Home သတင်း အာဏာသိမ်းပြီး ၂နှစ်တာအတွင်း တိုင်းရင်းသားဒေသများတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများပြားလာကြောင်း KRW ပြော

အာဏာသိမ်းပြီး ၂နှစ်တာအတွင်း တိုင်းရင်းသားဒေသများတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများပြားလာကြောင်း KRW ပြော

588

မတ်လ ၁၄ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်တာ ကာလအတွင်း တိုင်းရင်းသားဒေသများတွင် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု များပြားလာပြီး အရေးတယူဆောင်ရွက်ရန် ယန္တရားများ ပျက်စီးယိုယွင်း လာခဲ့ကြောင်း ကရင်မြစ်ချောင်းများစောင့်ကြည့်ရေးအဖွဲ့(KRW)က ယနေ့ မတ်လ ၁၄ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများနေ့နှင့်ရေကာတာဆန့်ကျင်ရေးနေ့တွင် သဘောထား ထုတ်ပြန်ပြောဆိုခဲ့သည်။

လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေအရ လက်နက်ကိုင်ပဋိပက္ခ ပိုမိုဖြစ်ပွားလာသည့်ကာလအတွင်း တရားမဝင်သည့် သယံဇာတထုတ်ယူသုံးစွဲမှုများ ပိုမိုများပြားလာပြီး စောင့်ကြည့် လေ့လာသည့်အဖွဲ့ အစည်းများ၏ လေ့လာစောင့်ကြည့်နိုင်မှု အားနည်းလာသည့်အပေါ် အခွင့်ကောင်း ရယူကာ အကြီးစား ရင်းနှီးမြှုပ်နှံမှုများ ပိုမိုများပြားလာကြောင်း KRW ၏ ပြောခွင့်ရ စောသာဘိုးက ယခုလို ပြောသည်။

“စောင့်ကြည့်တဲ့သူတွေအနေနဲ့လည်း သဘောက စောင့်ကြည့်ဖို့ အရမ်းခက်ခဲလာတယ်။ အဖက်ဖက် ကနေ စိုးရိမ်ရတဲ့ အနေအထားမှာရှိနေတော့ ပြောလို့မရဲကြဘူး။ မြေပြင်ကွင်းထဲမှာကျတော့ ဖြစ်ချင် တိုင်း ဖြစ်နေတာပေါ့။ အထူးသဖြင့် မြစ်ချောင်းတွေမှာဆိုရင် သတ္တုတွေတူးဖော်တာတွေ အများကြီးရှိ လာတယ်။ အချို့ဒေသတွေမှာဆိုရင် ဆည်တည်ဆောက်ရေးအတွက် လေ့လာတာတွေ ဒါမျိုးတွေ လုပ်နေတာတွေရှိတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ယခုလို သယံဇာတ ထုတ်ယူသုံးစွဲမှုများနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု များလာရ သည့် အကြောင်းအရင်းမှာလည်း လက်ရှိမတည်ငြိမ်သည့် တိုင်းပြည်၏ နိုင်ငံရေးအခြေအနေအပေါ် အခွင့်ကောင်းယူကာ တရားမဝင်လုပ်ဆောင်မှုများကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်နိုင်မှုများ ပြုလုပ်လာနိုင်ခြင်းကြောင့် ဖြစ်ကြောင်းလည်း စောသာဘိုးက ဆက်ပြောသည်။

အလားတူ မြန်မာနိုင်ငံ၏ မြစ်ချောင်းများပေါ်တွင် တည်ဆောက်မည့် အကြီးစားရေအားလျှပ်စစ် စီမံကိန်းအားလုံးကို ရပ်ဆိုင်းရန် (Karen River Watch) အပါအဝင် ဒေသခံဌာနေတိုင်းရင်းသားများ၊ အရပ်ဖက်အဖွဲ့များနှင့် မိတ်ဖက်အဖွဲ့များမှလည်း နိုင်ငံတကာ အစိုးရများ၊ ကုလသမဂ္ဂအေဂျင်စီများ၊ ရင်းနှီးမြှုပ်နှံသူများနှင့် လူပုဂ္ဂိုလ်များကို ထုတ်ပြန်ချက်တွင် တောင်းဆိုထားသည်။

အဆိုပါ အကြီးစား ရေအားလျှပ်စစ် စီမံကိန်းများကြောင့် သက်ရှိမြစ်များနှင့် ၎င်းတို့၏ ဂေဟစနစ် ထိန်းသိမ်းမှု၊ လူမှုဘဝနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးသက်ရောက်မှုများစေသောကြောင့် စီမံကိန်းများကို ရပ်ဆိုင်းပေးစေလိုခြင်းဖြစ်ကြောင်းလည်း KRW က ဆိုသည်။

