ဩဂုတ်လ ၃၀ ရက်၊၂၀၂၃ခုနှစ်။ ကေအိုင်စီ
ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင်းရှိ ဝင်းစိန်ရွာမဲဆမိတ်ကျေးရွာ အပေါ်သို့ စစ်ကောင်စီမှ ညအချိန် ဒရုန်းဖြင့် လှည့်လည်မောင်းနှင်ပျံသန်းမှုများ ညတိုင်းနီးပါး ပြုလုပ်နေသောကြောင့် ကျေးရွာအတွင်းသို့ ပေါက် ကွဲစေသော လက်နက်များ၊ ဗုံးများကျရောက်မည်ကို စိုးရိမ်နေရကြောင်း ကျေးရွာနေဒေသခံများက ပြောသည်။
လှိုင်းဘွဲမြို့နယ်ရှိ ဝင်းစိန်ကျေးရွာ မဲဆမိတ်ကျေးရွာများနှင့် အနီးအနားကျေးရွာ ဒေသများအပေါ်သို့ စစ်ကောင်စီတပ်မှ ည(၁၁)တစ်နာရီအချိန်တိုင်း ဒရုန်းမောင်းနှင်ပျံသန်းနေသည်မှာ လွန်ခဲ့သည့် ဇူလိုင်လအစပိုင်းကတည်းကဖြစ်သည်ဟု ဝင်းစိန်ဒေသခံတစ်ဦးက ယခုလိုပြောသည်။
“ကျနော်တို့ရွာမှာ ပျံနေတာတော့ ညတိုင်းပဲ။ ရွာပေါ်ပျံနေတာ တခါတလေ အသံကျယ်တယ်။ တခါတ လေကျတော့ မကြားရဘူး၊ ညတိုင်းတော့ သွားတယ်။ ကျနော်က ညတိုင်းဂိမ်းဆော့တော့ တွေ့ရတယ်။ လူကြီးတွေက လန့်တယ်။ ပေါက်ကွဲတဲ့လက်နက်တွေပါလာမှာပဲ စိုးရိမ်နေကြတယ်” ဟု ၎င်းဒေသခံက ကေအိုင်စီသို့ ပြောသည်၊
ထိုဒေသအတွင်း စစ်ရေးအရ တင်းမာနေသည့် အခြေအနေမျိုးမဟုတ်သော်လည်း စစ်ကောင်စီမှ ကင်းလှည့်ခြင်း၊ ကင်းပုံးဝပ်ခြင်းတို့ကို ပြုလုပ်နေပြီး ညအချိန်တွင် ဒရုန်းဖြင့်ကင်းထောက်ပျံသန်းခြင်း၊ ညဘက်ဒရုန်း မောင်းခြင်းတို့ကိုပြုလုပ်ခြင်းနှင့် လေ့ကျင့်ခြင်းပါတစ်ခါတည်း လုပ်ဆောင်နေကြောင်းဖြစ်သည်ဟု စစ်ကောင်စီနှင့် နီးစပ်သူများက ဆိုသည်။
မဲဆမိတ်ကျေးရွာ ဒေသခံတစ်ဦးက “ဘာလို့ ဒရုန်းမောင်းလဲတော့ မသိဘူး။ ကြာပြီး ဇူလိုင်လ ကတည်းကပဲ။ ရွာထဲကလူတွေက စစ်ဖြစ်မှာကိုပဲ စိုးရိမ်နေတယ်။ နောက်ပြီး ညအချိန်မတော်မောင်းတော့ ကျနော်တို့လည်း စိတ်ပူတယ်။ တစ်ခုခုဖြစ်မှာကို စိုးရိမ်တယ်။ ဒရုန်းအသံလည်းဆူတယ်“ဟု ပြောသည်။
ကေအဲန်ယူ ထိန်းချုပ်နယ်မြေ ဖားအံခရိုင်၊ တပ်မဟာ(၇)နယ်မြေထဲရှိ အဆိုပါဒေသတွင် နှစ်ဖက်စစ်ရေး တင်းမာမှုမရှိသော်လည်း စစ်ကောင်စီတပ်များသည် စစ်ရေးအရ ပြင်ဆင်မှုများကို တိုးမြင့်လုပ်ဆောင်နေပြီး ၎င်းတို့၏ အုပ်ချုပ်ရေးယန္တရာကိုလည်း အားကောင်းအောင် လုပ်ဆောင်နေသည်ဟု ဒေသတွင်း ကေအဲန်ယူ တာဝန်ရှိသူများက ဆိုသည်။
အလားတူ စစ်ကောင်စီသည် (၂၀၂၃)ခုနှစ်၊ ဇူလိုင်လကလည်း လှိုင်းဘွဲမြို့နှင့်ပိုင်ကျုံမြို့နယ်ထဲသို့ စစ်ကားကြီးများဖြင့် ကင်းလှည့်ခြင်းများ ပြုလုပ်လာခဲ့သည့်အတွက် ဒေသတွင်း တိုက်ပွဲဖြစ်ပွားမည်ကို ဒေသခံပြည်သူလူထုများက စိုးရိမ်ရသည့် ဖြစ်စဉ်မျိုးလည်းရှိခဲ့သည်။