Home လူငယ့်အသံ လူငယ့်အမြင် ‘ကျဝ့်ရဲ့ နန်း‌ဖော့အွာ ဖန်တီးရှင်’စွယ်စုံအရိုး။

‘ကျဝ့်ရဲ့ နန်း‌ဖော့အွာ ဖန်တီးရှင်’စွယ်စုံအရိုး။

5229

နန်း‌ဝေဖြိုးဇာ (‌အောက်တိုဘာ ၂ ရက်၊ ၂ဝ၁၈ခုနှစ်)

ရပ်‌နေတဲ့သူထက် လမ်း‌လျှောက်‌နေတဲ့သူက ခရီးပို‌ရောက်သလိုပဲ၊ ကြိုးစားတိုင်းမ‌အောင်မြင်‌ပေမယ့် ‌အောင်မြင် မှုဆိုတာ ကြိုးစားမှရမယ် ဆိုတဲ့‌ဆောင်ပုဒ်ကို အမြဲလက်ကိုင်ထားတဲ့ သူက‌တော့ လတ်တ‌လော ကရင်‌တေးချစ် သူများအကြားမှာ နာမည်ကြီး‌နေတဲ့ ‘ကျဝ့်ရဲ့နန်း‌ဖော့အွာ ဖန်တီးရှင်’ ‌တေး‌ရေး၊ ‌တေးဆို ကရင်အဆို‌တော် ‌ယော် ‌ထောင်း‌သောင့်(‌ယောဝ်ထင်းသင့်)(‌ခေါ်) အရိုးပဲဖြစ်ပါတယ်။

အရိုးဟာဆိုရင် လူငယ်ပိုင်းအကြိုက်ဖြစ်တဲ့ Hip-Pop အဆို‌တော်တစ်‌ယောက်အဖြစ်နဲ့ လူသိများလာတာတင် မကပဲ ‌တေး‌ရေးအပိုင်းမှာလည်း ‌တော်‌တော်များများ သိရှိလာကြတဲ့အဆို‌တော်တစ်ဦးလည်းဖြစ်ပါတယ်။ အခု ဆိုရင် နန်း‌ဖော့အွာရဲ့ဖန်တီးရှင်ဆိုပြီး ကရင်ပရိဿတ်များရဲ့ပါးစပ်ဖျားမှာ ‌ရေပန်းစားလာတဲ့သူတစ်ဦး လည်း ဖြစ်ပါတယ်။

မိဘ‌တွေဖြစ်တဲ့ ဖူ့ကျိန်းရီနဲ့ ဟှား(‌ဒေါ်)ယိုတို့ရဲ့ သားသမီး ၃ ဦးထဲက ဒုတိယ‌မြောက်သားဖြစ်ပြီး ဖားအံ ဇာတိသား တစ်‌ယောက်လည်းဖြစ်‌ပေမယ့် အနုပညာလမ်း‌ကြောင်း‌ပေါ်ကို‌တော့ တစ်ဖက် ထိုင်းနိုင်ငံမှာ သွား‌ရောက်အလုပ် ကိုင်ရင်းနဲ့ စတင်‌ခြေလှမ်းခဲ့တဲ့ သူပါ။

“အဆို‌တော်ကို အရမ်းဝါသနာပါလို့ သူများနိုင်ငံမှာ အလုပ်လုပ်ပြီး ရလာတဲ့လခကို စတူဒီယိုခန်းမှာ သွား‌ပေး လိုက်တယ်။ မိဘ‌တွေကိုလည်း မပို့နိုင်‌တော့ဘူး။ အရင်တုန်းကလည်း တရားဝင်အလုပ်လုပ် ရတာမဟုတ်ဘူး၊ ပတ်စ်ပို့လည်း မရှိဘူး။ ထိုင်းပုလိပ်ကိုလည်း ‌ကြောက်ရ၊ သီချင်းကို ခိုး‌ကြောင်ခိုးဝှက်သွားဆိုရတယ်။ MTV ရိုက် ‌တော့လည်း တရားဝင်ရိုက်မရဘူး။ ပုန်းလျိုးကွယ်လျိုးနဲ့ရိုက်ရတယ်။ ထိုင်းပုလိပ်ဖမ်းခံဖူးတယ် တစ်ဖွဲ့လုံး၊ ဒါ‌ပေ မယ့် အား‌လျှော့ဘူး။ အားတင်းပြီး ဖြစ်‌အောင်လုပ်တယ်။ ကိုယ့်နိုင်ငံမဟုတ်‌တော့ အခက်အခဲပိုများ တယ်” ဆိုပြီး သူသီချင်းစဆိုစဉ်က ကြုံ‌တွေ့ခဲ့ရတာ‌တွေကို ‌ပြောပြပါတယ်။

