ဇွန် ၈ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ စောရှား
အခြေခံပညာကျောင်းများ ဖွင့်လှစ်ချိန်တွင် Covid-19 ရောဂါ ကာကွယ်နိုင်ရန်အတွက် ကရင်ပြည်နယ်ရှိ ကျောင်းများ၌ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေကြပြီဟု သက်ဆိုင်ရာ ကျောင်းအုပ်များက ကေအိုင်စီသို့ ပြောသည်။
ပြည်နယ်ပညာရေးမှူးရုံးထံမှလည်း Covid-19 ကာကွယ်ရေးအတွက် ကျောင်းသား၊ မိဘ၊ ဆရာများ သိရှိလိုက်နာရန်ဗီနိုင်း ပိုစတာများထုတ်ထားပြီဖြစ်ကြောင်း ကြာအင်းဆိပ်ကြီးမြို့နယ်၊ အ.ထ.က(ခွဲ) ကျုံခဝန် ကျောင်းအုပ်ဆရာကြီး စောဉာဏ် ထူးက ပြောသည်။
“လက်ဆေးခွက်တွေတင်ဖို့ စင်လုပ်နေပြီ။ ပြီးရင် ပိုက်သွယ်တာတွေဆက်လုပ်မယ်။ ဌာနက လက်ဆေးရည်တွေ၊ Mask တွေပေးလိမ့်မယ်။ မိဘပြည်သူတွေက တခြားဆက်စပ်လိုအပ်ချက်တွေ ဖြည့်ဆည်းပေးပါမယ်။”ဟု ကေအိုင်စီသို့ ယနေ့ (ဇူလိုင် ၃ ရက်)တွင် ပြောသည်။
Social distancing စနစ်ဖြင့် ကရင်ပြည်နယ်ရှိ အထက်တန်းအဆင့်(နဝမတန်းနှင့် ဒဿမတန်း) ကျောင်းများ အားလုံးကို ယခု ဇူလိုင်လ ၂၁ ရက်တွင် စတင်ဖွင့်လှစ်သွားမည်ဟု ပြည်နယ်ပညာရေးမှူးရုံးက ပြောဆိုထားပြီး ထိုသို့ သင်ကြားနိုင်ရန် ကျောင်းသားများပြီး ကျောင်း၊ စာသင်ခန်း၊ ပရိဘောဂနည်းသော ကျောင်းများတွင် ဝန်ထုပ်ဝန်ပိုး၊ စိန်ခေါ်မှုများရှိမည်ဖြစ် ကြောင်း ကျောင်းအုပ်များမှ သုံးသပ်ပြောဆိုသည်။
အ.ထ.က(၁)၊ ဖားအံ ကျောင်းအုပ်ဆရာကြီး မင်းကျော်ဉာဏ်ခိုင်ကလည်း “ဘေစင်တွေ တပ်ထားတယ်။ ခုံအလုံး ၂ဝ စီ စီထားတယ်။ ကလေးကျောင်းကို ဘယ်လိုဝင်မလဲ။ ဘယ်လိုလက်ဆေးမလဲဆိုတဲ့ ပြောပြပွဲလည်းရှိတယ် မနက်ဖြန်။” ဟု ကေအိုင်စီသို့ ယနေ့ ပြောသည်။
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ပညာသင်နှစ် အခြေခံပညာ ကျောင်းများဖွင့်လှစ် နိုင်ရေး ဆောင်ရွက်ရမည့်လုပ်ငန်းအစီအစဉ်အတိုင်း ဆောင်ရွက်နေကြောင်း ပြည်နယ် ပညာရေးမှူးရုံးထံမှ သိရသည်။
ကရင်ပြည်နယ်ရှိ ကျောင်းများဖွင့်လှစ်သင်ကြားသည့်အခါ ကျောင်းသူ၊ ကျောင်းသား၊ ဆရာ၊ ဆရာမများ အနေဖြင့် တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာနေကာ လူဦးရေအလိုက် အချိန်ခွဲ သင်ကြားသွားနိုင်ရန် စီစဉ်ထားကြောင်း ပြည်နယ် ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဦးစိုးဝင်းက ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် အထက်တန်းအဆင့် ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ဇူလိုင်လ ၁၃ ရက်မှ ၁၇ ရက်နေ့အထိ သတ်မှတ် ထားပြီး အခြေခံပညာအထက်တန်းအဆင့်များ ဖွင့်လှစ်သည့် ဇူလိုင်လ ၂၁ ရက်နေ့နောက်ပိုင်း COVID-19 ရောဂါ ပြန့်ပွား ကူးစက်မှု အခြေအနေအရ အလယ်တန်းနှင့်မူလတန်းအဆင့်များကို တစ်ဆင့်ချင်းစီ ဖွင့်လှစ်နိုင်ရေး ဆက်လက်အ ကြောင်းကြား သွားမည်ဟုလည်း အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားထားသည်။



















