Home သတင်း သေ့ဘောဘိုးစခန်းအား ပြန်လည်တိုက်ခိုက်ရန် စစ်ကောင်စီတပ်ရက်ခြားအင်အားဖြည့်တင်းနေ

သေ့ဘောဘိုးစခန်းအား ပြန်လည်တိုက်ခိုက်ရန် စစ်ကောင်စီတပ်ရက်ခြားအင်အားဖြည့်တင်းနေ

1042

မေလ ၂၇ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်း ကော်ပရာစစ်ကြောင်း တိုက်ခိုက်သိမ်းပိုက် ထားသည့် သေ့ဘောဘိုးစခန်း ပြန်လည်တိုက်ခိုက်ရန် စစ်ကောင်စီတပ်ဘက်မှ ဖလူးကြီးကျေးရွာတွင် စခန်းချ တပ်စွဲထားသည့် နယ်ခြားစောင့်တပ် (BGF)စခန်းသို့ မေလ ၂၀ ရက်နေ့မှ စတင်၍ ရက်ခြားဆိုသလို စစ်အင်အား ပို့ဆောင်မှုများ လုပ်ဆောင်နေကြောင်း နယ်မြေခံစစ်ရေးသတင်းအရင်းအမြစ်ထံမှ သိရသည်။

“ဒီရက်ထဲမှာ ဖလူးကြီး BGF ဂိတ်စခန်းကို ရက်ခြား၊ ရက်ခြား အင်အား တိုးတိုးလာနေတယ်၊ အရပ်သုံးပစ်ကပ် ကားတွေနဲ့ လာလာပို့နေတယ်။ ၂၀ ရက်နောက်ပိုင်းကတည်းကပေါ့။ သေ့ဘောဘိုးစခန်းကို ပြန်တိုက်ဖို့၊ ကော်ပ ရာ စစ်ကြောင်းကိုတိုက်ဖို့ စစ်ကောင်စီဘက်က စစ်ရေးပြင်ဆင်တာတွေ လုပ်နေတယ်လို့တော့ သိထားရတယ်”ဟု KNLA သတင်းအရင်းအမြစ်ဘက်က ပြောသည်။

ထို့အပြင် BGF မဲကနယ်တပ်၀န်းနှင့် မေတ္တာလင်းမြိုင် BGF စခန်းများတွင် စစ်ရေးလှုပ်ရှား ပြင်ဆင်မှုများ ရှိနေကြောင်းနှင့် လမ်းဆုံလမ်းခွများတွင်လည်း BGF အနေဖြင့် ဒေသခံရွာသားများအပေါ် အစစ်အဆေး ပိုတိုး လုပ်ဆောင်လာကြောင်းလည်း ၎င်းအရင်းအမြစ်က ဆက်ပြောသည်။

အလားတူ KNU တပ်မဟာ (၁) နှင့် တပ်မဟာ (၅) နယ်မြေများတွင် ထောင်နှင့်ချီသည့် BGF တပ်ဖွဲ့ဝင်များ ပြန်ဆုတ်သွားပြီး ယမန်နေ့ မေလ ၂၆ ရက်နေ့တွင်လည်း KNU တပ်မဟာ (၅)တွင် အသစ်တက်လာသည့် ဗျူဟာမှူးအသစ် ဗိုလ်မှူးကြီး စောဂေနွီးက ၎င်း BGF တပ်ပြန်ဆုတ်ခြင်းသည် တပ်မဟာ (၆) နယ်မြေကို အင်အားဖြည့်တင်းရှင်းလင်းရန်ဖြစ်ကြောင်းလည်း ပြောဆိုထားသည်။

လက်ရှိတွင် လေးကေကော်-ဝေါလေ ဒေသအတွင်း နေ့စဉ် မိုးရွာသွန်းမှုရှိနေသည့်ကာလတွင် တောင်ပြို၊ လမ်းပျက်စီးမှုအချို့ ရှိနေသည်။

KNU တပ်မဟာ-၆ နယ်မြေအတွင်း စစ်ကောင်စီစစ်ကြောင်းများ ၀င်ရောက်ဖြန့်ကျက်တိုက်ခိုက်ရန်နှင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရန် ရာသီဥတုအခြေအနေမကောင်းသော်လည်းလေကြောင်းမှ ကင်းထောက် လေယာဉ်လာရောက်ပျံသန်းထောက်လှမ်းမှုများ ဆက်လက်လုပ်ဆောင်မှုများရှိနေသောကြောင့် စစ်ရေးသတိ အသင့်ရှိရန် KNLA ပူးပေါင်းတပ်များအား တပ်လှန့်နိုးဆော်ထားကြောင်း သိရသည်။