နိုဝင်ဘာ ၂၆ရက်၊ ၂၀၁၈ခုနှစ်။ စအိုင်ဆူး
KNU-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေများတွင် နယ်လှည့်၍ မျက်စိဝေဒနာရှင်များအား လိုက်လံ ခွဲစိတ်ကုသပေး နေသည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ဗဟိုဆေးဋ္ဌာနအနေဖြင့် ဒေသခံ ၁၀၀၀ကျော်ကို မျက်စိ ခွဲစိတ် ကုသပေးခဲ့ပြီးဖြစ်ကြောင်း ဦးဆောင် ခွဲစိတ်ပေးသူ ဒေါက်တာစောနေဆဲက ကေအိုင်စီသို့ ပြောသည်။
လက်ရှိ တောင်ငူခရိုင်၊ ထန်းတပင်မြို့တွင် ကုသပေးလျှက်ရှိသည့် ဒေါက်တာစောနေဆဲက “ဒီနှစ် ၂၀၁၈ခုနှစ်အတွင်း ကျနော် ခွဲ ပေးထားတာ ၁,၀၁၅ယောက်လောက်ရှိပြီး။ KNU ခရိုင် (၇)ခုစလုံးပေါ့။ ဘိတ်-ထားဝယ်ခရိုင်ကနေ စတာပေါ့။ အဲ့ကနေ ကျန်တဲ့ ဒူးပလာယာ၊ ဖားအံခရိုင် ဆက်သွားတယ်။ ပြီးတော့ ဌာနချုပ်မှာလည်း ခွဲတယ်။ အခု အောက်တိုဘာလကစပြီး သထုံ၊ တောင်ငူ၊ ညောင်လေးပင်ပေါ့။ မျက်မှန်တပ်ပေးတာလည်း ၉,၀၀ဝနီးပါးကို ပေးခဲ့တယ်။”ဟု ဆိုသည်။
ယခု နိုဝင်ဘာလ ၁၈ရက်မှ ၂၆ရက်(ယနေ့)အထိ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် မျက်စိဝေဒနာရှင် ၁၂ဝဦးကို ခွဲစိတ် ကုသပေးလျှက်ရှိပြီး ၃၆ဝဦးခန့်ကို မျက်မှန်တပ်ဆင်ပေးခဲ့သလို နိုဝင်ဘာလ ၅ရက်မှ ၁၄ရက်နေ့အထိလည်း ညောင်လေးပင် ခရိုင်၊ လယ်ဝါးနေရာတွင် မျက်စိဝေဒနာရှင်ပေါင်း ၂၂ဝဦးကို ခွဲစိတ်ကုသပေးနိုင်ခဲ့ကြောင်းလည်း ၎င်းက ဆက်ပြောသည်။
ယင်းမျက်စိကုသမှုတွင် မျက်စိတိမ်စွဲဝေဒနာရှင်များအား လူမျိုး၊ ဘာသာမရွေး စမ်းသပ်၊ ခွဲစိတ်၊ ကုသပေးမှုများအပြင် ဆေးမျက် မှန်များကိုပါ အခမဲ့ ပြုလုပ်ပေးနေသည့်အပြင် ယခုနှစ်အတွက် နောက်ဆုံး ခွဲစိတ်မှုအနေဖြင့် လာမည့် ဒီဇင်ဘာလ ၁ဝရက်မှ ၁၇ ရက်နေ့အထိ KNU/KNLA-ငြိမ်းချမ်းရေးကောင်စီ၏ ဌာနချုပ်ဖြစ်သည့် ထို့ကော်ကိုး၊ နော်တယာကျေးရွာတွင် ကုသပေးသွားမည် ဟု သိရသည်။
KNLA ဗဟိုဆေးဌာနမှ ဒေါက်တာစောနေဆဲ ဦးဆောင်သည့် ၎င်းမျက်စိခွဲစိတ်ကုသပေးမှုု အစီအစဉ်ကို ၂၀၁၃ခုနှစ်မှစတင်၍ အခမဲ့ မျက်စိခွဲစိတ်ကုသပေးခဲ့ရာ ယခုအချိန်ထိ မျက်စိဝေဒနာရှင်ပေါင်း ၆,၀၀၀ကျော် ခွဲစိတ်ကုသပေးခဲ့ပြီးဖြစ်သည်ဟု KNLA ဗဟိုဆေးဌာနက ဆိုသည်။



















