“တစ်မျိုးသားလုံးကို ဆွဲခေါ်နိုင်ဖို့ အားလုံးပါဝင်လာနိုင်တဲ့ အရာကတော့ ယဉ်ကျေးမှုပဲ”
မြို့ကြီးပြကြီးမှာ နေထိုင်ကြီးပြင်းလာကြတဲ့ ကရင်လူငယ်အများစုဟာ မိမိတို့ရဲ့ဘာသာစကားကို ပြောဆိုမတတ်ကြတဲ့သူ အမြောက်အများရှိသလို စာပေနဲ့ယဉ်ကျေးမှုတွေ ထိန်းသိမ်းဖော်ဆောင်ရမှာလည်း အားနည်းတာ တွေ့မြင်နေရလို့ အားမလို မအားရဖြစ်ရတယ်လို့ ပြောလာသူကတော့ စဘီကျင်ဦးပါ။
သူဟာ ကရင်စကားကို တောရွာနေ အခြားကရင်လူငယ်လိုပဲ ပြောဆိုနိုင်တဲ့အပြင် စာပေယဉ်ကျေးမှုတွေမှာလည်း စွမ်းစွမ်းတမံ လုပ်ဆောင်နိုင်နေတဲ့ လူငယ်တစ်ဦး ဖြစ်ပါတယ်။ လက်ရှိ အနေအထားအရ ကရင်လူမျိုးရဲ့ စည်းလုံးညီညွှတ်မှုရှိဖို့ ဆွဲဆောင်နိုင် မယ့်အရာက ယဉ်ကျေးမှုသိဖို့လိုတယ်လို့ ယုံကြည်ကြောင်း ပြောတာကတော့ “ယဉ်ကျေးမှုဟာ လူမျိုးတစ်မျိုးရဲ့ပြယုဂ်ပါပဲ။ လူမျိုးတစ်မျိုးရဲ့ အဆင့်တန်းကို ဖေါ်ပြနိုင်တယ်။ ယဉ်ကျေးမှုနဲ့ လူမျိုးတစ်မျိုးကို စည်းရုံးလာနိုင်တယ်။ (ဒုံးအက) နိုင်ငံတော်အ ဆင့် သွားရောက်ဖျော်ဖြေတဲ့အခါ နိုင်ငံတကာပရိဿတ်တွေက ကရင်လူမျိုးရဲ့ ယဉ်ကျေးမှုဟာ အဆင့်မနိမ့်မှန်းသိတော့ ဂုဏ်ပြု အားပေးတာကိုလည်း တွေ့ရတယ်။ ဒါကြောင့် ယဉ်ကျေးမှုဖော်ထုတ်ဖို့နဲ့ပတ်သက်ပြီး ကျနော့်ရဲ့ယုံကြည်မှုက ပိုပြီး ခိုင်မာလာပါ တယ်။”
ပေါ့ပါးသွက်လက်ပြီး စောကျင်သိန်းနဲ့ နန်းဘေဘီစန်းတို့ရဲ့ တစ်ဦးတည်းသောသားအသက် ၃၂နှစ်အရွယ် စဘီကျင်ဦးဟာ ကရင်ပြည်နယ်၊ ဖားအံမြို့မှာ ကြီးပြင်းလာခဲ့သလို မော်လမြိုင်တက္ကသိုလ်မှာ ဥပဒေဘွဲ့ (L.L.B)နဲ့ ၂၀၀၇ခုနှစ်က အောင်မြင်ခဲ့တဲ့ ခေတ်ပညာတတ် လူငယ်ဖြစ်ပါတယ်။ ကရင်စာပေကို သူ ၇တန်းကျောင်းသားအရွယ်ကနေ စတင်သင်ယူခဲ့ပြီး စာပေသင်တန်း နည်းပြကိုတော့ ၂၀၀ဝခုနှစ်မှာ လုပ်ဆောင်ခဲ့တာ ၂၀၁ဝခုနှစ်၊ စာပေသင်တန်းမှူးဖြစ်လာတဲ့အထိပါပဲ။ ဒါ့အပြင် အဲ့ဒီ ၂၀၁ဝခုနှစ် မှာပဲ ကရင်နိုင်ငံရေးပါတီကြီး ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ စတင်တည်ထောင်ခဲ့ရာမှာ ပါဝင်ခဲ့ပြီး ပါတီမှာ တွဲဖက်အတွင်းရေး မှူးအထိ တာဝန်ယူခဲ့တယ်။ ၂၀၁၆ ခုနှစ်၊ ဇူလိုင်မှာ ပါတီကနေ အနားယူခဲ့တာ အခုဆိုရင် သူစိတ်ဝင်စားခဲ့တဲ့ ယဉ်ကျေးမှုဘက် ကို ပြန်ဦးလှည့်လာနေပြီး လူမျိုးတစ်မျိုးမှာ မဖြစ်မနေ ထိန်းသိမ်းရမှာက စာပေနဲ့ ယဉ်ကျေးမှုပါလို့ အခုလို နှိုင်းယှဉ်ပြပါတယ်။
“စာပေနဲ့ယဉ်ကျေးမှုဆိုတာ ကဏ္ဍတခုချင်းစီဖြစ်တယ်။ အဓိက စာပေကဏ္ဍခေါင်းစဉ်တစ်ခုအနေနဲ့ ကရင်အမျိုးသားတစ်ရပ်လုံး ပါဝင်လာနိုင်ဖို့ အခက်အခဲရှိတယ်။ စာပေတွေ ကွဲပြားကြပြီး ဘာသာရေးတွေနဲ့ ဆက်နွယ်မှုရှိတော့ အားနည်းနေတယ်။ တဖက် မှာလည်း အားလုံး စာပေတွေ ပါဝင်လာနိုင်ဖို့ ကြိုးစားစည်းရုံးခဲ့ရာမှာ အောင်မြင်သင့်သလောက် အောင်မြင်ပေမယ့် အားရကျေ နပ်တဲ့အထိ ဖြစ်မလာနိုင်သေးဘူး။ ဒါကြောင့် တစ်မျိုးသားလုံးကို ဆွဲခေါ်နိုင်ဖို့ အားလုံး ပါဝင်လာနိုင်တဲ့အရာကတော့ ယဉ်ကျေး မှုပဲ။ ယဉ်ကျေးမှု ကဏ္ဍက တစ်မျိုးသားလုံးအတွက် အဓိကကျတယ်”လို့ ဆိုပါတယ်။
