Home သတင်း အရပ်သားအပေါ် ပစ်မှတ်ထား အကြမ်းဖက်တိုက်ခိုက်မှုများ အမြန်ဆုံးရပ်တန့်ရန် ND-Burma နှင့် KnHRG တောင်းဆို

အရပ်သားအပေါ် ပစ်မှတ်ထား အကြမ်းဖက်တိုက်ခိုက်မှုများ အမြန်ဆုံးရပ်တန့်ရန် ND-Burma နှင့် KnHRG တောင်းဆို

913

ဖေဖော်ဝါရီ ၉ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ကရင်နီ(ကယား)ပြည်နယ်တွင် စစ်အာဏာရှင်မှ လူသားမျိုးနွယ်စုအပေါ် ဆန့်ကျင်သည့် ပြစ်မှုများ၊ စစ်ရာဇဝတ်မှုများ ကျူးလွန်ချိုးဖောက်ပြီး အရပ်သားပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်သည့် အကြမ်းဖက်မှုများကို အမြန်ဆုံးရပ်တန့် ရန် လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်(ND-Burma)နှင့် ကရင်နီလူ့အခွင့်ရေးအဖွဲ့(KnHRG)တို့က ဖေဖော်ဝါရီလ ၉ရက်၊ ယနေ့တွင် အစီရင်ခံစာထုတ်ကာ တောင်းဆိုလိုက်သည်။

ကရင်နီ(ကယား)ပြည်နယ်တွင် အာဏာသိမ်း စစ်ကောင်စီတပ်များ၏ ကျူးလွန်နေသည့် လူ့အခွင့်အရေး ချိုးဖောက်မှု များနှင့်ပတ်သက်၍ စာမျက်နှာ ၂၂ မျက်နှာပါရှိသည့် “ကမ္ဘာကြီး သိပါစေ”ခေါင်းစဉ်ပါ အစီရင်ခံစာတစ်စောင်ကို အဆို ပါအဖွဲ့နှစ်ဖွဲ့က ပူးတွဲ ထုတ်ပြန်ထားခြင်းဖြစ်သည်။

အစီရင်ခံစာ၏ သတင်းထုတ်ပြန်ချက်ပါ တောင်းဆိုချက်မှာ လူ့အခွင့်အရေး စံချိန်စံညွှန်းအရ တောင်းဆိုချက်ဖြစ်ပြီး အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသည့် ဆိုးကျိုးရလာဒ်အားလုံးကို စစ်ကောင်စီမှ တာဝန်ခံသွားရမည်ကို ကြိုတင်သတိပေးသည့်အနေဖြင့် တောင်းဆိုခြင်းဖြစ်ကြောင်း ကရင်နီလူ့အခွင့်အရေး (KnHRG)အဖွဲ့မှ ကိုဗညားက ယခုလို ပြောသည်။

၎င်းက “ကျနော်တို့ရဲ့တွေ့ရှိချက်ပေါ် မူတည်ပြီး တောင်းဆိုခြင်းဖြစ်တယ်။ အဲဒီဟာကိုလည်း ကျနော်တို့ထပ်ပြီး မျှော် လင့်တာက ဒီကိစ္စတွေကို စစ်ကောင်စီကို ပြောထားပြီးသားဖြစ်တယ်။ ပြီးမှပဲ နောင်တစ်ချိန်ကျရင် ဖြစ်ထွန်းလာမယ့် အကျိုးခံစားမှုရလဒ် ဆိုးကျိုးအားလုံးကို စစ်ကောင်စီကနေ တာဝန်ခံကို ခံရမယ်ဆိုတဲ့ဟာကို အခုကတည်းက သူတို့ကို အသိပေးတဲ့ပုံစံဖြစ်ပါတယ်။”ဟု ကေအိုင်စီသို့ ပြောဆိုသည်။

မြန်မာပြည်ရှိ အသေးငယ်ဆုံးဖြစ်သည့် ကရင်နီ(ကယား)ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၂၁ခုနှစ် မေလမှစတင်၍ အာဏာ သိမ်းစစ်ကောင်စီတပ် ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် တိုက်ပွဲပြင်းထန်လာကာ ပြည်နယ်အတွင်းရှိ လူဦးရေ၏လေး ပုံတစ်ပုံမှာ မဖြစ်မနေ ပြောင်းရွေ့နေရခဲ့ရသည့်အပြင် ၂၀၂၁ခုနှစ် ဒီဇင်ဘာလ ၂၄ရက်၊ ခရစ္စမတ်အကြိုနေ့တွင်လည်း ဒေသခံရွာသား (၄၀)ခန့်ကို မော်တော်ယာဉ်ပေါ်တွင် စစ်ကောင်စီမှ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်သွားခဲ့သည့်အ တွက် အဆိုပါအရပ်သားအပေါ် ကျူးလွန်သည့်ရာဇဝတ်မှုများကို ကမ္ဘာရှိပြည်သူများသိရှိရန် လိုအပ်ကြောင်း အစီရင်ခံ စာ၌ ဖော်ပြထားသည်။

အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွင် သေဆုံးသွားသူ၏ မိသားစုဝင်တစ်ဦးက “စစ်သားတွေရဲ့လုပ်ရပ်က ဘာနဲ့မှနှိုင်း လို့မရဘူး။ လူစိတ်မရှိတော့ဘူး။ နှိုင်းစရာစကားလုံးတောင် မရှိတော့ဘူး။ သူတို့လုပ်ရပ်က ဥပဒေနဲ့မညီဘူး။ နိုင်ငံတ ကာက ကူညီပေးပါ။ မြန်မာပြည်ကြီးကို ကယ်တင်ပေးပါ။ ကျမတို့ကယားပြည်နယ်ကို ကယ်တင်ကြပါ။ သူတို့ရဲ့ ရက်စက်တဲ့လုပ်ရပ်ကို တစ်ခြားသူတွေသိအောင် ပြောပေးကြပါ။”ဟု ၎င်းအစီရင်ခံစာထဲတွင် ပြောဆိုထားသည်။

သေဆုံးသွားသူများ၏ ရုပ်ကြွင်းများအား စစ်ဆေးသည့်ဆရာဝန်များက “အခုလို သတ်ဖြတ်မှုဟာ အရက်စက်ဆုံးနဲ့ လူ မဆန်ဆုံး ဖြစ်တယ်။”ဟု ပြောဆိုခဲ့ကြောင်း အစီရင်ခံစာ၌ ဖော်ပြပါရှိသည်။

စစ်ကောင်စီက အရပ်သားအပေါ် ယင်းသို့ ကျူးလွန်မှုများကြောင့် ထောင်သောင်းချီသည့် ကရင်နီ(ကယား)ပြည်နယ်ရှိ ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင်ပြည်သူများသည် လူသားချင်းစာနာသည့် အကူအညီများ ဖြည့်ဆည်းပေးရ မည့်အစား ဒုက္ခသည်စခန်းများကို လေကြောင်းဖြင့်တိုက်ခိုက်ကာ ထပ်မံ ခြိမ်းခြောက်နေခြင်းသည် တရားဥပဒေစိုးမိုးမှု ကို လျစ်လျူရှု၊ အရေးမစိုက်ကြောင်း ပေါ်ထင်စွာ ပြသနေခြင်းဖြစ်သည်ဟု ပူးတွဲအစီရင်ခံစာက ဆိုသည်။

ထို့အပြင် စစ်အာဏာသိမ်းယူခဲ့သည့် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့မှစတင်၍ ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ (၁၆)ရက် အထိ စစ်အာဏာရှင်လက်ချက်နှင့် ကရင်နီပြည်နယ်တွင် အရပ်သားအယောက် (၂၀၀)နီးပါး သေဆုံးရကြောင်းလည်း အစီရင်ခံစာထဲတွင် ဖော်ပြထားသည်။

တိုက်ပွဲစဖြစ်ပွားသည့်ကတည်းက ကရင်နီပြည်နယ်တွင် လူဦးရေ (၁၇၀,၀၀၀) ထွက်ပြေးတိမ်းရှောင်ရသလို ယင်းသို့ အရပ်သား ထွက်ပြေးနေရခြင်းမှာ စစ်ကောင်စီ တပ်မ(၆၆) လက်အောက်ခံ ခမရ(၁၀၈)၏ အဓိကတာဝန်ဖြစ်သည့်အ ပြင် ထပ်မံဖြစ်ပွားသည့် တိုက်ပွဲကြောင့် အရပ်သား (၁၂၀,၀၀၀)သည် ဘာသာရေးအဆောက်အဦးနှင့် တောတောင်ထဲ တွင် တိမ်းရှောင်ခိုလှုံနေရသည်ဟုလည်း ထုတ်ပြန်ထားသည်။

ထိုသို့ ထွက်ပြေးနေရသည့်စစ်ရှောင်များအနက် အချို့မှာ အခြားမြို့များတွင် သွားရောက်တိမ်းရှောင်နေကြသလို တော တောင်ထဲတွင်တိမ်းရှောင်သူများ၊ တစ်ဖက်ထိုင်းနိုင်ငံဘက်တွင် ထွက်ပြေးတိမ်းရှောင်နေသူများရှိသည့်အတွက် ထိုင်း နိုင်ငံသို့ ရှောင်တိမ်းရောက်ရှိနေရသည့် စစ်ပြေးဒုက္ခသည်များကို ယာယီခိုလှုံခွင့်ပေးရန်နှင့် လူသားချင်း စာနာထောက် ထားမှုဆိုင်ရာ အကူအညီများ လွတ်လပ်စွာ ဆောင်ရွက်ခွင့်ပေးရန် ထိုင်းအစိုးရကိုလည်း အစီရင်ခံစာတွင် အကြံပြု တောင်းဆိုထားသည်။

ကရင်နီပြည်နယ်တွင် တိုက်ပွဲနေ့စဉ်နီးပါး ဖြစ်ပွားနေဆဲဖြစ်သည့်အပြင် တိုက်ပွဲဖြစ်ပွားသည့်နေရာမှာ မြို့ပြနှင့်နီးသည့် ပတ်ဝန်းကျင်နေရာများဖြစ်သည့်အတွက် ဒီမောဆိုမြို့မှာ လူမနေရဲတော့သည့် မြို့တစ်မြို့ဖြစ်သွားကာ ပြည်နယ်၏မြို့ တော်လွိုင်ကော်၌လည်း လူနေမရဲသည့်ရပ်ကွက်များရှိသေးကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့(KnHRG)အဖွဲ့ထံမှ သိရသည်။