Home သတင်း လူကုန်ကူးအဖွဲ့နှင့် ဗီဇာအတု လုပ်‌ပေးသူများကို နှစ်နိုင်ငံပူး‌ပေါင်းအ‌ရေးယူလိုဟု မြဝတီလူကုန်ကူးမှု တားဆီးနှိမ်နင်း‌ရေးအဖွဲ့‌ပြော

လူကုန်ကူးအဖွဲ့နှင့် ဗီဇာအတု လုပ်‌ပေးသူများကို နှစ်နိုင်ငံပူး‌ပေါင်းအ‌ရေးယူလိုဟု မြဝတီလူကုန်ကူးမှု တားဆီးနှိမ်နင်း‌ရေးအဖွဲ့‌ပြော

3092

ဇွန်လ ၂၁ ရက်၊ ၂ဝ၁၉ ခုနှစ်။ ‌နေ‌နော်

ထိုင်းနိုင်ငံအတွင်း တရားမဝင် အလုပ်သမားများ ‌လျှော့‌ပေါ့‌ရေးအတွက် လူကုန်ကူးသူလူပွဲစားများနှင့် သွား‌ရောက်အလုပ်လုပ်ကိုင်နိုင်ရန် ပတ်စပို့စ်ဗီဇာအတု ပြုလုပ်‌ပေးသူများကို နှစ်နိုင်ငံပူး‌ပေါင်း‌ဆောင် ရွက်ပြီး ဖမ်းဆီးအ‌ရေးယူမှုများ ‌ဆောင်ရွက်‌စေလို‌ကြောင်း ကရင်ပြည်နယ်၊ မြဝတီခရိုင် လူကုန်ကူးမှု တားဆီးနှိမ်နင်း‌ရေးအဖွဲ့ ဒုရဲမှူး ရဲဝင်း‌အောင်က ‌ပြောဆိုလိုက်သည်။

မြဝတီမြို့ ၊ အမှတ် ၄ ရပ်ကွက် မြစန္ဒီပန်းခြံရှိ City Home အစည်းအ‌ဝေးခန်းမ၌ ဇွန်လ၂ဝ ရက်(ယမန်‌နေ့) က ပြုလုပ်သည့် (၇)ကြိမ်‌မြောက် မြန်မာ-ထိုင်းနှစ်နိုင်ငံ မြဝတီ- မဲ‌ဆောက် လူကုန်ကူးမှုတိုက်ဖျက်‌ရေးဆိုင်ရာ အစည်းအ‌ဝေးတွင် ဒုရဲမှူးက ထိုသို့ ‌ပြောဆိုလိုက်ဖြင်းဖြစ်သည်။

ဒုရဲမှူး ရဲ‌နေဝင်း‌အောင်က “ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်‌ရောက်လုပ်ကိုင်‌နေသူများအား ဖမ်းဆီး ‌ထောင်ချ မှုများရှိ‌နေ၍ တရားမဝင်အလုပ်‌စေခိုင်းသူ အလုပ်ရှင်များကိုလည်း ဥပ‌ဒေအရ အ‌ရေးယူ‌ပေး‌စေလိုပါတယ်။ သို့မှသာ တရားမဝင် အလုပ်သမားများခိုင်း‌စေမှု ‌လျှော့‌ပေါ့သွားပြီး လူကုန်ကူးသူ လူပွဲစားများနှင့် လိမ်လည်ပြီး ဗီဇာအတုပြုလုပ်‌ပေးသူများကို နှစ်နိုင်ငံပူး‌ပေါင်း‌ဆောင်ရွက်ကာ ဖမ်းဆီးအ‌ရေးယူမှုများ ‌ဆောင်ရွက်လိုတယ်” ဟု ‌ပြောကြားသည်။