စဘီကျင်ဦးဟာ ယဉ်ကျေးမှုကို မလုပ်ဆောင်ခင် စာပေကဏ္ဍကို လုပ်ဆောင်ခဲ့တဲ့အတွေ့အကြုံတွေ ရှိခဲ့သူဖြစ်ပါတယ်။ မော်လ မြိုင်တက္ကသိုလ်မှာ ကျောင်းတက်တဲ့အချိန် တက္ကသိုလ်ကျောင်းသူကျောင်းသားတွေကို စုစည်းပြီး ကရင်ရိုးရာဒုံးအကကို စတင် လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီနောက် မော်လမြိုင် နည်းပညာတက္ကသိုလ်နဲ့ ကွန်ပျူတာတက္ကသိုလ်ကနေတဆင့် ဖားအံတက္ကသိုလ်နဲ့ နည်းပညာတက္ကသိုလ်အားလုံး ပြန်လည်ချိတ်ဆက်ပြီး ယဉ်ကျေးတစ်ခုထက်မက ကရင့်ရေးရာတွေကိုလည်း စိတ်ဝင်စားလာ အောင် ကရင်ကျောင်းသားကျောင်းသူတွေကို စည်းရုံးပြီး ကြိုးစားလုပ်ဆောင်ခဲ့ပါတယ်။ တက္ကသိုလ်ကျောင်းပြီးတဲ့နောက်မှာ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်းတွေက ကျေးရွာတွေမှာ သွားရောက်ပြီးတော့ ယဉ်ကျေးမှုနည်းပြအနေနဲ့ လိုက်လံသင်ကြားပြီး လက်ဆင့်ကမ်းပေးခဲ့ပါတယ်။
ကရင့်ယဉ်ကျေးမှုတွေထဲက ဒုံးအကကို အဓိကသင်ကြားပြီး ဆုတွေရဖို့ထက် အနုပညာမြောက်ဖို့သာ အဓိကကျတဲ့အကြောင်း ပြီးတော့ ကရင်ဒုံးကတဲ့နေရာမှာ ရှေးဟောင်းကရင်ဒုံးကဟန်တွေကို ထိန်းသိမ်းဖို့၊ နောက် ရှေးဟောင်းနဲ့ ခေတ်ကိုမှီပြီး လူအများ လက်ခံနိုင်တဲ့ အနုပညာအသစ်တစ်ခုကို ဖန်တီးဖို့လိုတယ်လို့ စဘီကျင်ဦးက ပြောပါတယ်။
“ကျနော်တို့ကတော့ အဟောင်းအသစ် ဖန်တီးကြတဲ့အုပ်စုမှာ ပါဝင်ပါတယ်။ ဆုလဒ်ရဖို့တော့ မျှော်မှန်းပြီး လုပ်ဆောင်တာတော့ မဟုတ်ပါဘူး။ အဓိကတော့ လူတွေ လက်ခံလာနိုင်တဲ့ အနုပညာတစ်ခုကို ဖန်တီးချင်တဲ့ ဆန္ဒပါ။ ကိုယ်ဖန်တီးလိုက်တဲ့ အနုပညာ ဟာ ဘယ်လောက်အထိ လူတွေက လက်ခံသလဲဆိုတာပါပဲ”လို့ သူက ဆိုပါတယ်။
ကရင်လူငယ်တွေကို ပန်ကြားချင်တာက ကိုယ့်ကိုယ်ကို ကရင်လို့ သိပြီးတော့ ကိုယ့်လူမျိုးအပေါ်မှာ တာဝန်ကျေဖို့ အရေးကြီး ဆုံးပါ။ ကရင်တွေမှာ စိန်ခေါ်မှုတွေ အများကြီးနဲ့ ပုံစံအမျိုးမျိုး ရင်ဆိုင်နေရတယ်။ ဘာလိုပဲဖြစ်ဖြစ် ကိုယ့်ကြောင့် ကိုယ့်လူမျိုး ဂုဏ်သိက္ခာမကျဖို့ပဲ ဖြစ်တယ်လို့ သူက ဆိုပါတယ်။ ဒါ့အပြင် ကရင်လူငယ်အနေနဲ့ ကိုယ့်လူမျိုးအတွက် ပြန်ပြီးတစ်ခုခု လုပ်ပေး ရပါမယ်။ တစ်ဖက်မှာလည်း အခြားတိုင်းရင်းသားတွေနဲ့ လိုက်လျောညီထွေ အတူတကွ ပူးပေါင်းနေထိုင်နိုင်ရမယ်။ ကရင်ဆိုတဲ့ ကဏ္ဍရယ်၊ လူသားဆန်တဲ့ကဏ္ဍရယ် အားလုံး သဟဇာတ နေထိုင်နိုင်သွားရင် အကောင်းဆုံးပါလို့ စဘီကျင်ဦးက တိုက်တွန်း သွားပါတယ်။