နိုဝင်ဘာ ၈ရက်၊၂၀၁၆ခုနှစ်။ စအိုင်ဆူး
ကရင်အမျိုးသားအစည်းအရုံး-KNU၏ ထိန်းချုပ်နယ်မြေအတွင်း ဇီဝမျိုးကွဲများထိန်းသိမ်းစောင့်ရှောက်မှုဆိုင်ရာ လက်တွေ့ပူးပေါင်းဆောင်ရွက်ခြင်းနားလည်မှုစာချွန်လွှာ(MOU)ကို ကေအဲန်ယူနှင့် ကမ္ဘာလုံးဆိုင်ရာသဘာဝ ပတ်ဝန်းကျင်ရံပုံငွေအဖွဲ့(WWF)တို့က နိုဝင်ဘာ ၈ရက်နေ့(ယနေ့)တွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ Queen Palace ဟိုတယ်၌ လက်မှတ်ရေးထိုးခဲ့ကြသည်။
ယင်းလက်မှတ်ကို ကေအဲန်ယူတွဲဘက်အတွင်းရေးမှူး(၂) ပဒိုမန်းမန်းမန်းနှင့် WWFမှ ဋ္ဌာနေညွှန်ကြားရေမှူး မစ္စတာ ခရစ္စတီဝီလျံ( A. Christy Williams Ph.D.)တို့နှစ်ဦး ရေးထိုးခဲ့ကြပြီး ကေအဲန်ယူနယ်မြေအတွင်းရှိ သစ်တောများနှင့် တောရိုင်းတိရိစ္ဆာန်များအားထိန်းသိမ်းစောင့်ရှောက်ခြင်းများကို အတူတကွပူးပေါင်း ဆောင်ရွက်ရန်အတွက်ဖြစ်ကြောင်း ပဒိုမန်းမန်းမန်းက ကေအိုင်စီသို့ ယနေ့ (နိုဝင်ဘာ ၈)ရက်နေ့တွင် ပြောသည်။
ပဒိုမန်းမန်းမန်းက “အရင်ပြီးခဲ့တဲ့တစ်နှစ်ကျော် နှစ်နှစ်ကတည်းက ကေအဲန်ယူသစ်တောဋ္ဌာနခေါင်းဆောင် တွေနဲ့ KESAN(ကရင်သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာလူမှုလှုပ်ရှားကွန်ယက်) ကခေါင်းဆောင်တွေနဲ့ကော ကျနော်တို့ကေအဲန်ယူနဲ့ကော ပြောဆိုဆွေးနွေးမှုတွေရှိခဲ့တာပါ။ ကျနော်တို့ရည်ရွယ်တာက သစ်တောတွေ၊ သားရဲတိရိစ္ဆာန်တွေကို ကာကွယ်ထိန်းသိမ်းဖို့အတွက်ပါပဲ” ဟု ပြော သည်။
ထို့အပြင် ဖွံ့ဖြိုးရေးနှင့် သစ်တောများထိန်းသိမ်းကာကွယ်ခြင်းအတွက် နိုင်ငံတကာ၏ ကူညီထောက်ပံ့မှုများလို အပ်သကဲ့သို့ မြန်မာနိုင်ငံအစိုးရအနေဖြင့်လည်း ကေအဲန်ယူ၏စီမံဆောင်ရွက်မှုများနှင့် ၎င်းတို့၏ဋ္ဌာနဆိုင်ရာ လုပ်ဆောင်ချက်များအပေါ်အသိအမှတ်ပြုရန်လို အပ်ကြောင်းလည်း ပဒိုမန်းမန်းမန်းက ဆက်ပြောသည်။
၎င်းနားလည်မှုစာချွန်လွှာ(MOU)အရ WWFနှင့် ကော်သူလေးသစ်တောဋ္ဌာနတို့အကြား သစ်တောထိန်းသိမ်း ကာကွယ်မြှင့်တင်ခြင်းစီမံလုပ်ဆောင်ချက်များ၊ သစ်တောထိန်းသိမ်းကာကွယ်သူများ ၏စွမ်းရည်မြှင့် တင်ခြင်း၊ ဒေသတွင်း အသိပညာပေးခြင်းများ၊ အလုပ်ရုံဆွေးနွေးပွဲများနှင့် သစ်တောတွင်း စူးစမ်းရှာဖွေခြင်း လုပ်ဆောင် ချက်များကို အဓိက ပူးပေါင်းလုပ်ဆောင်သွားရန် ပါရှိသည်။
WWF၏ ဋ္ဌာနေညွှန်ကြားရေမှူး မစ္စတာ ခရစ္စတီဝီလျံက “ကျနော်တို့ အဓိက ရည်ရွယ်တာက ကရင်လူထုတွေ သူတို့ကိုယ်တိုင် သူတို့ရဲ့သစ်တောကို ထိန်းသိမ်းဖို့ ကရင်သစ်တောဋ္ဌာနနဲ့ ပူးပေါင်းပြီး အခြားနေရာက နည်းပညာနဲ့အတွေ့အကြုံသစ်တွေကို ယူဆောင်လာပြီးကူညီချင်တာပါ”ဟု လက်မှတ်ထိုးမှု အခမ်းအနားတွင် ကေအိုင်စီသို့ ပြောသည်။
ကေအဲန်ယူအနေဖြင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ နားလည်မှုစာချွန်လွှာ(MOU) လက်မှတ်ရေးထိုးခြင်းမှာ WWFနှင့် ပထမဦးဆုံးအကြိမ် ရေးထိုးခြင်းဖြစ်ပြီး ၎င်း(MOU)အရ ၃နှစ်တာကာလလုပ်ဆောင်ရန် သဘောတူညီ ထားကြောင်းလည်း သိရသည်။