နန်းဖော့ဂေ
(ဖေဖော်ဝါရီ၊ ၂၀၁၉)
နေ့တစ်နေ့ …
မေ့မေ့ပျောက်ပျောက် မရှိလောက်ခဲ့ပါဘူး။ တစ်ယောက်ယောက်က တမ်းတရွတ်ဆိုမိလေတိုင်း ဆယ့်တစ်နှစ်အကြာကာလက မြင်တွေ့ခဲ့တာတွေကို ပြန်မြင်ယောင်မိတာ အခါခါပါ။
ဒါက အတီးမန်းရှာလို့ ကျမတို့ တရင်းတနှီး ကျွမ်းဝင်လေးစား ခေါ်ဝေါ်ခဲ့တဲ့ ကရင့်အာဇာနည်ခေါင်းဆောင်တစ်ဦးရဲ့ ကျဆုံး နေ့ရက်လေးပါ။ သူဟာ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးရဲ့ အထွေထွေအတွင်းရေးမှူးဟောင်းတစ်ဦးပါပဲ။
ချစ်သူများနေ့ရဲ့ ညနေခင်းတစ်ခု။
ကျမအတွက် ထင်မှတ်မထားတဲ့ ဖုန်းခေါလ်။ ခေါင်းနဘမ်းကြီးသွားမိတဲ့ သတင်းစကား။ ဒါလား သတင်းသမားအတွက် ထူးခြား ပြီး ဦးဦးဖျားဖျား ဖြစ်စေခဲ့တာ။
အဲဒီနေ့ရဲ့ နေသာသာ ညနေခင်းလေးမှာ ကြယ်ကော၊ လပါ ကြွေကျပျက်စီး သောကမီးဝေတဲ့သကာလ။ ချစ်ခင်သူများကို ကွေကွင်းစေသလား ထင်မှားခဲ့ရတဲ့ ၂၀၀၈၊ ဖေဖော်ဝါရီ ၁၄ရက်ညနေ။
ချစ်သူများနေ့အတွက် နှင်းဆီပန်းခြင်းအစား အဆိပ်ပြင်းပြင်း သစ်သီးတစ်ခြင်းကို ညနေခင်းမှာ သယ်ဆောင်လာတဲ့ သေနတ် သမားတွေ။
ညနေစာစားအပြီး အပေါ်ထပ်တက် အပြင်လှေခါးထိပ်က ကုလားထိုင်မှာ ပန်းသီးလေးစိပ်ပြီး လှေခါးဘက်မျက်နှာမူလျက် ထိုင်နေတဲ့ ဖထီး။
“ဟာလဲအဂေ”ဆိုတဲ့ ကောင်းသောညနေခင်း နှုတ်ဆက်သံနဲ့အတူ မရှေးမနှောင်း ထွက်လာတဲ့ ရင်ဝမှန်သော သေနတ်သံ။
သစ်သီးခြင်းကိုင်တဲ့ ပထမသေနတ်သမားရဲ့ ပစ်လိုက်တဲ့ ကျည်ဆံ။ ဒုတိယသေနတ်သမားရဲ့ ဆင့်ကဲ ပစ်လိုက်တဲ့ ကျည်ဆံ နှစ်တောင့်။
မှောက်လျက် လဲမကျသွားပေမယ့် ရင်ဝနဲ့ ဝမ်းဗိုက်တွေမှာ ၃ချက် ဆက်တိုက် သေနတ်ထိမှန်သူအဖို့ အသက်ရှင်ရိုး ထုံးစံ မရှိတော့ ကုလားထိုင်မှာတင်ပဲ ဘယ်ဖက်ကို ခေါင်းစောင်းကာ ထိုင်လျက် ကျဆုံးသွားခဲ့ရတယ်။
တကယ်တော့ ဒါတွေဟာ ရုပ်ရှင်ဇာတ်လမ်းမဟုတ်သော နိုင်ငံရေးလုပ်ကြံမှု ဇာတ်လမ်းမှန် အဖြစ်အပျက်ပါ။
