Home သတင်း သံ‌တောင်ကြီးတွင် ပထမဆုံးအကြိမ် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်း‌ရေး‌နေ့ အခမ်းအနားကျင်းပ

သံ‌တောင်ကြီးတွင် ပထမဆုံးအကြိမ် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်း‌ရေး‌နေ့ အခမ်းအနားကျင်းပ

3418

စက်တင်ဘာ ၂၆ ရက်၊ ၂၀၁၈ ခုနှစ်။ နန့်ဘွားခလိန်

ကရင်ပြည်နယ်၊ သံ‌တောင်ကြီးမြို့နယ်တွင် ပထမဆုံးအကြိမ် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်း‌ရေး‌နေ့ အထိမ်း အမှတ် အခမ်းအနားကို သံ‌တောင်ကြီး ကရင်အမျိုးသမီးများအဖွဲ့မှ ဦး‌ဆောင်ပြီး စက်တင်ဘာလ ၂၅ ရက်(ယမန်‌နေ့)တွင် မြို့‌တော်ခန်းမ၌ ကျင်းပခဲ့သည်ဟု သိရသည်။

သံ‌တောင်ကြီး အမျိုးသမီးအဖွဲ့ ဒါရိုက်တာ ‌နော်မာမာချိုက “အထူးသဖြင့် ပြည်တွင်းစစ်မှာ စစ်မှန် တဲ့ ငြိမ်းချမ်း‌ရေးကို ရရှိဖို့ ကြိုးပမ်းသွားဖို့ဖြစ်တယ်။ တကယ့်စစ်မှန်တဲ့ ငြိ်မ်းချမ်း‌ရေးဆိုတာ အကုန်လုံး ပူး‌ပေါင်းပါဝင်ဖို့လိုအပ်တဲ့အတွက် ရည်ရွယ်ကျင်းပတာဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

စစ်မှန်‌သော ငြိမ်းချမ်း‌ရေးကို ‌ဖော်‌ဆောင်သွားနိုင်ရန် ပြည်သူအားလုံးနှင့် သက်ဆိုင်သည့်အတွက် ပြည်သူလူထုသာမက အမျိုးသမီးထုတစ်ရပ်လုံးကပါ ပူး‌ပေါင်းပါဝင်ရန် လိုအပ်‌ကြောင်းလည်း ‌နော်ချိုချိုမာက ဆက်လက်‌ပြောဆိုသည်။

“လူ့ဂုဏ်သိက္ခာနှင့်အညီ‌နေနိုင်ဖို့ မတူကွဲပြားမှုကို‌လေးစားစို့” ‌ခေါင်းစဉ်ဖြင့်ပြုလုပ်သည့် ယင်းအခမ်းအနား တွင် ‌ကျောင်းသူ/သားများ၏ ပန်းချီပြိုင်ပွဲမှ ဆုရရှိသူများအား ဆုချီမြှင့်ခြင်း၊ KNU-ကရင်အမျိုးသားအစည်း အရုံးမှ ‌ပေးပို့‌သော သဝဏ်လွှာအား ဖတ်ကြားခြင်း၊ လက်ရှိမြန်မာနိုင်ငံ၏ ငြိမ်းချမ်း‌ရေး ဖြစ်စဉ်ကို ရှင်းလင်း ဖတ်ကြားခြင်းများပြုလုပ်ခဲ့သည်။

ထို့အပြင် နိုင်ငံ‌ကျော် အဆို‌တော် ‌စောဖိုးခွားမှ ငြိမ်းချမ်း‌ရေးနှင့် ပတ်သက်‌သော ‌တေးသီချင်းများဖြင့် ‌ဖျော်‌ဖြေခြင်း၊ အမျိုးသမီးနှင့် ငြိမ်းချမ်း‌ရေးဆိုင်ရာ တင်ပြ‌ဆွေး‌နွေးခြင်းများ၊ “No Women No Peace ” ‌ခေါင်းစဉ်ဖြင့် တီရှပ်များအား လက်‌ဆောင်‌ပေးခြင်းစသည့် အစီအစဉ်များ ပြုလုပ်ခဲ့သည်ဟု သိရသည်။

အဆိုပါ အခမ်းအနားကို ပြည်နယ်အဆင့် ကျင်းပခြင်းဖြစ်ပြီး၊ လွှတ်‌တော် ကိုယ်စားလှယ်များ၊ ပြည်နယ် အစိုးရအဖွဲ့ ဌာနဆိုင်ရာများ၊ ပါတီအစုအဖွဲ့များ၊ လက်နက်ကိုင် အစုအဖွဲ့များ၊ ပြည်သူလူထု နှင့် ‌ကျောင်းသူ/ သားများ အပါအဝင် စုစု‌ပေါင်း ၆၀ဝ ‌ကျော် ပါဝင်တက်‌ရောက်ခဲ့ကြသည်။