Home သတင်း ကရင်အမျိုးသမီး စွမ်း‌ဆောင်ရည် မြှင့်တင်လာ‌စေရန် ‌ခေါင်း‌ဆောင်မှုသင်တန်း‌ပေး

ကရင်အမျိုးသမီး စွမ်း‌ဆောင်ရည် မြှင့်တင်လာ‌စေရန် ‌ခေါင်း‌ဆောင်မှုသင်တန်း‌ပေး

2829

စက်တင်ဘာလ ၁၅ရက်၊ ၂၀၁၈ ခုနှစ်။ နန့်ဘွားခလိန်

ဧရာဝတီတိုင်း‌ဒေသကြီး၊ ပုသိမ်မြို့နယ်အတွင်း ကရင်အမျိုးသမီးများ အဖက်ဖက်တွင်ပါဝင်လာပြီး စွမ်း ‌ဆောင်ရည် မြှင့်တက်လာ‌စေရန် ကရင်အမျိုးသမီးများ ‌ခေါင်း‌ဆောင်မှု စွမ်းရည်မြှင့်တင်‌ရေးသင်တန်းကို မရမ်း‌ချောင်း ကက်သလစ်သာသနာဝင်းတွင် စက်တင်ဘာလ ၁၁ ရက်မှ ၁၄ရက်‌နေ့အထိ ကျင်းပခဲ့သည်ဟု သိရသည်။

ယခုသင်တန်းကို ကရင့်‌ရေးရာ‌ကော်မတီမှ ဦး‌ဆောင်ကာ လက်ရှိအမျိုးသမီးများ၏ ပြဿနာများကို ‌ဆွေး ‌နွေးနိုင်‌စေရန်၊ ဆုံးဖြတ်ချက်ချခြင်းအဆင့်များကို သိရှိနားလည်‌စေရန်၊ လူထုစကား‌ပြောနည်းနှင့် ပတ်သက် ၍ ‌လေ့လာနိုင်‌စေရန် ရည်ရွယ်ပြီး သင်တန်းပြုလုပ်ရခြင်းဖြစ်‌ကြောင်း ကရင့်‌ရေးရာ ‌ကော်မတီစီမံကိန်း အရာရှိ နန်းထက်ထက်လင်းစိုးက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “သူတို့မှာ ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိဘူး။ ထပ်ပြီး‌တော့ ဖြည့်ဆည်း‌ပေးဖို့လိုအပ်‌သေးတယ်။ အမျိုးသမီး‌တွေ ပါဝင်လာတဲ့ အခန်းကဏ္ဍ‌တွေမှာ အဓိက‌တော့ စကား‌ပြောနိုင်တဲ့ Skill (ကျွမ်းကျင်မှု) ‌တွေရယ်၊ ဆုံးဖြတ်ချက်ချတဲ့ ‌နေရာမှာ ရိုးရိုးပါဝင်တာမျိုး မဟုတ်ပဲနဲ့ ကိုယ်‌ပြောတဲ့အရာ‌တွေကို ညှိ နှိုင်းပြီး‌တော့မှ တိုင်ပင်မယ်။ ဖြစ်ချင်တဲ့အရာတစ်ခုကို စိတ်ချလက်ချနဲ့ အဆင်‌ပြေ‌အောင်‌ပြောနိုင်ဖို့ ရှိသင့်ရှိ ထိုက်တဲ့ Skill ‌တွေ လိုအပ်တဲ့ အတွက်‌ကြောင့် လုပ်ဖြစ်တာပါ။” ဟု ‌ပြောသည်။

‌လေးရက်ကြာ သင်တန်းတွင် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းအတွင်းရှိ ကရင်အမျိုးသမီး ၃ဝ ဦး တက်‌ရောက်ခဲ့ပြီး အမျိုးသမီးများစွမ်း‌ဆောင်ရည် မြှင့်တင်ရာတွင် လိုအပ်‌သော လူထု စကား ‌ပြောနည်းများ၊ ဆုံးဖြတ်ချက်ချခြင်းအဆင့်များ၊ ဆက်သွယ်‌ရေးဆိုင်ရာ အမူအကျင့်များ၊ ဖက်ဒရယ်၊ ဒီမိုက‌ရေစီစနစ်များနှင့် ဖွဲ့စည်းပုံအ‌ခြေခံ ဥပ‌ဒေနှင့်ပတ်သက်သည့် ဗဟုသုတများကို ထည့်သွင်းပို့ချ‌ပေး‌ကြောင်း သင်တန်းတက်‌ရောက်သူများက ‌ပြောသည်။

သင်တန်းသူ နန့်သဇင်လင်းက “နိုင်ငံ‌ရေးနဲ့ ပတ်သက်ရင် သိပ်နားမလည်ဘူး။ သူတို့က ရှင်းပြ‌ပေး‌တော့ ကိုယ့်မှာ လိုအပ်‌နေတာ‌တွေ အများကြီး ရှိ‌သေးတယ်။ ထပ်ပြီး‌တော့ ‌လေ့လာဖို့ အများကြီးလို‌သေးတာ သိသွားတယ်။ ဗဟုသုတလည်း အများကြီးရတယ်။ မရဲတဲ့သူ‌တွေကိုလည်း ရဲ‌အောင် လုပ်‌ပေးတယ်။ တကယ့် လက်‌တွေ့လုပ်ခိုင်း‌တော့ ပိုပြီး‌တော့ စိတ်ဝင်စားမှုရှိတယ်။ ပိုအာရုံစိုက်ဖြစ်တယ်”ဟု ‌ပြောသည်။

အဆိုပါ သင်တန်းကို ပထမအကြိမ်အဖြစ် သံ‌တောင်ကြီးမြို့နယ်၊ ဒုတိယအကြိမ်အဖြစ် ကရင်ပြည်နယ်တွင် ကျင်းပခဲ့ပြီး ယခုပုသိမ်တွင် တတိယအကြိမ် ဖြစ်‌ကြောင်း သင်တန်းတာဝန်ရှိသူများထံမှ သိရသည်။