Home သတင်း ခလယ်-တံခွန်တိုင်တိုက်နယ်ရှိ စစ်ရှောင်ဒေသခံများ စားဝတ်နေရေးခက်ခဲလာနေ

ခလယ်-တံခွန်တိုင်တိုက်နယ်ရှိ စစ်ရှောင်ဒေသခံများ စားဝတ်နေရေးခက်ခဲလာနေ

1099

မေလ ၂၈ ရက်၊ ၂ဝ၂၂ ခုနှစ်၊ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်-တံခွန်တိုင်တိုက်နယ်တွင် ပြီးခဲ့သည့် ဧပြီလကတည်းက စတင်ဖြစ်ပွားသည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLAနှင့် စစ်ကောင်စီတပ်တို့ ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်၍ ရွာသားများမှာ နေအိမ်မပြန်နိုင်ကြသေးသည့်အတွက် ယခုအချိန်တွင် စားဝတ်နေ ရေး ပိုမိုခက်ခဲလာကြပြီးဟု စစ်ရှောင်ဒေသခံများထံမှ သိရသည်။

တံခွန်တိုင်ရွာ ရဲစခန်းဝင်းအတွင်း ခြေကုပ်နေရာယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဧပြီလ ၂၃ ရက်နေ့မှ ယခုမေလကုန်ပိုင်းအချိန်အထိ ပစ်ခတ်တိုက်ခိုက်မှုများ နေ့စဉ်လိုလို ဖြစ်ပွားနေဆဲဖြစ်သည့်အတွက် ရွာသားများ စစ်ဘေးတိမ်းရှောင်နေကြရပြီး မိုးဦးကာလ ရောက်လာပြီးဖြစ်သည့်အတွက် နေရာအခက်ခဲများနှင့် စားဝတ်နေရေး ခက်ခဲလာကြပြီးဟု စစ်ရှောင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

၎င်းက “ လယ်တွေလည်း မလုပ်နိုင်ကြသေးဘူး။ ရာဘာခြံလည်း ပစ်ထားရတယ်။ ညတိုင်းပစ်ခတ်မှုဖြစ်တော့ ခုထိအိမ်မပြန်ရဲကြသေးဘူး။ ရွာအောက်ဖက်မှာလည်း မြစ်ရေလျှံတက်လာတယ်။ ရွာထဲကိုပြန်ဖို့လည်း ပစ်ခတ် မှုဖြစ်တော့ ဘာမှလုပ်ကိုင်စားသောက်လို့ မပြေတော့ဘူးပေါ့နော်။ ဗမာစစ်တပ်က တက်လာရင်လည်း ပေါ်တာဖမ်းထုရိုက်ပြန်တော့ တစ်ရွာလုံးက ကြောက်လန့်နေကြပြီး ” ဟု ကေအိုင်စီသို့ ပြောသည်။

မိုးဦးကာလ ရောက်လာပြီဖြစ် သည့်အတွက် စစ်ရှောင်နေရာများတွင် စားဝတ်နေရေးနှင့် ကျန်းမာရေး အခက်ခဲများရှိလာပြီး မြစ်၊ ချောင်းရေများ လျှံတက်လာနိုင်မည့်အပေါ် ဘေးကင်းရာနေရာများတွင် ထပ်မံ ပြောင်းရွှေ့နေထိုင်ကြရသည်ဟု စစ်ရှောင်ဒေသခံများထံမှ သိရသည်။

ခလယ်-တံခွန်တိုင် တိုက်နယ်တွင် ဧပြီလ ၂၃ ရက်နေ့က စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ကျေးရွာအသီးသီးမှ ဒေသခံများ အခြားမြို့၊ ရွာများနှင့် လယ်၊ ဥယျာဉ်ခြံ တောတောင်များတွင် တစ်လကျော်ကြာလာသည့်အထိ စစ်ဘေးတိမ်းရှောင်နေကြရသည့်အတွက် စားဝတ်နေရေးခက်ခဲလာကြပြီး နည်းအမျိုးမျိုးဖြင့် နေ့စဉ်ပြည်ပသို့ ထွက်ခွာမှုများပြားလာလျက်ရှိသည်ဟုလည်း စစ်ရှောင်ကူညီသူများထံမှ သိရသည်။