Home သတင်း အွန်လိုင်းစျေးရောင်းသူများကြောင့် ကော့ကရိတ်ဒူးရင်းသီး စျေးကောင်းရပြီး အရောင်းသွက်နေ

အွန်လိုင်းစျေးရောင်းသူများကြောင့် ကော့ကရိတ်ဒူးရင်းသီး စျေးကောင်းရပြီး အရောင်းသွက်နေ

2175
Photo: CJ

မေလ ၃၀ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်အတွင်း ဒူးရင်းသီး စိုက်ပျိုးထွက်ရှိရာ ကော့ကရိတ်ဒေသတွင်း ဒူးရင်းသီးများ အွန်လိုင်းစျေးရောင်းသူများကြောင့် စျေးကောင်းရပြီး အရောင်းသွက် နေသည်ဟု သိရှိရသည်။

ကော့ကရိတ်မြို့ခံ၊ အွန်လိုင်းစျေးရောင်းသူတစ်ဦးက “အခုက အွန်လိုင်းခေတ် ဆိုတော့ ဒူးရင်းသီးကို အွန်လိုင်းကနေ ခွဲပြ၊ စားပြ၊ အရသာ ပြောပြ၊ စျေးတွေ ပြောကျ၊ အိမ်အရောက်ပို့၊ နယ်အရောက်ပို့တဲ့စျေးကွက်တွင်ကျယ်လာတော့ မြို့ကလူတွေ၊ ရွာဘက်တွေအထိ ဒူးရင်းသီးခြံတွေ ဆင်းလာ၀ယ်ကြတာများ လာတယ်၊ အရင်က မြို့တက်ပြီးရောင်းကြရတာမျိုးပဲရှိတာ၊ အခုဆို ရှည့်ကိုက် ပေါက်တွေတောင် တစ်လုံး ၃ ထောင်လောက်အထိ စျေးရတယ်။”ဟု ပြောသည်။

ထို့အပြင် ရာသီပေါ် ဒူးရင်းသီးထွက်ရှိရာ ကော့ကရိတ်တောင်ပိုင်း စက္က၀တ်၊ လောင်း ကိုင်၊ ဖားကျနှင့် သမိန်ဒွတ်ဒေသတွင်း ဒူးရင်းခြံများတွင် အွန်လိုင်းစျေး ရောင်း သူများကိုယ်တိုင် လက်လီ၊ လက္ကား၊ ခြံပုတ်ပြတ် လာရောက်၀ယ်ယူ သူများပြားနေကြောင်းလည်း သူက ပြောသည်။

“အရင်က ကော့ကရိတ်နာရီစင်နား၊ လှိုင်၀ကုက္ကိုလ်တန်းတို့မှာ ရောင်းရင် ၃ လုံးမှ ၅ ထောင် လောက်ရောင်းရတာက နေအခုတော့ စျေးပိုရလာတဲ့သဘောပေါနော်၊ လောင်းကိုင်၊ ဖားကျ၊ သမိန်ဒွတ်ဒူးရင်းနဲ့ ဒေါနတောင်ခြေစက္က၀တ်ဒူးရင်းကတော့ ပိုပြီး စျေးကောင်းရတယ်၊ ပုံမှန်အလုံး တစ်လုံးကို ရှစ်ထောင်၊ တစ်သောင်း အထိစျေးရတယ်၊ အွန်လိုင်းမှာ စက္က၀တ်ဒူးရင်းလို့ ပြောပြီးရောင်းတော့ စက္က၀တ်ဒူးရင်းကို ရအောင် ရွာအထိသွားပြီး ကိုယ်တိုင်၀ယ် ကိုယ်တိုင်ရောင်းသလို၊ တခြားရွာတွေက ထွက်တဲ့ ဒူးရင်းသီးတွေရော ထိုင်းဘက်က၀င်တဲ့ ဒူးရင်းသီးရော ရောင်းနေရပါတယ်”ဟု သူက ဆက်ပြောသည်။

ကရင်ပြည်နယ်အတွင်း ဒူးရင်းသီး စိုက်ပျိုးထွက်ရှိသည့် ဒေသအသီးအနှံအဖြစ် မြန်မာပြည်တွင်း စျေးကွက်တွင်သာမက ထိုင်းနိုင်ငံဘက်အထိ တင်ပို့ရောင်းချ သည့် စျေးကွက်ရှိပြီးသား ဒူးရင်းသီးရောင်းချရမှုမှာ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ကိုဗစ် ၁၉ ကူးစက်ရောဂါကာလ ၂ နှစ်ကျော်အတွင်း နိုင်ငံရေး အကျပ်အတည်းကြောင့် ၀င်ငွေ ကျဆင်းခဲ့သည်ဟု ဒူးရင်းခြံပိုင်ရှင်များက ပြောသည်။

ယခုနှစ် ဒူးရင်းသီးပေါ်ချိန်တွင် ကရင်ပြည်နယ်အတွင်း မြ၀တီကွင်းကလေးရွာ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ဖားအံ နောင်လုံဒူးရင်းမှာ ယခင်အသီးအနှံစျေး တန်းများသို့ တင်ပို့ရောင်းချမှုအပြင် အွန်လိုင်းစျေးရောင်းသူများစျေးကွက်ကြောင့် ဒေသခံခြံရှင်များ ၀င်ငွေတိုးလာနေသော်လည်း ဖားအံမြို့စျေးကွက်ဘက်တွင် ဖာပွန် ဒေသတိုက်ပွဲများကြောင့် ဖာပွန်ဒူးရင်း စျေးကွက်အ၀င် နည်းနေသည့်အတွက် ကော့ကရိတ်ဒူးရင်းနှင့် ထိုင်းဒူးရင်းသီးများကိုသာ မှာယူရောင်းချနေကြကြောင်း သိရ သိရသည်။

Photo: CJ