Home သတင်း မိုင်းအန္တရာယ် အသိပညာ‌ပေး လုပ်ငန်းအဖွဲ့ညှိနှိုင်းအစည်းအ‌ဝေး ဖားအံတွင် ကျင်းပ

မိုင်းအန္တရာယ် အသိပညာ‌ပေး လုပ်ငန်းအဖွဲ့ညှိနှိုင်းအစည်းအ‌ဝေး ဖားအံတွင် ကျင်းပ

2158
ဇွန် ၃ဝ ရက်၊ ၂၀၁၆ခုနှစ်။ နန့်သွာ‌ဖောင်

ကရင်ပြည်နယ်အတွင်း မိုင်းအန္တရာယ် ကင်းရှင်းရန် ရည်ရွယ်၍ ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနနှင့် UNICEF တို့ ပူး‌ပေါင်းပြီး မိုင်းအန္တရာယ် အသိပညာ‌ပေး လုပ်ငန်းအဖွဲ့ ပထမအကြိမ် ညှိနှိုင်းအစည်းအ‌ဝေးကို ဇွန် ၂၈ ရက်‌နေ့တွင် ဖားအံမြို့၊ ‌တော်ဝင်ရတနာဟိုတယ်၌ ပြုလုပ်ကျင်းပခဲ့သည်။

ညှိနှိုင်းအစည်းအ‌ဝေး ဦး‌ဆောင်ကျင်းပသည့် ပြည်နယ် လူမှုဝန်ထမ်း ဦးစီးဌာန၊ လက်‌ထောက်ညွှန်ကြား‌ရေးမှူး ဦး‌ဇော်မင်းက “ကရင်ပြည်နယ်အတွင်းမှာ ပြည်သူများ မိုင်းအန္တရာယ် ကင်းရှင်းရန်အတွက် အားလုံးပူး‌ပေါင်း ပါဝင်ဖို့ လိုမယ်။ ပြည်သူလူထုရယ်၊ ဌာနဆိုင်ရာရယ်၊ ငြိမ်းချမ်း‌ရေးအဖွဲ့အစည်း‌တွေနဲ့ တပ်မ‌တော်ရယ်၊ အားလုံး ပူး‌ပေါင်း‌ဆောင်ရွက်မှ ဒီမိုင်းအန္တရာယ် ကင်းရှင်း‌ရေးဆိုတာ ‌အောင်မြင်မှာ ဖြစ်ပါတယ်။ ဒါ‌ကြောင့် ဒီ‌နေ့ တက်‌ရောက်လာတဲ့ အဖွဲ့‌တွေကို ‌မေတ္တာရပ်ခံ တိုက်တွန်းချင်တာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

တစ်‌နေ့တာ ကျင်းပသည့် ယင်းညှိနှိုင်းအစည်းအ‌ဝေးပွဲသို့ ကရင်ပြည်နယ် လွှတ်‌တော်ဥက္ကဌ၊ ‌စောချစ်ခင်က တက်‌ရောက်၍ အဖွင့်အမှာစကား‌ပြောကြားပြီး ပြည်နယ်အဆင့် ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ UNICEFမှ ကိုယ်စားလှယ်များ၊ Dan Church Aid-DCA(Myanmar)မှ တာဝန်ရှိသူများ၊ ကရင်အမျိုးသား အစည်းအရုံး-KNU ဖားအံခရိုင် ဆက်ဆံ ‌ရေးရုံးမှ ကိုယ်စားလှယ်များ၊ ဒီမိုက‌ရေစီ အကျိုးပြု ကရင့်တပ်မ‌တော်-DKBA၊ KNU/KNLA-PCနှင့် ‌မော်လမြိုင်အ‌ခြေစိုက် အ‌ရှေ့‌တောင်တိုင်း စစ်ဌာနချုပ်မှ ကိုယ်စားလှယ်များ၊ ‌လေ့လာသူများ အပါအဝင် စုစု‌ပေါင်း ၅ဝ ဦး‌ကျော် တက်‌ရောက်ခဲ့သည်။

ကရင်ပြည်နယ်အတွင်း ‌ရှေ့ဆက်၍ မိုင်းအန္တရာယ် ပညာ‌ပေးလုပ်ငန်းများကို ဆက်လက်‌ဆောင်ရွက်သွားရန်၊ ငြိမ်းချမ်း‌ရေးဖြစ်စဉ်များ တိုးတက်‌ကောင်းမွန်လာပါက စစ်‌ဘေးဒုက္ခသည်များ ပြန်လည်‌နေထိုင်မည့် ‌နေရာများတွင် မိုင်းရှင်းလင်း‌ရေး လုပ်ငန်းများကို လုပ်‌ဆောင်ရန် စသည်တို့ကို တက်‌ရောက်ခဲ့သူ ကိုယ်စားလှယ်များက အစည်းအ‌ဝေးတွင် ‌ဆွေး‌နွေးခဲ့ကြသည်ဟု သိရသည်။

‌လေ့လာသူအဖြစ် ၎င်းအစည်းအ‌ဝေး တက်‌ရောက်ခဲ့သည့် ၈၈ငြိမ်းချမ်း‌ရေးနှင့် ပွင့်လင်းလူအဖွဲ့အစည်းမှ ဖားအံမြို့နယ်၊ တာဝန်ခံ ကိုမြင့်‌အောင်က “လူထုကို မိုင်းနဲ့ ပတ်သက်တဲ့ အသိပညာ‌ပေးအလုပ်ကို လုပ်ချင်တယ်။ မိုင်းအ‌ကြောင်း သိထားတာနည်း‌တော့ လာ‌လေ့လာတာ။ ဘယ်လိုပုံစံ ပညာ‌ပေးလုပ်ငန်း‌တွေ လုပ်ရင် ဖြစ်မလဲ သိရ‌အောင်ပါ။ ဝင်‌ရောက်‌ဆွေး‌နွေးတာ‌တော့ မရှိခဲ့ပါဘူး။ နားလည်‌အောင် လာ‌လေ့လာတာ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မြန်မာနိုင်ငံ မိုင်းအန္တရာယ် အသိပညာ‌ပေးလုပ်ငန်း ‌ကော်မတီကို ပဋိပက္ခ‌ဒေသအတွင်းမှ က‌လေးများ မိုင်းအန္တရာယ် အသိပညာ‌ပေးရန် လိုအပ်‌ကြောင်း ကုလသမဂ္ဂ က‌လေးသူငယ် အခွင့်အ‌ရေးဆိုင်ရာ ‌ကော်မတီ သ‌ဘောတူစာချုပ်အရ ၂၀၁၂ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်‌ကြောင်း သိရသည်။