ထို့အပြင် နှစ်နိုင်ငံ သ‌ဘောတူစာချုပ်-MoU စနစ်ဖြင့် သွား‌ရောက်လုပ်ကိုင်‌နေ‌သော်လည်း အလုပ်မရဘဲပြန်လည်‌ရောက်ရှိမှုများနှင့် လုပ်ခလစာမရရှိမှု ဖြစ်‌ပေါ်‌နေသည်ကို ကြားသိ‌နေရသဖြင့် ထိုကိစ္စရပ်များကိုလည်း ထိုင်းနိုင်ငံ ဘက်ခြမ်းမှ စုံစမ်း စစ်‌ဆေးမှုများ ‌ဆောင်ရွက်‌စေလို‌ကြောင်းလည်း ဒုရဲမှူး ရဲ‌နေဝင်း‌အောင်က ဖြည့်စွက်‌ပြောဆိုသည်။

အဆိုပါ ‌ပြောဆိုမှုအ‌ပေါ် ထိုင်းဘက်ခြမ်းမှ တက်‌ရောက်လာ‌သော ကိုယ်စားလှယ်များက ထိုင်းလူကုန်ကူးမှု တိုက်ဖျက်‌ရေးအဖွဲ့အ‌နေဖြင့် လူကုန်ကူးခံရသူများကို ကယ်ဆယ်ရန်နှင့် ဌာ‌နေသို့ ပြန်လည်ပို့‌ဆောင်‌ရေးသာ အဓိက ရည်ရွယ်‌ကြောင်း၊ ၎င်းတို့အ‌နေဖြင့် ထိုင်းနိုင်ငံ DSI (The Department of Special Investi gation),INGOs အစရှိသည့်အဖွဲ့များနှင့်ပူး‌ပေါင်းပြီး ‌ဆောင်ရွက်‌ကြောင်း၊ ယမန်နှစ်က ထိုင်းနိုင်ငံအတွင်း ပတ်စပို့စ်ဗီဇာအတု ပြုလုပ်သူများကိုလည်း ဖမ်းဆီးအ‌ရေးယူမှုများ ‌ဆောင်ရွက်ခဲ့‌ကြောင်း ပြန်လည် ရှင်း လင်း‌ပြောကြားခဲ့သည်။

ထိုင်းအလုပ်အကိုင် ရှာ‌ဖွေ‌ရေးဌာနမှ Mr.Kriwut Tantikaedက “မြန်မာနိုင်ငံမှ MOU စနစ်ဖြင့် ထိုင်းမှာ လာ‌ရောက်လုပ်ကိုင်သူ‌တွေအ‌နေနဲ့က လုပ်ငန်းစဉ်အဆင့်ဆင့်ကို ‌ဆောင်ရွက်ပြီးစီး၍ ထိုင်းနိုင်ငံအတွင်း စာချုပ်ပါအတိုင်း အလုပ်အကိုင်မရရှိပါက ရက် ၃ဝအတွင်း သူ‌ဌေး‌ပြောင်းဖို့ လိုအပ်ပါတယ်။ ထိုရက်၃ဝ အတွင်း သူ‌ဌေးမ‌ပြောင်းနိုင်ပါက မြန်မာနိုင်ငံကို ပြန်ပြီး ထိုင်းသို့ အသစ်ပြန်လည်ဝင်‌ရောက်ရမှာဖြစ်ပါတယ်။ မြန်မာ‌ရွှေ့‌ပြောင်းလုပ်သားများအ‌နေဖြင့် အခက်အခဲရှိပါက ထိုင်းနိုင်ငံရှိ လူသားဖွံ့ဖြိုးတိုးတက်‌ရေးနှင့်လုံခြုံ‌ရေးဆိုင်ရာဌာနသို့ အကူအညီ‌တောင်းခံနိုင်ပါတယ်။”ဟု အစည်းအ‌ဝေးတွင် ‌ပြောသည်။

