ဖေဖော်ဝါရီလ ၂၁ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ဖေဖော်ဝါရီလ ၁ ရက်နေ့ တပ်မတော်အာဏာရယူပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဖွဲ့စည်းပြီးနောက်ပိုင်း ယနေ့အထိ မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီ -MPC အဖွဲ့ဝင် ၁၈ ဦးမှာ ၎င်းတို့ဆန္ဒအလျောက်အဖွဲ့ဝင်အဖြစ်မှ အသီးသီးနုတ် ထွက်သွားပြီဖြစ်သည်ဟု သိရသည်။
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီတွင် အဖွဲ့ဝင်စုစုပေါင်း ၂၆ ဦးရှိသည့်အနက် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ဦးနုတ်ထွက်ထားပြီး ယမန်နေ့ ၂ဝ ရက်နေ့အထိ ၃ ဦးထပ်မံနုတ်ထွက်စာတင်ထားသည်ဟု သိရသည်။
“ဖိအားပေးလို့နုတ်ထွက်တာတော့မဟုတ်ဘူး။ အာဏာသိမ်းပြီးနောက် ဆန္ဒပြမှုတွေနဲ့ပတ်သက်လို့ သတင်းသမားတွေ အဖမ်းခံရတာ၊ စောင့်ကြည့် ခံရတာ၊ စောင့်ကြည့်တယ်ဆိုတာ တမင်သိအောင်ပြောတာတို့ သွယ်ဝိုက်ပြော တာတို့ရှိတယ်။ မန္တလေးလို ကိစ္စမျိုးမှာ အရိုက်ခံရတာမျိုးတွေရှိတယ်။ အဲဒီလိုကိစ္စမျိုးတွေမှာ မီဒီယာကောင်စီက ဆက်သွယ်ပြီး ကာကွယ်ဆောင် ရွက်ပေးဖို့ မဖြစ်နိုင်တော့တဲ့သဘောမျိုးတွေ့ရတယ်။ အဆက်အသွယ် လမ်းကြောင်းမရှိတော့ဘူး။ ဘာတုံ့ပြန်မှုမှလည်းမရှိတော့ဘူး။ ဒီအခြေအနေ အောက်မှာ ကျနော်တို့ဆက်ရှိနေလည်း မီဒီယာနယ်ပယ်အတွက်လည်းဘာမှအ ကျိုးမရှိဘူးယူဆလို့ ကျနော်တို့နုတ်ထွက်ရခြင်းဖြစ်တယ်”ဟု မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင် ဟောင်းဖြစ်သူ ဦးမြင့်ကျော်က ပြောသည်။
ထို့အပြင် အာဏာသိမ်းပြီးနောက် မီဒီယာလွတ်လပ်ခွင့်ကို တိုက်ရိုက် ထိခိုက်လာစေနိုင်သည့် ဥပဒေများအား ပြင်ဆင်ဖြည့်စွက်မှုများရှိလာပြီး အဆိုပါဥပဒေများဖြင့် လတ်တလော မီဒီယာသမားများအား ဖမ်းဆီးအရေးယူ အပြစ်ပေးခံရမှုများမရှိသေးသော်လည်း နောင်တွင် အလားတူကိစ္စရပ်များဖြစ် ပေါ်လာနိုင်ဖွယ်ရှိကြောင်းလည်း ၎င်းကသုံးသပ်ပြောဆိုသည်။
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အဖွဲ့ဝင် ၂၆ ဦးရှိသည့်အနက် တွဲဖက် အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များဖြစ်သည့် ဦးမြင့်ကျော်၊ ဦးဇေယျာလှိုင်၊ ဒေါ်ဝေ မာသိမ့်၊ ဦးစောသာထူး(မောင်မောင်ဖောင်တိန်)တို့အပါအဝင် အဖွဲ့ဝင် ၁၈ဦး နုတ်ထွက်သွားသဖြင့် လက်ရှိအဖွဲ့ဝင် ၈ ဦးသာကျန်ရှိတော့သည်ဟု သိရသည်။
၂၀၁၂ ခုနှစ်တွင် သတင်းမီဒီယာကောင်စီ(ယာယီ)အဖြစ် စတင်ဖွဲ့စည်းခဲ့ပြီး သမ္မတဦးသိန်စိန် လက်ထက် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့တွင် လက်ရှိမြန်မာနိုင်ငံသတင်းမီဒီယာကောင်စီကို အဖွဲ့ဝင် ၂၄ ဦး၊ ၂၀၁၈ ခုနှစ်မှ ယနေ့အထိ မီဒီယာကောင်စီအဖွဲ့ဝင် ၂၆ ဦးဖြင့်ပြန်လည်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။