ဒီဇင်ဘာလ ၂၁ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ဒေသဖွံ့ဖြိုးရေးနှင့် နယ်မြေငြိမ်းချမ်းရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA)ကို ဆက်လက်စွဲကိုင်ထားမည်ဖြစ်ကြောင်း ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်-DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောစတီးက ယနေ့ မြဝတီမြို့နယ်၊ဆုံဆည်းမြိုင်ကျေးရွာတွင် ပြုလုပ်သည့် (၂၉)နှစ်မြောက် DKBA နေ့ အခမ်းအနားနေ့တွင် ပြောဆိုသွားသည်။
DKBA အဖွဲ့အစည်းအနေဖြင့် မိမိတို့ထိန်းချုပ်ထားလျက်ရှိသည့် ဒေသများထဲတွင်နေထိုင်ကြသည့် ပြည်သူ လူထု များ ငြိမ်းချမ်းစွာနေထိုင်နိုင်ရန် နှင့် လူနေမှုဘဝအဆင့်မြင့်မာရေးအတွက် ပညာရေး၊ကျန်းမာရေး၊ ဒေသဖွံ့ ဖြိုး ရေး လုပ်ငန်းများကို တစ်စိုက်မက်မက် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောစတီးက အခမ်းအနားတွင် ယခုလိုပြောဆိုသွားခဲ့သည်။
၄င်းက “ယခုကျနော်တို့လျှောက်လှမ်းနေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပြန်သုံးသပ်ကြည့်ရင် လွယ်ကူစွာ ဖြစ်ထွန်း လာတာမဟုတ်ဘူးဆိုတာ လေ့လာသူတိုင်း သိရှိကြနိုင်ပါတယ်။ အသက်တွေ သွေးတွေ ဘဝတွေ အများကြီး ပေးဆပ်ပြီးတော့မှ ရရှိလာခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဒီလောက်အရင်းအနှီး ကြီးကြီးမားမားနဲ့ ပေးဆပ်ပြီး တော့မှ ရရှိလာတဲ့ ဒီငြိမ်းချမ်းရေးကို ကျနော်တို့တွေစိတ်ရှည်သည်းခံပြီး မတူညီနိုင်ရင် တူညီအောင် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်သွား ကြရမှာဖြစ်ပါတယ်” ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
ယနေ့ပြုလုပ်ကျင်းပသည့် (၂၉) နှစ်မြောက် DKBA နေ့ အခမ်းအနားတွင် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောစတီး၊ စစ်ဆင်ရေးမှူး ဗိုလ်မှူးကြီးစောဆန်းအောင်၊ ဌာနချုပ်ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်စောရွှေဝ၊ ကွပ်ကဲရေး-၁ မှူး ဗိုလ်မှူး ချုပ် စိုင်းကျော်လှ၊ စစ်ရေးချုပ် ဗိုလ်မှူးကြီး စောစိန်ဝင်း စသည့်တာဝန်ရှိသူများအပြင် DKBA တပ်ဖွဲ့ ဝင်များ မိသားစုဝင်များနှင့်လူထုပရိတ်သတ် ၆၀၀ ခန့် တက်ရောက်ခဲ့သည်။
ထို့အပြင် DKBA အဖွဲ့အစည်းအနေဖြင့် ရောက်ရှိလာသည့်အခက်အခဲကိစ္စရပ်များကို ရင်ဆိုင်ဖြေရှင်းခဲ့ကြသလို ၎င်းတို့လိုလားသည့် ငြိမ်းချမ်းရေးပန်းတိုင်ကိုလည်း ရှေ့ဆက်လျှောက်လှမ်းကြမည်ဖြစ်ကြောင်း DKBA စစ်ဦးစီး ချုပ်က ဆက်လက်ပြောကြားခဲ့သည်။
DKBA သည် ၂၀၁၅ ခုနှစ်က အခြားတိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ နှင့်အတူ NCA သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး လက်ရှိ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင်လည်း မကြာခဏ သွားရောက် တွေ့ဆုံမှုပြုလုပ်သည့် အဖွဲ့အစည်းတစ်ခုလည်းဖြစ်သည်။


