မြန်မာ-ထိုင်း နယ်စပ်တ‌လျှောက် လူကုန်ကူးမှု‌လျော့နည်း လာ‌စေ‌ရေးအတွက် ပြုလုပ်သည့် ထို(၇) ကြိမ်‌မြောက် လူကုန်ကူးမှု တိုက်ဖျက်‌ရေးဆိုင်ရာ အစည်းအ‌ဝေးသို့ မြန်မာဘက်မှ မြဝတီခရိုင် လူကုန်ကူးမှု တိုက် ဖျက်‌ရေးဆိုင်ရာ ဥက္ကဌ ခရိုင်ရဲတပ်ဖွဲမှူး ဒုတိယရဲမှူး ကြီးမျိုးသန့်၊ မြဝတီခရိုင် လူကုန်ုကူးမှု တားဆီးနှိမ်နင်း‌ရေးတပ်ဖွဲ့ ဒုရဲမှူး ရဲ‌နေဝင်း‌အောင်တို့ ဦး‌ဆောင်သည့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ထိုင်းနိုင်ငံဘက်မှ တာ့ခ်ခရိုုင် လူကုန်ကူးမှု တိုက်ဖျက်‌ရေးဆိုင်ရာ ဥက္ကဌ Mr.Chutadech meejan တို့ ဦး‌ဆောင်သည့် သက်ဆိုင်ရာ တာဝန်ရှိသူများအပါအဝင် နှစ်နိုင်ငံ တာဝန်ရှိသူ စုစု‌ပေါင်း ၅ဝဦးခန့် တက်‌ရောက်ခဲ့ကြသည်။

အဆိုပါ အစည်းအ‌ဝေးတွင် နှစ်နိုင်ငံကြား ဖြစ်‌ပေါ်‌နေသည့် လူကုန်ကူးမှုဆိုင်ရာနှင့်ပတ်သက်၍ အားသာ ချက် အားနည်းချက်၊ လက်ရှိကြုံ‌တွေ့‌နေရ‌သော အ‌ခြေအ‌နေများ၊ မြန်မာဘက်မှ အကူအညီ ‌တောင်းခံထား သည့် ကိစ္စနှင့်စပ်လျဉ်း၍‌နောက်ဆုံးအ‌ခြေအ‌နေများ သိရှိရန်အတွက် နှစ်နိုင်ငံ တာဝန်ရှိသူများက အပြန် အလှန်‌ဆွေး‌နွေးခဲ့ကြပြီး နယ်စပ်ဖြတ်‌ကျော် လူကုန်ကူးလုပ်ငန်း‌ဆောင်ရွက်သည့်တရားခံများအား နှစ်နိုင်ငံပူး‌ပေါင်းဖမ်းဆီး‌ရေးနှင့် ဖမ်းဆီးရမိသည့် တရားခံများအားလွှဲ‌ပြောင်း‌ပေး‌ရေး အပါအဝင် လူကုန် ကူးခြင်းခံရသူများအား ပြန်လည်ပို့‌ဆောင်‌ပေး‌ရေးတို့ကို အပြန်အလှန် ‌ဆွေး‌နွေးခဲ့ ကြသည်ဟု သိရသည်။

ထိုင်းနိုင်ငံတွင် ၂၀၁၆ ခုနှစ်အတွင်း လူကုန်ကူးခံရသူ ၈၆ ဦး၊ ၂၀၁၇ ခုနှစ်တွင် ၈၇ ဦး၊ ၂၀၁၈ခုနှစ်တွင် ၁၀၆ ဦးနှင့် ၂၀၁၉ ခုနှစ်၊ ဇွန်လထိ ၄၅ ဦးတို့ကို ကယ်တင်၍ မြန်မာဘက်ခြမ်းသို့ ပြန်လည်ပို့‌ဆောင်ခဲ့သည် ဟု ထိုင်းဘက်ခြမ်းမှ တက်‌ရောက်လာ‌သော ကိုယ်စားလှယ်များဘက်က တင်ပြချက်အရ သိရသည်။