သတင်းစကား ကြားကြားချင်း မကြာမတင်လေး ရောက်ရှိသွားချိန် လှေခါးရင်းကနေ အပေါ်ထပ်တက်ဖို့ ရုံးသူတစ်ဦးကို အသိပေးပြီး တက်သွားခဲ့လိုက်တယ်။
အပေါ်ထပ်တက်တဲ့ အပြင်လှေခါးထစ်အဆုံးမှာ ရှေ့တည့်တည့်က နောက်မှီခုံသား ပဲ့ထွက်နေတဲ့ ကော်ကုလားထိုင်နဲ့ အောက် က သွေးအိုင်တစ်ကွက်ကို တအံ့တဩ တွေ့မိတာနဲ့အတူ မှတ်တမ်းဓာတ်ပုံလည်း ရိုက်ယူခဲ့တယ်။
ကုလားထိုင်ကိုကျော် ဧည့်ခန်းထဲ ယာဘက်လှည့်အဝင် လှမ်းမြင်လိုက်တာက ပက်လက်အနေအထားနဲ့ သစ်သားစားပွဲရှည်ပေါ် တင်ထားတဲ့ ဖထီးမန်းရှာရဲ့ဝိညာဉ်မဲ့ ရုပ်ခန္ဓာရယ် …
ခြေရင်းနား အခန်းထောင့်မှာ ခလေးငယ်ပမာ ယူကြုံးမရ ချုံးပွဲချ ငိုကြွေးနေတဲ့ ဖထီးရဲ့တပည့်ရင်းချာလူငယ် စောအဲ့မူးရယ်။
ဧည့်ခန်းစားပွဲကုလားထိုင် အနောက်နားက ခုံပုလေးမှာ မျက်လုံးလေး ပေကလပ်၊ ငိုရ တည်ရခက်တဲ့ မျက်နှာနဲ့ ခံစားချက်မဲ့ ယူကြုံးမရဖြစ်နေတဲ့ ဖထီးမန်းရှာတို့ ဇနီးမောင်နှံနဲ့ တောက်လျှောက် မခွဲခွာစတမ်း နေထိုင်လာခဲ့သူ ဖီးသူး။ (သူမဟာ ဖထီးမန်း ရှာ ဝတ်ဆင်တဲ့ ကရင်အကျင်္ီတွေကို ကိုယ်တိုင် ဂျပ်ခုတ်ရက်လုပ်ပေးခဲ့သူပါ။)
ကုတင်ပေါ်လဲလျောင်းနေတဲ့ ဝိညာဉ်မဲ့ ဖထီးရဲ့ဆန့်တန်းနေတဲ့ လက်နှစ်ဖက်။ ဘယ်ဖက်လက်ဖက်တွေက တစ်စက်ချင်း ကျနေသေးတဲ့ သွေးစက်တွေကိုကြည့်ရင်း ဖထီးရဲ့နဖူးကို လက်ဖမိုးနဲ့ အသာထိကပ်ကြည့်တော့ နွေးထွေးနေသေးတဲ့ အထိ အတွေ့ကို ခံစားမိလိုက်တဲ့အခိုက် …
ဝါးနဲ့ ပလိုင်းရက်လုပ်တာတွေ၊ သစ်သားနဲ့ ကုလားထိုင်၊ စားပွဲလုပ်တာတွေ ဝါသနာကြီးသလို ကျွမ်းကျင်မှုလည်းရှိသူ။ ကိုယ်တိုင် ထွင်းထုပြုလုပ်ထားတဲ့ သစ်သားစားပွဲပေါ်မှာ သူ့ရဲ့အသက်မဲ့ခန္ဓာ မှေးစက်သွားခဲ့တဲ့ ချစ်တဲ့သူများနေ့ရဲ့ မုန်းမာန်ပွား လုပ်ကြံ ထားခဲ့တဲ့ ညနေခင်းမြင်ကွင်း …
အင်း … ဆယ့်တစ်နှစ်တောင် ပြည့်လွန်လာပါပကော။
ပဒိုမန်းရှာလားဖန်း ရုံးနေအိမ်ထဲ ပစ်သတ်လုပ်ကြံခံရတဲ့သတင်း။
