အောက်တိုဘာ ၂၆ရက်၊ ၂၀၁၆ခုနှစ်။ စဖန်းရှောင်း
မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် ပြန်လည်ရောက်ရှိလာသည့် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်အတွင်းရှိ နို့ဖိုးဒုက္ခသည်စခန်းမှ ဒုက္ခ သည်များအတွက် ပြန်လည်နေရာချထားရေးနှင့်ပတ်သက်၍ ၎င်းတို့၏ ဆန္ဒနှင့်အညီ စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကရင်ပြည်နယ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်လွင်က ကေအိုင်စီသို့ ယနေ့ ပြောဆိုသည်။
၎င်းက “အခု မြင်တဲ့အတိုင်း။ တို့ကတော့ ကနဦး ယာယီအတွက်ကို လိုလေသေး မရှိအောင် ပြင်ဆင်ထားပေးတာပေါ့နော်။ ဘယ်နေရာမှာနေချင်လဲဆိုတာကတော့ ကိုယ့်နိုင်ငံသားဖြစ်တဲ့အတွက် တချို့က ကိုယ့်ရပ်၊ ကိုယ်ရွာပြန်နေချင်တယ်ဆိုရင် တို့ ပြန်ပို့ပေးမယ်လေ။ စနစ်တကျနဲ့ သူတို့ နေထိုင်ချင်တဲ့နေရာတွေကို သွားနိုင်ဖို့ပါအစ စီစဉ်ပေးမယ်။ သွားလာလမ်းစရိတ်ပါအစ ထုတ်ပေးမယ်။ အဓိက အရေးကြီးတာက ကိုယ့်နိုင်ငံသားဖြစ်ဖို့ပဲ အရေးကြီးပါတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် ပြန်လည်အခြေချနေထိုင်ရေး ရောက်ရှိလာသူများအတွက် လိုက်လျောညီထွေပြီး သဟဇာတဖြစ်စေမည့် လိုအပ်သည့် အသက်မွေးမှု အတတ်ပညာများ၊ အလုပ်အကိုင် အခွင့်အလမ်းများ စသည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် သက်ဆိုင် သည့်ကိစ္စများကို ပြည်နယ်အစိုးရ တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း ဗိုလ်မှူးကြီးအောင်လွင်က ဆက်ပြောသည်။
မြန်မာနှင့် ထိုင်း နှစ်နိုင်ငံအစိုးရအပြင် UNHCR တို့၏ အကောင်အထည်ဖော် ဆောင်ရွက်မှုအရ ယနေ့ အောက်တိုဘာလ ၂၆ ရက်နေ့တွင် မြဝတီမြို့၊ အမှတ် (၄)ရပ်ကွက်၊ ကျောက်လုံးကြီးဘုရားလမ်းရှိ ပြန်လည်ကြိုဆိုလက်ခံရေးစခန်းသို့ နို့ဖို့စခန်းမှ ဒုက္ခ သည်ဦးရေ ၆၅ဦးပါ မိသားစုပေါင်း ၁၉စု ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။
ဒုက္ခသည်မိသားစုများမှာ ကရင်ပြည်နယ်အပြင် ရန်ကုန်နှင့် ပဲခူးတိုင်းဒေသကြီးတို့မှ နယ်ခံဖြစ်ခဲ့သူများလည်း ပါဝင်ပြီး ၎င်းတို့မှာ နေရပ်ပြန်လည်အခြေချ နေထိုင်ရေးအတွက် မိမိတို့၏ဆန္ဒအလျောက် ပြန်လည် ရောက်ရှိလာခြင်းဖြစ်ကြောင်းလည်း ဒုက္ခသည် များနေရပ် ပြန်လာရာတွင် လိုက်ပါပို့ဆောင်ပေးခဲ့သူ နို့ဖို့ဒုက္ခသည်စခန်း ဥက္ကဋ္ဌ စောဝေါ်က ကေအိုင်စီသို့ ပြောသည်။
