချောင်းတောင် ရပ်ကွက်ပိုင်း၊ မြို့လယ်တောင်ပေါ်ကျောင်းနေရာများတွင် ဒိကျော်နော့ ဦးစီးသည့် BGF အဖွဲ့များ ဆက် လက်တပ်စွဲ နေရာယူထားပြီး စစ်တပ်နှင့် ပူးပေါင်းအထိုင်ချပစ်ခတ် တိုက်ခိုက်မှုအချို့ ရှိနေ သေးကြောင်း ၊ စစ်တပ်ဘက်မှ BGF တပ်ဝတ်စုံဖြင့် အသွင်ယူတိုက်ခိုက်နေသည့် အခြေအနေတွေ့ရကြောင်း ကော့ ကရိတ် စစ်ရေးနယ်မြေသတင်းအရင်းအမြစ်များ ပြောစကားအရ သိရသည်။

ယနေ့ ဇန်နဝါရီ ၂၉ ရက်အထိ ကော့ကရိတ်မြို့တွင်း မြို့ပြင် စစ်တပ်နေရာများ နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ် ပူးပေါင်း PDF စစ်ကြောင်းများ နှစ်ဖက်ပစ်ခတ်မှု ဆက်ရှိနေသေးကြောင်း နယ်မြေအတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့တစ်ဖွဲ့ဖြစ်သည့် ကျားဖြူစစ်ကြောင်း စစ်မြေပြင်သတင်းအရင်းအမြစ်က ပြောသည်။