Home သတင်း နယ်စပ်အ‌ခြေစိုက် ကျန်းမာ‌ရေးလုပ်သား ၃ဝ ကို ထိုင်းတက္ကသိုလ်တစ်ခုမှ ကျန်းမာ‌ရေးဆိုင်ရာ အသိအမှတ် ပြုလက်မှတ်‌ပေးအပ်

နယ်စပ်အ‌ခြေစိုက် ကျန်းမာ‌ရေးလုပ်သား ၃ဝ ကို ထိုင်းတက္ကသိုလ်တစ်ခုမှ ကျန်းမာ‌ရေးဆိုင်ရာ အသိအမှတ် ပြုလက်မှတ်‌ပေးအပ်

1783
ဇွန် ၃ဝရက်၊ ၂၀၁၆ခုနှစ်။ စဖန်း‌ရှောင်း

ထိုင်း-မြန်မာနယ်စပ် နယ်စပ်အ‌ခြေစိုက် ကျန်းမာ‌ရေးအဖွဲ့အစည်း ၄ဖွဲ့မှ Senior Level အဆင့် ကျန်းမာ‌ရေး လုပ်သား ၃ဝ ဦးကို ထိုင်းနိုင်ငံ တက္ကသိုလ်တစ်ခုဖြစ်‌သော Khon Kaen University (KKU)က ဇွန် ၂၉ရက် ‌နေ့က မဲ‌ဆောက်မြို့၊ Centara Mae Sot Hill Resort ဟိုတယ်တွင် ကျန်းမာ‌ရေး စီမံခန့်ခွဲမှုဆိုင်ရာ အသိအမှတ်ပြုလက်မှတ်များ‌ပေးအပ်ခဲ့သည်။

မယ်‌တော်‌ဆေးခန်း MTC၊ Khon Kaen University၊ USAID၊ PLE၊ IRC အဖွဲ့များ၏ ပံ့ပိုးကူညီမှုများနှင့် ကရင်ကျန်းမာ‌ရေး အဖွဲ့အစည်းများဖြစ်သည့် BPHWT၊ BMA၊ KDHW တို့ ပူး‌ပေါင်းပါဝင်မှုဖြင့် ဧပြီ ၂၄ရက် ‌နေ့မှစတင်ကာ မယ်‌တော်‌ဆေးခန်းတွင် သုံးလကြာ ဖွင့်လှစ်သည့် ကျန်းမာ‌ရေး အ‌ထောက်အကူပြု စီမံခန့် ခွဲမှုဆိုင်ရာသင်တန်းအပြီး ပြုလုပ်‌သော သင်တန်းဆင်းပဲတွင် အဆိုပါ လက်မှတ်‌ပေးအပ်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ‌ဆေးပညာရှင်များအသင်း(BMA) ဒါရိုက်တာ ‌စော‌နေထူးက “ဒီသင်တန်းက ကျ‌နော်တို့နယ်စပ် ကျန်းမာ‌ရေးအဖွဲ့အစည်း‌တွေအ‌နေနဲ့ ကျန်းမာ‌ရေးလုပ်သား‌တွေကို တက္ကသိုလ် တစ်ခုခုရဲ့ တရားဝင်ဖြစ်တဲ့ ကျန်းမာ‌ရေးဆိုင်ရာ အသိအမှတ်ပြုလက်မှတ်ရှိ‌ရေး ကြိုးစားမှုထဲက တစ်ခုဖြစ်တယ်။ ဒါ့အပြင် ကျန်းမာ‌ရေး နဲ့ ပတ်သက်တဲ့ စီမံခန့်ခွဲမှု အရည်အချင်းမြှင့်တင်ဖို့လည်း ရည်ရွယ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယင်းသင်တန်းကို မယ်‌တော်‌ဆေးခန်းမှ ၂၂ ဦး၊ BMA မှ ၄ ဦး၊ BPHWT မှ ၃ ဦး၊ KDHW မှ ၁ ဦးတို့ ပါဝင် တက်‌ရောက်ခဲ့ကြပြီး ‌ဆေးခန်းနှင့် သက်ဆိုင်သည့် စီမံခန့်ခွဲမှုများ၊ ကျန်းမာ‌ရေးစနစ်များ၊ လူထုကျန်းမာ‌ရေး ပညာရပ်များကို ရက်သတ္တတစ်ပတ်လျှင် ၃ရက်ဖြင့် ဖွင့်လှစ်သင်ကြား‌ပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

မယ်‌တော်‌ဆေးခန်းမှ သင်တန်းသူတစ်ဦးဖြစ်သူ ‌နော်ထူးက “သင်တန်းမှာနည်းစနစ်ပိုင်း‌တွေ၊ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်င်ရဲ့ကျန်းမာ‌ရေးစနစ်‌တွေကို အကုန်သိခွင့်ရတယ်။ ‌နောက်ပြီး အခုလို တရားဝင် အသိအမှတ်ပြု လက်မှတ်ရဖို့က မလွယ်ဘူး‌လေ။ အခု ကျမတို့ဆီမှာ ဒီလိုအသိမှတ်ပြုလက်မှတ်ရ‌တော့ ကိုယ့်အတွက်‌ရော အဖွဲ့အစည်းအတွက်‌ရော ပို‌ကောင်းသွားတာ‌ပေါ”ဟု ‌ပြောသည်။

နယ်စပ်အ‌ခြေစိုက်သည့် ကျန်းမာ‌ရေးအဖွဲ့အစည်းများသည် အစိုးရလက်လှမ်းမမီသည့် ‌နေရာများတွင် ရှိသည့် လူထုများ၏ ကျန်းမာ‌ရေး‌စောင့်‌ရှောက်‌ရေးလုပ်ငန်းများ လုပ်‌ဆောင်‌ပေး‌နေကြသည့် အဖွဲ့အစည်း များဖြစ်ပြီး ၎င်းတို့ကျန်းမာ‌ရေးလုပ်သားများအား တရားဝင် အသိအမှတ်ပြု‌ရေးလိုလား‌နေကြ‌ကြောင်းလည်း သိရသည်။

ထိုကျန်းမာ‌ရေး စီမံခန့်ခွဲမှုဆိုင်ရာ အသိအမှတ်ပြုလက်မှတ်များ‌ပေးအပ်ခဲ့သည့် ထိုင်းတက္ကသိုလ် Khon Kaen University (KKU)မှာ ထိုင်းနိုင်ငံ အ‌ရှေ့‌မြောက်ပိုင်းတွင်ရှိပြီး ၁၉၆၄ဇန်နဝါရီလ ၂၅ရက်‌နေ့တွင် စတင်တည်‌ထောင်ခဲ့ကာ ထိုင်းနိုင်ငံ၏ သက်တမ်းအရှည်ကြာဆုံးနှင့် အကြီးဆုံး တက္ကသိုလ်များထဲတွင် တစ်ခုအပါအဝင်ဖြစ်‌ကြောင်း သိရသည်။