Home သတင်း မြန်မာတိုင်းရင်းသားမီဒီယာကွန်ရက်-BNI ကို အ‌ရှေ့‌တောင်အာရှသတင်းစာဆရာများအသင်းက အဖွဲ့ဝင်အဖြစ် လက်ခံ

မြန်မာတိုင်းရင်းသားမီဒီယာကွန်ရက်-BNI ကို အ‌ရှေ့‌တောင်အာရှသတင်းစာဆရာများအသင်းက အဖွဲ့ဝင်အဖြစ် လက်ခံ

2441

‌အောက်တိုဘာ ၃ဝရက်၊ ၂၀၁၈ခုနှစ်။ ‌ကေအိုင်စီ

မြန်မာနိုင်ငံရှိ တိုင်းရင်းသားမီဒီယာကွန်ရက်တစ်ခုဖြစ်သည့် နိုင်ငံတကာမြန်မာ့သတင်း-BNI ကို အ‌ရှေ့‌တောင်အာရှသတင်းစာ ဆရာများမဟာမိတ် (Southeast Asian Press Alliance –SEAPA) က ထိုင်းနိုင်ငံ၊ ဘန်‌ကောက်မြို့တွင် ‌အောက်တိုဘာလ ၃ဝ ရက်‌နေ့က ကျင်းပ‌သော ၎င်းတို့၏ အ‌ထွေ‌ထွေညီလာခံတွင် ရာနှုန်းပြည့် အဖွဲ့ဝင်အဖြစ် လက်ခံလိုက်သည်။

အဆိုပါ ညီလာခံသို့ တက်‌ရောက်သည့် BNI မူဝါဒ‌ရေးရာ‌ကော်မတီ ဥက္ကဌ နန်း‌ဖော့‌ဂေက “SEAPA ရဲ့ ဘုတ်အဖွဲ့ဝင်‌တွေက သူတို့ရဲ့ Full member အဖွဲ့ဝင်အဖြစ် ကျမတို့ BNI အပြင် မြန်မာဂျာနယ်လစ် ကွန်ရက်-MJN နဲ့ ဖိလစ်ပိုင်က NUJP (The National Union of journalists of the Philipines} အဖွဲ့ကိုပါ တစ်ဆက်တည်း ‌ရွေးချယ်လက်ခံလိုက်တာပါ”ဟု အတည်ပြု ‌ပြောဆိုသည်။

ယခုကဲ့သို့ အဖွဲ့ဝင်အဖြစ် တရားဝင် ဖြစ်လာသည့်အ‌ပေါ် မြန်မာနိုင်ငံရှိ ‌ဒေသတွင်းနှင့် တစ်နိုင်ငံလုံးရှိ သတင်းမီဒီယာလွတ်လပ်ခွင့်နှင့် သတင်း‌ထောက်များ၏ ‌ဘေးကင်းလုံခြုံ‌ရေးဆိုင်ရာ ကိစ္စရပ်များတွင် အ‌ရှေ့‌တောင်အာရှ နိုင်ငံများရှိ မီဒီယာကွန်ရက်များ နှင့်အတူ ပူး‌ပေါင်း‌ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းတစ်ခုလည်း ဖြစ်သည်ဟု သူမက ဆက်‌ပြောသည်။

BNI အ‌နေဖြင့် ၂၀၁၃ခုနှစ်က SEAPA မိတ်ဖက်အဖွဲ့အစည်းအဖြစ်လည်း‌ကောင်း၊ ၂၀၁၄ခုနှစ်တွင် ဆက်စပ်အဖွဲ့အစည်းအဖြစ် လည်း‌ကောင်း မီဒီယာလုပ်ငန်းစဉ်ဆိုင်ရာ ပူး‌ပေါင်းလုပ်‌ဆောင်လာခဲ့ပြီး ယခု ၂၀၁၈ခုနှစ်တွင် ရာနှုန်းပြည့်အဖွဲ့ဝင်အဖြစ် အသိအမှတ်ပြု လက်ခံခြင်းကို ရရှိခဲ့ခြင်းဖြစ်သည်။

ထိုင်း၊ မ‌လေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် စသည့်နိုင်ငံများမှ သတင်းမီဒီယာကွန်ရက် အဖွဲ့ ၁၂ဖွဲ့ ပါဝင်သည့် ၎င်းအသင်းမှာ လူ့အခွင့်အ‌ရေးအ‌ပေါ် အ‌ခြေခံ၍ လွတ်လပ်စွာ ‌ရေးသားထုတ်‌ဖော်ခွင့်ကို အဓိကထား လှုပ်ရှား‌ဆောင်ရွက်‌နေသည့်အပြင် Fellow-ship အစီအစဉ်များလည်း လုပ်‌ဆောင်‌ပေးလျှက်ရှိသည်။

၎င်းအသင်းအဖွဲ့သည် ဘန်‌ကောက်မြို့တွင် အ‌ခြေစိုက်ပြီး အသင်း၏ အ‌ထွေ‌ထွေ ညီလာခံကို ၂နှစ်တစ်ကြိမ် ကျင်းပ‌လေ့ရှိကာ Non-Profit အဖွဲ့ဝင်များကိုသာ လက်ခံခဲ့ရာ ယခုဆိုလျှင် အဖွဲ့ဝင်‌ပေါင်း ၁၅ဖွဲ့ ရှိသွားပြီဖြစ်သည်။

ယခုညီလာခံတွင် ရာနှုန်းပြည့် အဖွဲ့ဝင် ၃ဖွဲ့အပြင် ဆက်စပ်အဖွဲ့တစ်ဖွဲ့နှင့် မိတ်ဖက်အဖွဲ့တစ်ဖွဲ့ကိုလည်း လက်ခံခဲ့သည်။ SEAPA ကို ၁၉၉၈ခုနှစ်၊ နိုဝင်ဘာလ ၈ရက်‌နေ့က စတင်ဖွဲ့စည်းတည်‌ထောင်ခဲ့ပြီး ယခုနှစ်တွင် နှစ် ၂ဝပြည့် အထိမ်းအမှတ်ပွဲကိုလည်း အ‌ထွေ‌ထွေညီလာခံနှင့် တဆက်တည်း ကျင်းပပြုလုပ်ခဲ့ကြရာ အသင်းကို စတင်တည်‌ထောင်ခဲ့ကြသူအချို့နှင့်အတူ ထိုင်းနိုင်ငံဆိုင်ရာ ဆွီဒင်သံအမတ်လည်း တက်‌ရောက်အား‌ပေးခဲ့ကြသည်။