Home သတင်း DKBA ဗဟိုတပ်မဟာမှူးယာဉ်တန်း အာရှလမ်းမပေါ်တွင် ပစ်ခတ်ခံရ

DKBA ဗဟိုတပ်မဟာမှူးယာဉ်တန်း အာရှလမ်းမပေါ်တွင် ပစ်ခတ်ခံရ

540
Photo: Crd.

နိုဝင်ဘာလ ၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

နိုဝင်ဘာလ (၇)ရက်နေ့တွင် ကျရောက်သည့် (၆၈) နှစ်မြောက် ကရင်ပြည်နယ်နေ့ပွဲ ဖွင့်ပွဲ အခမ်းအနား သွားရန် အစီအစဉ်ပျက်၍ လမ်းတစ်ဝက်တွင် လှည့်ပြန်လာသည့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်-DKBA ဗဟိုတပ်မဟာမှူး ဗိုလ်မှူးချုပ် စောရွှေဝယာဉ်တန်း ကော့ကရိတ်မြို့ အနီး အာရှလမ်းမတစ်နေရာတွင် ပစ်ခတ်ခံရသည်ဟု သိရသည်။

ပြည်နယ်နေ့ ဖွင့်ပွဲသွားရန် နိုဝင်ဘာလ (၄)ရက်၊ နံနက်စောစောတွင် တပ်ဖွဲ့ဝင်အင်အား ၁၅၀ ဝန်းကျင်ရှိ ကား ၁၆ စီးပါသည့် ယာဉ်တန်းသည် ဂျိုင်းတံတားအရောက်တွင် ကရင်ပြည်နယ်၊ နယ်လုံ ဝန်ကြီး ဘက်မှ ကား (၃)စီးသာ သွားခွင့်ပြုသည်ဟု ဖုန်းဆက်ပြောလာသောကြောင့် ဆက်မသွားတော့ဘဲ ပြန်လှည့်လာရာတွင် ကော့ကရိတ်မြို့အနီးရှိ ကျိုက်ဒုံ-မြဝတီလမ်းခွဲနေရာအရောက်၌ ပစ်ခတ်ခံ ရခြင်းဖြစ်သည်ဟု DKBA က ပြောသည်။

DKBA ဗိုလ်မှူးချုပ်စောရွှေဝက “ စစ်ဦးစီးချုပ်သွားခိုင်းလို့ ကျနော်တို့က သွားတာ။ ပြည်နယ်ပွဲကို ကျနော်တို့ မပြန်ဖြစ်တာသုံးနှစ်လေးနှစ်လောက်ရှိပြီ။ ပြီးခဲ့တဲ့နှစ်က သွားခိုင်းလည်း ကျနော်က ငြင်း ခဲ့တာများတော့ ဒီနှစ်က သွားတာ။ ကား ၃ စီးပဲသွားခွင့်ပေးတယ်။ ကျန်တာတွေက ကော့ကရိတ်မှာပဲ ထားဖို့ပြောတော့ ကျနော်တို့လည်း မသွားဘူး ပြန်လှည့်လာတယ်။ သူတို့ဖုန်းပြန်ဆက်သေးတယ် သွားခိုင်းတယ်။ အပစ်ခံရတယ်ဆိုတော့ ကျနော်တို့က သွားလို့မပျော်တော့ဘူး။” ဟု ကေအိုင်စီသို့ ပြောသည်။

ပြည်နယ်နေ့ပွဲသွားသည့် အဆိုပါ ခရီးစဉ်တွင် DKBA ဗဟိုတပ်မဟာမှူး ဗိုလ်မှူးချုပ်စောရွှေဝနှင့် စစ်ရေးချုပ် ဗိုလ်မှူးကြီးစောဆန်းအောင်တို့ ဦးဆောင်သွားခဲ့ခြင်းဖြစ်ပြီး ဗိုလ်မှူးကြီး စောဆန်းအောင် စီးနင်းလိုက်ပါသည့်ကား ပစ်ခတ်ခံရခြင်းဖြစ်ကာ လူထိခိုက်ဒဏ်ရာရရှိမှု တစ်စုံတရာ မရှိကြောင်း DKBA တာဝန်ရှိသူများက ပြောသည်။

DKBA ယာဉ်တန်း စတင်ထွက်ခွာသွားသည့်အချိန်တွင် လမ်းကြောင်းပေါ်ရှိ သက်ဆိုင်ရာအဖွဲ့အစည်း များကို ကြိုတင်အသိပေးအကြောင်းကြားထားသော်လည်း ပြန်လှည့်လာချိန်တွင် အကြောင်းမကြားမိ သည့်အတွက် ယခုလိုအပစ်ခံရခြင်းဖြစ်နိုင်သည်ဟု ဗိုလ်မှူးချုပ် စောရွှေဝက ဖြည့်စွက်ပြောဆိုသည်။

Photo: Crd.

“ဝေ့ထူး ရေကူးကန်အနီးရောက်တဲ့အချိန်မှာ ၂ ချက်လောက် အရင်ပစ်ခတ်ခံရတယ်။ ဗိုလ်ဆန်းအောင် က သူ့ကားပစ်ခံထိပြီးပြောတော့ ကျနော်တို့မရပ်ဘဲဆက်သွားတယ်။ ခွင်ပြုချက်မပေးတော့ အနောက်က ရဲဘော်တွေက ပြန်ပစ်တာမရှိဘူး။ ရဲဘော်တွေပြောတာက လက်နက်ငယ်နဲ့ပစ်တာ အချက်အများပြီးပဲ။ မြဝတီရောက်တော့ တပ်မ(၄၄)မှူးဆီကို ကျနော်တို့ဝင်တယ်။ သူတို့က ဒီလိုဖြစ်တာ တောင်းပန်တယ် ပေါ့ပြောတယ်။ ကျနော်ကတော့ ဘာမှမပြောဘူး။ နင်တို့ လက်ထဲမှာ ကျည်တွေအများကြီးရှိတယ် ဆိုတော့ ပစ်ပေါ့။ အဲဒါပဲ ပြောလိုက်တယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

DKBA အဖွဲ့သည် တစ်နိုင်ငံလုံးအပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေး ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ၁၀ ဖွဲ့အနက် တစ်ဖွဲ့ဖြစ်သလို စစ်ကောင်စီတပ်နှင့်တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်အပြင် အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်နှင့်လည်း ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုများလုပ်ဆောင်ခဲ့သည့်အဖွဲ့ဖြစ်သည်။

လက်ရှိ ကရင်ပြည်နယ်တွင်း နေရာတော်တော်များများတွင် တိုက်ပွဲပြင်းထန်နေသော်လည်း စစ်ကောင်စီ ဘက်က ပြည်နယ်နေ့ပွဲတော်ကို စည်ကားလာအောင် ကျင်းပရန်စီစဉ်နေပြီး မြို့ပြင်နေရာများတွင် လုံခြုံရေးတိုးမြှင့်ချထားမှုများလုပ်ဆောင်လျက်ရှိသည်ဟု ဒေသခံထံမှ သိရသည်။