၎င်းအပြင် အာဏာသိမ်းယူထားသည့် စစ်ကောင်စီခေါင်းဆောင်ကလည်း သံလွင်မြစ်အပေါ်ရှိ ဟတ်ကြီ ရေကာတာ စီမံကိန်းကို ပြန်လည်လုပ်ဆောင်ရန် အသိပေးကြေညာထားပြီး ထိုစီမံကိန်းနေရာသည် ၂၀၁၄ ခုနှစ်ကတည်းက စစ်ရေးပဋိပက္ခဖြစ်ပေါ်ခဲ့ကြောင်း၊ လက်ရှိတွင်လည်း အဆိုပါ ဒေသများတွင် စစ်ကောင်စီ၏ မြေပြင်၊ ဝေဟင်စစ်ရေးလှုပ်ရှားမှုများကြောင့် ဒေသခံတိုင်းရင်းသားများ ဘေးလွတ်ရာ တောတောင်ဒေသများထဲတွင် ထွက်ပြေးတိမ်းရှောင်နေကြရဆဲဖြစ်ကာ လူသားချင်းစာနာမှု အထောက်အထားများ လိုအပ်နေကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အတူ KRW ၏ ထုတ်ပြန်ချက်တွင် မတူညီသည့် အစုအဖွဲ့များဖြစ်သည့် KNU-ကရင်အမျိုး သားအစည်းအရုံး၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ နှင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ အလှူရှင်များ၊ ကုလသမဂ္ဂအေဂျင်စီများကိုလည်း ယနေ့ ကျရောက်သည့်နေ့နှင့်ပတ်သက်ပြီး အချက်(၉)ချက်ပါ တောင်းဆိုချက်များ ထည့်သွင်းရေးသားဖော်ပြထားသည်။

အဆိုပါ တောင်းဆိုမှုများအနက် ကော်သူးလေနယ်မြေအတွင်း သဘာဝ အရင်းအမြစ်များအပေါ် ကြီးမား သော စီးပွားရေးဆိုင်ရာ အမြတ်ထုတ်ခြင်းများကို အရေးယူဆောင်ရွက်ရန် ကေအဲန်ယူကို တောင်းဆို ထားသလို လက်ရှိ စစ်အစိုးရအား ငွေကြေးထောက်ပံ့ပေးနေသည့် သယံဇာတ ထုတ်လုပ်မှုများ ပြုလုပ် နေသော ကုမ္ပဏီများနှင့် လုပ်ငန်းရှင်များအား အမည်ပျက်စာရင်းသွင်းရန်ကိုလည်း အမျိုးသားညီ ညွတ်ရေး အတိုင်ပင်ခံကောင်စီ(NUCC)တို့ကို တောင်းဆိုထားသည်။

အလားတူ နိုင်ငံတကာ အဖွဲ့အစည်းများ အလှူရှင်များ နှင့် ကုလသမဂ္ဂ အေဂျင်စီများအနေဖြင့်လည်း ရေကာတာ စီမံကိန်းများကို အကောင်အထည်ဖော်မည့် ကုမ္ပဏီများအား ချေးငွေ ဆိုင်ရာ အစီအစဉ်များ ရုပ်သိမ်းရန်အတွက်လည်း တောင်းဆိုးထားသည်။

ယနေ့ ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများနေ့နှင့် ရေကာတာဆန့်ကျင်ရေး နေ့ကို မြန်မာနိုင်ငံ တိုင်းရင်းသားဒေသတချို့တွင် အခမ်းအနားအစီအစဉ်များဖြင့် ပြုလုပ်မှုများရှိသလို သက်ဆိုင်ရာ သဘာဝပတ်ဝန်ကျင် စောင့်ကြည့်လေ့လာသည့် အဖွဲ့အစည်းအသီးသီးကလည်း သဘောထား ထုတ်ပြန်ချက်များ ထုတ်ပြန်ထားကြောင်း တွေ့ရှိရသည်။

ထို့အတူ ယနေ့ ရေကာတာ ဆန့်ကျင်ရေးနေ့ကို KRWက ဦးဆောင်၍လည်း ဟတ်ကြီးရေကာတာ တည်ဆောက်မည့် နေရာနှင့်နီးစပ်သော KNU-ကရင်အမျိုးသား အစည်းအရုံး ထိန်းချုပ်နယ်‌မြေဖြစ်သည့် သံလွင်မြစ်ကမ်းနံဘေးရှိ ‌အီတူးထာ ကျေးရွာတွင်လည်း သရုပ်ပြအခမ်းအနားအစီအစဉ် ပြုလုပ်ခဲ့ကြောင်း သိရသည်။