စားဝတ်‌နေ‌ရေးအတွက် တစ်ဖက်နိုင်ငံမှာ အပင်းပန်းခံ သွား‌ရောက်အလုပ်လုပ်ကိုင်ရင်းနဲ့ ‌ငွေ‌ကြေး အရှှုံးခံပြီး အနုပညာအလုပ်ကို ဆက်လက်လုပ်ကိုင်‌နေတဲ့ ကရင်လူငယ်‌တွေလည်း များစွာရှိ ‌နေဆဲပါ။ အရိုးက‌တော့ ‌ငွေ‌ကြေး ‌နောက်ခံမ‌တောင့်တင်းတဲ့အတွက် တစ်ဖက်နိုင်ငံမှာသွား‌ရောက် အလုပ်မလုပ်ခဲ့ပါက သူအ‌နေနဲ့ အခုလို အနုပညာအလုပ်‌တွေကို စတင်နိုင်ခဲ့မှာ မဟုတ်ဘူးလို့လည်း သူက‌ပြောပါတယ်။

အရိုးရဲ့ ပထမဦးဆုံးထွက်တဲ့ သီချင်းက‌တော့ ၂၇၄၂ ဏိင်းခါ့ (၂၇၄၂ ခုနှစ်တုန်းက)ဆိုတဲ့ Hip Popသီချင်း ပဲဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်မှာ စတင်သီဆိုပြီး အနုပညာလမ်း‌ကြောင်း‌ပေါ်‌ခြေချခဲ့တဲ့ သူ့အ‌နေနဲ့ အခုဆိုရင် ကိုယ်တိုင်‌ရေးဆို သီချင်း‌ပေါင်း (၁၃)ပုဒ် ရှိ‌နေခဲ့တဲ့အပြင် သီချင်း‌ရေးတဲ့အပိုင်းမှာလည်း အခုဆို သီချင်းအပုဒ်‌ပေါင်း ၄ဝ ‌ကျော် ‌ရေးခဲ့ပြီးလို့လည်း သိရပါတယ်။

သူ‌ရေးတဲ့သီချင်းထဲမှာ‌တော့ လက်ရှိ ပရိဿတ်ရင်ထဲ အား‌ပေးမှုအများဆုံးသီချင်းက အဆို‌တော် လုံးမာန်သီ ဆိုထားတဲ့ ကျဝ့်ရဲ့နန်း‌ဖော့အွာသီချင်းပဲဖြစ်ပါတယ်။ အဲဒီသီချင်း‌လေးက‌တော့ အခုဆိုကရင်ပြည်နယ်အပြင် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း ပဲခူးတိုင်းစတဲ့ ကရင်ပရိဿတ်‌တော်‌တော်များများရဲ့ လက်ခံအား‌ပေးမှုရလာတဲ့ သီချင်းတစ်ပုဒ်ဆိုရင်လည်းမမှားပါဘူး။

