နိုဝင်ဘာ ၁၈ရက်၊ ၂၀၁၉ ခုနှစ်။ စောထွန်းလင်း
လက်ရှိ အပစ်ရပ်ကာလအတွင်း ဒေသခံရွာသားများ အနေဖြင့် တရားမျှတမှုအတွက် လက်လှမ်းမှီရန် အလှမ်း ကွာဝေးနေဆဲဟု ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) က နိုဝင်ဘာ ၁၅ ရက်တွင် ထုတ်ပြန်သည့် ‘လက်လှမ်း မမှီနိုင်သေးသော အမှန်တရားများ’ အစီရင်ခံစာတွင် ထောက်ပြထားသည်။
အဆိုပါ အစီရင်ခံစာသည် မြန်မာပြည် အရှေ့တောင်ပိုင်းဒေသရှိ ဒေသခံများ၏ ငြိမ်းချမ်းရေး၊ တရားမျှတမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုအပေါ် အမြင်သဘောထားများကို အများသိရှိရန်နိုင်ရန် ရည်ရွယ်ထုတ်ပြန်ခြင်း ဖြစ် သည်ဟု KHRG ကပြောသည်။
ထို့အပြင် ၂၀၁၂ ပဏာမ အပစ်ရပ်ပြီးနောက်ပိုင်း တိုက်ပွဲများ လျော့နည်းသွားသော်လည်း လူ့အခွင့်အရေး ချိုး ဖောက်မှု ပုံစံသစ်များဖြစ်သည့် မြေယာသိမ်းယူခြင်း၊ စီးပွားရေးလုပ်ငန်းများကြောင့် ထိခိုက်ခံရမှု စသည့် ပုံစံ မျိုးစုံဖြင့် ဒေသခံများ ကြုံတွေ့နေရသည်။ ထို့အတွက် တရားမျှတမှုရရှိရန် အလှမ်းကွာဝေးဆဲ အခြေအနေ ဖြစ်နေသည်ဟု KHRG အဖွဲ့၏ ညွှန်ကြားရေးမှူး နော်ထူးထူးက ကေအိုင်စီသို့ ပြောသည်။
၎င်းက“လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့ ပြည်သူတွေက တရားမျှတမှုကို လိုချင်ကြတယ်။ သူတို့ တရားရုံးမှာ တိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ လက်နက်ကိုင်ကို ကြောက်ရတယ်။ ကေအဲန်ယူ- ကရင်အမျိုးသား အစည်းအရုံး ရော၊ မြန်မာအစိုးရရော ကျမတို့ ပြောချင်တာက တရားရုံးကိုသွားဖို့ ပြည်သူတွေက ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲ အားလုံးကို ရင်ဆိုင်ဖြေရှင်းပေးဖို့၊ တရားစီရင်ရေးစနစ်မှာလည်း ဘက်လိုက်မှုမရှိဘဲ လွတ်လပ်ပြီး တရားမျှတတဲ့ စနစ်ကို ဖော်ဆောင်ပေးဖို့ တိုက်တွန်းချင်ပါတယ်” ဟု နိုဝင်ဘာ ၁၅ ရက်နေ့တွင် ပြောသည်။
ထို့အပြင် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှု စာချုပ်များကို သဘောတူလက်မှတ်ထိုးထားသည့် အဖွဲ့ဝင်နိုင်ငံဖြစ်သည့်အတွက် လေးစားကာကွယ်ဖြည့်ဆည်းပေးရန်၊ မြန်မာပြည်အရှေ့ပိုင်းဒေသများအတွင်း ညမထွက်ရအမိန့်ချပြီး ဒေသခံများ ခရီးသွားလာမှုကိုကန့်သတ်ခြင်း၊ ရွာသားများနေထိုင်ရာအနီးတွင် စစ်ရေးလေ့ကျင့်နေမှု၊ စစ်ရေးလှုပ်ရှားမှုများကို ရပ်တန့်ရန်နှင့် ရွာသားများ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများအတွက် ရိ်ုးရှင်းသည့် လွတ်လပ်ပြီးတရားမျှတသည့် တရားစီရင်ရေးယန္တရား ဖော်ဆောင်ပေးရန် အစီရင်ခံစာတွင် တိုက်တွန်းထားသည်။
အဆိုပါ အစီရင်ခံစာအတွက် အချက်အလက်ကောက်ယူခြင်းကို ၂၀၁၈ နိုဝင်ဘာမှ ၂၀၁၉ ဧပြီအထိ ကွင်းဆင်း ပြုလုပ်ခဲ့ပြီး ဒေသခံ ၁၅ဝ ဦးခန့်ကို တွေ့ဆုံကာ ယင်းထဲတွင် အမျိုးသမီး ၃၆ ဦးပါဝင်သည်ဟု KHRG က ပြော သည်။ ထို့အပြင် အစီရင်ခံစာပြုစုရာတွင် ၂၀၁၅ အောက်တိုဘာမှ ၂၀၁၉ ဧပြီအထိ KHRG က ပြုစုထားသည့် မှတ်တမ်းများကို သုံးသပ်ပြုစု ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း၊ အစီရင်ခံစာ တစ်ခုလုံးကို KHRG ဝက်ဘ်ဆိုဒ်တွင် ဝင်ရောက် ဖတ်ရှုနိုင်သည်ဟု တာဝန်ရှိသူများက ပြောသည်။