Home သတင်း ရွှေကုက္ကိုလ်အဝင် နယ်ခြားစောင့်တပ် BGF ဂိတ်များတွင် ငွေကြေးကောက်ခံမှု ပိုမိုများလာ

ရွှေကုက္ကိုလ်အဝင် နယ်ခြားစောင့်တပ် BGF ဂိတ်များတွင် ငွေကြေးကောက်ခံမှု ပိုမိုများလာ

824
Photo: CJ

အောက်တိုဘာလ ၁၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

မြဝတီမြို့မြောက်ဘက် ရွှေကုက္ကိလ်ဒေသအဝင်ရှိ နယ်ခြားစောင့်တပ်-BGF ဂိတ်များတွင် ယခုအောက်တို ဘာလပိုင်းမှစ၍ အသွားအလာပြုလုပ်နေသည့်ယာဉ်များထံမှ ငွေကြေးကောက်ခံမှုများ ပိုမိုလုပ်ဆောင် လာ ကြောင်း ယာဉ်မောင်းများက ပြောသည်။

ရွှေကုက္ကိုလ်နှင့် မြဝတီ-ဖားအံပြေးဆွဲနေသည့်ယာဉ်များသည် ယခင်ကဂိတ် ၅ ခုဖြတ်ကျော်ရာတွင် အလွယ် တကူသွားလာ၍ရသလို ငွေကြေးကောက်ခံမှုမျိုးမရှိဘဲ လက်ရှိတွင် အစစ်အဆေးတင်းကြပ်လာပြီး ငွေညစ် တောင်းခံမှုများပါ ပြုလုပ်လာကြောင်း အမည်မဖော်လိုသူ ယာဉ်မောင်းတစ်ဦးက ယခုလိုပြောသည်။

“အရင်လတွေကတော့ မောင်းရသွားရတာအဆင်ပြေတယ်။ မြဝတီကနေ ကုက္ကိုလ်အထိ အေးဆေးသွား လာလို့ ရတယ်။ ဂိတ်က ၅ ခုလောက် ဖြတ်ရတယ်။ တစ်ဂိတ်ကို အနည်းဆုံး ၅ ထောင်ပေးရတယ်။ ဒါတောင် ကိုယ်နဲ့ သိနေလို့ မသိတဲ့လူဆိုရင်တော့ ၁ သောင်းက ပြေးမလွတ်ဘူး။ ဂိတ်တွေမှာလည်း သွားလာရတာ တော် တော်ကြပ် လာတယ်။ ပြောရရင် သူတို့ ပါးစပ်ကပြောလိုက်တိုင်း ပိုက်ဆံလိုဖြစ်နေတယ်” ဟု ၎င်းယာဉ်မောင်းက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ကုက္ကိုလ်ဒေသတွင် လာရောက်အလုပ်လုပ်ကိုင်နေကြသည့် အလုပ်သမားများသည် ယခင်က လိုင်း ကားများကို ငှားရမ်းစီးကြသော်လည်း ယခုနောက်ပိုင်းတွင် ကိုယ်ပိုင်ကားများဖြင့် တရုတ်လူမျိုးများ၏ လမ်းကြောင်း၊ ကုမ္ပဏီသူဌေးနာမည်များကို အသုံးပြု၍ သွားလာရာတွင် အစစ်အဆေးမခံကြရသလို ငွေကြေး တောင်းခံရမှုများလည်း မရှိသောကြောင့် လိုင်းကားငှားရမ်းစီးနင်းသူ နည်းပါးလာကြောင်း အဆိုပါ ယာဉ်မောင်း က ဆက်ပြောသည်။

ဆက်လက်၍ လတ်တလောတွင် အလုပ်အကိုင်ရှားပါးလာခြင်း၊ ပြင်ပမှ ဝင်ရောက်လာ သူများထံမှ နိုင်ငံသား စိစစ်ရေးကဒ်ပြားကိုကြည့်၍ ငွေကြေးတောင်းခံမှုများ ပြုလုပ်နေသည့်အတွက် အသွားအလာ ပြုလုပ်သူ နည်းပါးလာကြောင်းလည်း ထိုယာဉ်မောင်းတစ်ဦးက ထပ်လောင်းပြောဆိုသည်။

ထို့အတူ ရွှေကုက္ကိုလ်ဒေသအတွင်းရှိ အွန်လိုင်းလူလိမ်လုပ်ငန်း၊ ကာစီနိုလုပ်ငန်းအသီးသီးသို့ လာရောက်လုပ် ကိုင်ကြသည့် အနယ်နယ်အရပ်ရပ်မှ လူများကို နယ်စပ်ဒေသဖြစ်သည့် မြဝတီမြို့မှတစ်ဆင့် လုပ်ငန်းလုပ် ကိုင်သူ များက သွားရောက်ခေါ်ယူပေးရကြောင်းလည်း အွန်လိုင်းလုပ်ငန်းလုပ်ကိုင်သူထံမှ သိရသည်။

ရွှေကုက္ကိုလ်ဒေသ ရပ်ကွက်များတွင် လျှပ်စစ်မီးပုံမှန်မရခြင်း၊ တရုတ်အွန်လိုင်း ကာစီနိုလုပ်ငန်းတချို့ ရပ်နားလိုက်ခြင်းနှင့် တရုတ်ဆိုက်ဘက်သို့ သွားလာရန် အဝင်အထွက်ကဒ်များကိုလည်း BGF တပ်နှင့် လုပ်ငန်းရှယ်ရာဝင် ပိုင်ရှင်များကိုသာ ထုတ်ဝေပေးခြင်းတို့ကြောင့် ၎င်းဒေသတွင် အလုပ်အကိုင်ရှားပါးလာပြီး ကုမ္ပဏီလုပ်ငန်းတချို့လည်း ရပ်တန့်နေကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

အလားတူ ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်းမှစ၍ တရုတ်ဆိုက်ဘက်တွင် အွန်လိုင်းလူလိမ်လုပ်ငန်း၊ လူခေါ်လုပ်ငန်းများကို စစ်ဆေးမည့် သတင်းများကြောင့် အဆိုပါ အလုပ်လုပ်ကိုင်သူ လူငယ်တချို့ နေရပ်ပြန် သွားကြကြောင်းလည်း ဒေသခံများက ပြောသည်။