“‌နေရာ‌တော်‌တော်များများမှာ ဒီသီချင်းကို သိလာတယ်။ အား‌ပေးတယ်ကြားရ‌တော့ ကျ‌နော်ဖြစ် ဝမ်းသာလို့ မဆုံးပါဘူး။ အားလုံးကိုလည်း ‌ကျေးဇူးတင်တယ်။ ပရိဿတ် အရမ်းအား‌ပေးလာတယ်လို့ ကျ‌နော် မထင်ထား ဘူး။ ဒီသီချင်းကို ဆိုတဲ့လူ‌ကောင်းတာလည်းပါတယ်။ ပရိဿတ်အတွက် ကျ‌နော်ပိုပြီး ကြိုးစား‌ပေးရတယ် ”လို့ ‌တေး‌ရေး‌တေးဆို အရိုးက‌ပြော ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်က စတင်ပုံ‌ဖော်‌ရေးစပ်ခဲ့တဲ့ “ကျဝ့်ရဲ့နန်း‌ဖော့အွာ”သီချင်းက‌တော့ ကရင်ပြည်နယ်ကို ချစ်‌ပေမယ့်လည်း အ‌ဝေးတစ်‌နေရာကို‌ရောက်‌နေရတဲ့ ကရင်မိန်းမပျို‌လေးတစ်ဦးဖြစ်တဲ့ နန်း‌ဖော့အွာကိုု ကရင်ပြည်နယ်မှာ ကျန်ရစ်တဲ့ ချစ်သူက ‌စောင့်‌မျှော်‌နေတဲ့ အ‌ကြောင်းကို ကရင်-ဗမာ နှစ်ဘာသာနဲ့ ‌ရေးဖွဲ့သီကုံးထားတဲ့သီချင်း‌ကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။

အဲဒီသီချင်းကို အရိုးအ‌နေနဲ့ ထိုင်းနိုင်ငံမှာ သွား‌ရောက်အလုပ်လုပ်‌နေရင်း သူ့ဇာတိ ကရင်ပြည်နယ် ကို လွမ်းတဲ့အချိန်တိုင်း ထွက်လာတဲ့ခံစားချက်‌တွေကို ဇာတ်လမ်းတစ်ပုဒ်လိုခံစားရင်း ‌ရေးဖွဲ့ထားတာ ဖြစ်တယ် လို့ လည်း နန်း‌ဖော့အွာသီချင်း ဖန်တီးဖြစ်တဲ့အ‌ကြောင်းနဲ့ပတ်သက်ပြီး သူက‌ပြောပါတယ်။
‌တေး‌ရေးအပိုင်းမှာ လူသိများလာစ တစ်‌ယောက်ဖြစ်တဲ့ အရိုးလိုုပဲ လက်ရှိ ကရင်အနုပညာရှင်‌လောက၊ ‌တေး‌ရေး၊ ‌တေးဆို၊ သရုပ်‌ဆောင်၊ ဇာတ်သဘင်စတဲ့ အနုပညာအလုပ်‌တွေမှာ ‌ငွေ‌ကြေး အရှုံးအမြတ်ဆို တာထက် အများစုဟာ ဝါသနာအရင်းခံပြီး အပင်ပန်းခံ၊ ‌ငွေ‌ကြေးကုန်ကျခံပြီး တတ်နိုင်သ‌လောက် ဆက်လက် ‌လျှောက် လှမ်း‌နေကြဆဲပဲဖြစ်ပါတယ်။

“ ကျ‌နော်တို့အနုပညာ‌လောက‌တော့ အများစုက ပိုက်ဆံရှိလို့ ဝင်‌ရောက်လာတာမဟုတ်ဘူး ။ ကျ‌နော့်ဆီကို သီချင်းလာအပ်ရင်‌ရေး‌ပေးတယ်။ သူတို့‌ပေးနိုင်သ‌လောက်ပဲကျ‌နော်ယူတယ်။ ကျ‌နော်ကလည်း ‌တော်လို့၊ တတ်လို့ သီချင်း‌ရေးတာမဟုတ်ဘူး။ ဘယ်ဆရာသမားနဲ့လည်း ကျ‌နော်မသင်ယူရဘူး။ ကရင်စကားမကြွယ် ‌တော့ အသုံးအနှုန်း‌တွေကို ‌ရေးလိုက်၊ သူများကို‌မေးလိုက် အဲလိုလုပ်တယ်။ ကျ‌နော့်ဝါသနာလို့‌ပြောရမှာ‌ပေါ့” လို့အရိုးက ‌ပြောပါတယ်။

