Home သတင်း ပုသိမ်တွင် မြို့နယ်အဆင့် ကရင်နှစ်သစ်ကူး ကျင်းပမည်

ပုသိမ်တွင် မြို့နယ်အဆင့် ကရင်နှစ်သစ်ကူး ကျင်းပမည်

3134

နိုဝင်ဘာလ ၂၆ ရက်၊ ၂၀၁၈ ခုနှစ်။ နန့်ဘွားခလိန်

ဧရာဝတီတိုင်း‌ဒေသကြီး ပုသိမ်မြို့နယ် မဟာသိမ်‌တော်ကြီး ‌ကျောင်းတိုက်တွင် လာမည့် ဇန်နဝါရီလ ၆ ရက်‌နေ့၌ မြို့နယ်အဆင့် ကရင်မျိုးသားနှစ်သစ်ကူးပွဲ‌တော် ကျင်းပသွားမည်ဟု မြို့နယ် ကရင်နှစ်သစ်ကူးကျင်းပ‌ရေး ‌ကော်မတီ ဥက္ကဌ မန်းစံထွန်းက ‌ပြောသည်။

ပုသိမ်မြို့နယ်အဆင့် ကရင်နှစ်သစ်ကူး ကျင်းပနိုင်‌ရေးအတွက် နိုဝင်ဘာလ ၂၃ရက်‌နေ့တွင် အစည်းအ‌ဝေး တစ်ရပ် ပြုလုပ်ခဲ့ကာ အားလုံး ဆန္ဒသ‌ဘောတူညီမှုဖြင့် ကရင်နှစ်သစ်ကူး ကျင်းပမည်ဟု ဆုံးဖြတ်ချက် ချခဲ့ပြီး ကျင်းပ‌ရေး‌ကော်မတီကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ကျင်းပ‌ရေး ‌ကော်မတီ ဥက္ကဌ မန်းစံထွန်းက “အရင်နှစ်‌တွေက‌တော့ တိုင်းအဆင့်နဲ့ ‌ရောလုပ်တယ်။ ဒီနှစ်က‌တော့ တိုင်းအဆင့်က အိမ်မဲမြို့နယ်မှာ ကရင်ဝန်ကြီးက ဦးစီးပြီးလုပ်မှာဆို‌တော့ ဒီပုသိမ်မြို့နယ်မှာလည်း မြို့နယ်အဆင့်လုပ်ဖို့ကို အစည်းအ‌ဝေးလုပ်‌တော့ မြို့နယ်အဆင့် ကရင်နှစ်သစ်ကူး ကျင်းပမည်ဆိုပြီး‌တော့ ဆုံးဖြတ်ချက်ချလိုက်တယ်‌ပေါ့‌နော်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ မြို့နယ်အဆင့် ကရင်မျိုးသားနှစ်သစ်ကူးပွဲ‌တော်ကို နှစ်စဉ်ကျင်းပသည့်အတိုင်း မနက်‌စော‌စောတွင် ကရင်အလံ တင်သီချင်းအား သီဆိုကာအလံကို လွှင့်တင်ခြင်း၊ ကရင့်နှစ်သစ်ကူး‌နေ့ ဖြစ်‌ပေါ်လာပုံ သမိုင်းဖတ်ကြားခြင်း၊ ဧည့်ခံ‌ကျွေး‌မွေးခြင်း၊ ကရင်ဒုံးအကများဖြင့် ‌ဖျော်‌ဖြေခြင်း၊ သက်ကြီးဘိုးဘွားများအား လက်‌ဆောင်‌ပေးခြင်း၊ ကရင်ထူးချွန်‌ကျောင်းသားများအား ဂုဏ်ပြုခြင်းများလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်သည်။

ယခင်နှစ်များတွင် ပုသိမ်မြို့နယ်၌ ဧရာဝတီတိုင်းအဆင့် ကရင်မျိုးသားနှစ်သစ်ကူးပွဲ‌တော်ကို ပုသိမ်မြို့နယ်မှ ဦးစီးကျင်း ပကာ တိုင်းအတွင်းရှိ အခြားမြို့နယ်များနှင့် စု‌ပေါင်းကျင်းပ‌လေ့ရှိပြီး ယခုနှစ်တွင် တိုင်းအဆင့်အား အိမ်မဲမြို့နယ်အတွင်း၌ ကျင်းပမည်ဖြစ်‌သော‌ကြောင့် ပုသိမ်မြို့နယ်တွင်လည်း နှစ်စဉ်ကျင်းပမြဲဖြစ်သည့် အစဉ်အလာကို ထိန်းသိမ်းခြင်းဖြင့် မြို့နယ်အဆင့် ကျင်းပခြင်းဖြစ်သည်။