အဲဒီညနေခင်းရဲ့ နေအလင်း ညိုဆင်းလာတဲ့အချိန်။ အခင်းဖြစ်နေအိမ်ရဲ့ အပေါ်ထပ်ဧည့်ခန်းထဲမှာ နယ်စပ်အခြေစိုက် သတင်း သမားတွေရဲ့ ကင်မရာရိုက်ချက်တွေက တဖျပ်ဖျပ်။ အခြားကေအဲန်ယူခေါင်းဆောင်တွေနဲ့အတူ NLD-LA အပါအဝင် အတိုက်အခံ ဒီမိုကရေစီအင်အားစု စတဲ့ နီးစပ်ရာ ကျန် မဟာမိတ်အဖွဲ့၊ တပ်ပေါင်းစုအဖွဲ့တွေက ခေါင်းဆောင်အချို့ လုပ်ကြံ ခံရတဲ့ နေအိမ်ကို ရောက်ရှိလာကြချိန်မှာ ထိုင်းရဲတပ်ဖွဲ့၊ ထိုင်းထောက်လှမ်းရေးအဖွဲ့တွေနဲ့ ဆေးရုံဝန်ထမ်းတွေကလည်း အလုပ် ရှုတ်နေကြပါတယ်။
“အဖြစ်ဆိုးလှချည်လား ဆရာရယ်…” ဆိုပြီး နံရံကို လက်သီးနဲ့ထိုး အံကြိတ် ခံပြင်း မျက်ဝန်းတွင်း မျက်ရည်ပြည့်လျှံနေတဲ့ ကဗျာဆရာ မောင်လွမ်းဏီ။
BBC လန်ဒန်က တိုက်ရိုက်မေးလာတာကို သိသလောက် ဖြေပေးလိုက်ရတဲ့အချိန် ကိုယ်က ဘုမသိ ဘမသိ သတင်းအရင်းအ မြစ် ဖြစ်ခဲ့ရ …
တဖန် အခြားမြင်ကွင်းတစ်ခုက ဖထီးမန်းရှာရဲ့ စာဖတ်စားပွဲအနီးက ဝါးကုလားထိုင်လေးပေါ်ထိုင်ပြီး ကြေကွဲဝမ်းနည်းစွာ ခလေး ပမာ တမ်းတပူဆွေး ရှိုက်ငိုနေတဲ့ ထိုစဉ်က သရာမူနော်စီဖိုးရာစိန် …
အခင်းဖြစ်စဉ် ညနေမှာ ကျဆုံးသူရဲ့ အိပ်ခန်းတွင်း စားပွဲပေါ်က ပြန့်ကျဲနေတဲ့ ထုတ်ပြန်ကြေညာချက်တွေ၊ စာရွက်စာတမ်းတွေ၊
စာဖတ်ကွပ်ပျစ်စားပွဲထက် ဖတ်လက်စ စာအုပ်တွေ၊ စားပွဲပေါ်က ပန်းအိုးထဲမှာထိုးထားတဲ့ မန်းရှာရဲ့ချစ်ဇနီးရဲမေ နမ့်ကျင်ရွှေ ကြိုက်နှစ်သက်တဲ့ သနပ်ခါးပန်းတွေဟာ သခင်မဲ့စွာ နွမ်းခြောက်လို့ နေပါတယ်။
အင်း … ဆယ့်တစ်နှစ်တောင် ပြည့်လွန်လာပါပကောလား။
မန်းရှာလို ကြယ်တွေ တစ်ပွင့်ပြီးတစ်ပွင့် …
မန်းရှာလို လမင်းတွေ တစ်စင်းပြီးတစ်စင်း …
လင်းလက် တောက်ပခြင်းတွေ ဆက်လက် တည်ရှိနေစေချင်ပေမယ့် ကျမတို့ကရင်လူမျိုးတွေအတွက် မန်းရှာလားဖန်းလို၊ စောဘဦးကြီးလို ကြွေလွှင့်မှုမျိုးတွေ ဆက်ပြီး မဖြစ်စေချင်တော့ပါဘူး။
ဒါ မေ့မေ့ပျောက်ပျောက် မရှိလောက်ခဲ့တဲ့ ထိုင်း-မြန်မာနယ်စပ်က ၂၀၀၈ ကမ္ဘာ့ချစ်သူများရဲ့နေ့လေးတစ်နေ့ပါပဲ။