Hip-Hop သီချင်း သီဆိုမှု အားသန်‌ပေမယ့် သီချင်း‌ရေးတဲ့အပိုင်းမှာ‌တော့ Rock၊ Mono၊ Pop၊ Reggae စတဲ့ သီချင်းအမျိုးအစား သံစဉ်မျိုးစုံနဲ့ ဖန်တီးပြီး‌ရေးတတ်တဲ့အရိုးက‌တော့ သီချင်း‌ရေး-ဆိုတာတင်မကပဲ သရုပ် ‌ဆောင်မှုအပိုင်းမှာလည်း ဝါသနာပါတဲ့အတွက် ကရင်ဗွီဒီယိုဇာတ်ကား‌တွေထဲမှာ အနု၊ အကြမ်း၊ အလွမ်းကျရာ ဇာတ်ရုပ်မှာ ပါဝင်ကူညီသရုပ်‌ဆောင်‌နေတာ‌တွေလည်း ရှိပါတယ်။

“အနုပညာကို ကျ‌နော်‌အောင်မြင်‌ကျော်ကြားဖို့အတွက် လုပ်တာမဟုတ်ဘူး။ ကျ‌နော်ဝါသနာပါလို့ လုပ်တယ်။ ကဖို့လိုရင်ကတယ်။ သရုုပ်‌ဆောင်ဖို့လိုရင် သရုပ်‌ဆောင်တယ်။ ဒါ‌တွေကို ကျ‌နော်ဆက်လုပ်နိုင်ဖို့ ကျ‌နော့်မှာ ‌ငွေ‌ကြေးအပိုင်းလည်း မပြည့်စုံဘူး။ အဲဒီ‌တော့ ကျ‌နော် အငှားတက္ကစီပဲ‌မောင်းရ၊ ‌မောင်းရ သမာအာဇီဝနဲ့ ပိုက်ဆံရမယ့် ဘယ်အလုပ်မဆို ကျ‌နော်လုပ်မယ်။ ကျ‌နော်မရှက်ပါဘူး”လို့ သူက ‌ပြောပါတယ်။

ကရင်အနုပညာ‌လောကမှာ‌တော့ ‌တေး‌ရေး၊ ‌တေးဆိုအပြင် အကနဲ့သရုပ်‌ဆောင်အပိုင်းစတဲ့ အနုပညာ အလုပ် ‌တွေမှာ ထူးချွန်တဲ့အနုပညာကြယ်ပွင့်‌တွေကို လက်ချိုး‌ရေတွက်လို့ရပါတယ်။ သူတို့‌တွေအ‌နေနဲ့ကလည်း ဘဝ‌တွေ အချိန်‌တွေ ‌ငွေ‌ကြေး‌တွေရင်းပြီး ‌နေရာတစ်‌နေရာရတဲ့အထိ ကြိုးစားခဲ့ကြသူ‌တွေ ဖြစ်ပါတယ်။
တစ်ရက်မှ သီချင်းမဆိုရရင်မ‌နေနိုင်တဲ့သူ၊ ဝမ်း‌ရေးမလှ‌ပေမယ့် ဝါသနာအရင်းခံတဲ့ ဒီအနုပညာအလုပ်ကို သက်ဆုံးတိုင် ဆက်လက်လုပ်‌ဆောင်သွားဖို့ ရည်မှန်းချက်ထားတဲ့ တက်သစ်စလူငယ်အနုပညာရှင် အရိုး ကို ‌နောင်တစ်ချိန် ကရင် အနုပညာ‌ကောင်းကင်မှာ တည်‌နေမယ့် ကြယ်‌လေးတစ်စင်းအဖြစ် ‌မျှော်လင့်ရင်း ……