“သူတို့အနေနဲ့စခန်းမှာ ဆက်နေမယ်ဆိုရင်လည်း အနာဂတ်က မယ်မယ်ရရမရှိဘူး။ ဒါကြောင့် သူတို့နေရပ်တွေဆီ ပြန်နေချင်တဲ့ တချို့တွေ ရှိတယ်ပေါ့နော်။ အဲဒါ ကျနော်တို့ကို တင်ပြတဲ့အခါကျတော့ ကျနော်တို့လည်း UN ကို တင်ပြတယ်။ သူတို့ဘက်က လည်း ကိုယ့်ဆန္ဒအလျောက် ပြန်ချင်တဲ့သူတွေ စာရင်းပေးလို့ရကြောင်း လမ်းဖွင့်ပေးတယ်။ အဲဒီတော့ နေရပ်ပြန်ချင်တဲ့သူတွေ က သူတို့ဆန္ဒအလျောက် စာရင်းပေးသွင်းပြီးတော့ သူတို့(UNHCR)က ခုလို စီစဉ်တာဖြစ်ပါတယ်”ဟု ပြောသည်။
ယနေ့ ပြန်လည်ရောက်ရှိလာသည့် နေရပ်ပြန်ဒုက္ခသည်များကို ကျောက်လုံးကြီး ပြန်လည်နေရချထားရေးစခန်းတွင် ၃ရက်ခန့် ယာယီ နေရာချထားပေးပြီးနောက် အများစုဖြစ်သည့် ကရင်ပြည်နယ်မှ မိသားစုများကို မြဝတီမြို့နယ်အတွင်းရှိ လေးကေကော် မြို့သစ်တွင် နေရာချထားပေးမည်ဖြစ်ကာ တချို့မိသားစုဝင်များ၏ သဘောဆန္ဒအရ နေရပ်များသို့ပြန်လည်ပို့ဆောင်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။
ထိုင်း-မြန်မာနယ်စပ်ဒုက္ခသည်စခန်းတစ်ခုဖြစ်သည့် နို့ဖိုးဒုက္ခသည်စခန်းတွင် နှစ်ပေါင်းများစွာ ခိုလှုံနေထိုင်နေခဲ့ပြီး နေရပ်ပြန်လာ သည့် ဒုက္ခသည်မိသားစုများအနေဖြင့် အစိုးရ၏ စီစဉ်နေရာချထားပေးမှုအပေါ်တွင် လိုက်ပါနေထိုင်လိုသူများရှိသလို တချို့မှာ မိမိတို့နေရပ်များတွင်သာ ပြန်လည်အခြေချ လုပ်ကိုင်စားသောက်ရန်လိုလားသူများလည်း ရှိနေသည်။
ဒုက္ခသည်တစ်ဦးဖြစ်သူ စောကြွယ်က “ဒီမှာက ကိုယ့်နယ်မြေဆိုတော့ အေးဆေးပြီဆိုတော့ ကိုယ့်ဆန္ဒအလျောက်ပဲ ပြန်လာတာ ပေါ့။ ဒုက္ခသည်စခန်းမှာနေရတာ ဘာအခက်အခဲမှမရှိဘူး။ ဒါပေမယ့် ဘာမှမဖြစ်လာဘူး။ တစ်ဝမ်းတစ်ခါးအတွက်တော့ ရတာ ပေါ့။ အခု ပြန်ရောက်တော့ ကိုယ့်ရွာရှိတဲ့ ဘုရားသုံးဆူဘက်ပဲ ပြန်မယ်။ ဟိုရောက်ရင် တောင်ယာလုပ်စား၊ လယ်လုပ်စားပေါ့။ ဒီမှာတော့ မနေဘူး”ဟု ပြောသည်။
ဒုက္ခသည်မိသားစုများအတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဋ္ဌာနမှ မိသားစု ၁စုလျှင် မြန်မာ ကျပ်ငွေ ၃သိန်း မြန်မာနုိုင်ငံကြက်ခြေနီအသင်းမှ ၁သိန်းအပြင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး-UNHCR၊ IOM တို့မှ ဒုက္ခသည်များအတွက် နေရာထိုင်ခင်းနှင့် အသုံးအဆောင်ပစ္စည်းများ ကူညီပေးထားကြောင်း သိရသည်။
ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ ဒုက္ခသည်စခန်း ၉ခုတွင် ကရင်၊ ကရင်နီ၊ မွန်နှင့် ဗမာတိုင်းရင်းသားလူမျိုး စုစုပေါင်း ဒုက္ခ သည်ဦးရေ ၁၀၃,၃၀ဝဦး ရှိသည်ဟု UNHCR အစီရင်ခံချက်တွင် ဖော်ပြပါရှိပြီး နို့ဖိုးဒုက္ခသည်စခန်းရှိ ဒုက္ခသည်ဦးရေမှာ တစ်သောင်းကျော်ရှိကြောင်း The Border Consortium(TBC) က ၂၀၁၆ခုနှစ်၊ ဩဂုတ်လတွင် ထုတ်ပြန်ထားသည့်စာရင်းအရ သိရသည်။