ဇွန် ၂၅ရက်၊ ၂၀၁၆ခုနှစ်။ စဖန်းရှောင်း
ကရင်အမျိုးသားအစည်းအရုံး-KNU ဘိတ်-ထားဝယ်ခရိုင်အတွင်းရှိ KNU ဂိတ်တစ်ခုဖြစ်သည့် ထီးခီးဂိတ်ကို ဖယ်ရှားပေးရန် ဒေသအခြေစိုက် အစိုးရတပ်မတော်ဘက်မှ ပြောဆိုလာမှုအပေါ် ငြိမ်းချမ်းသည့်နည်းဖြင့်သာ ညှိနှိုင်းဖြေရှင်းသွားမည်ဖြစ် ကြောင်း အဆိုပါ KNU ခရိုင်၏ ဥက္ကဌ ပဒိုစောဆာပိတုက ကေအိုင်စီသို့ ပြောသည်။
၎င်းက “ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့ ငြိမ်းချမ်းရေး ဖော်ဆောင်တဲ့ကာလအတွင်း ကျနော်တို့လူကြီးတွေ နားလည်မှု ယူထား တယ်။ ဒါကလည်း ကျနော်တို့ တပ်ဖွဲ့ဝင်တွေ စားဝတ်နေရေးဖြေရှင်းဖို့အတွက် ဖြစ်ပါတယ်။ ခေါင်းဆောင်လူကြီးတွေရဲ့ လမ်း ညွှန်မှုနဲ့ ကျနော်တို့အနေနဲ့က ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပဲ တစ်ဆင့်ချင်း ညှိနှိုင်းဆွေးနွေး အဖြေရှာသွားမှာ ဖြစ်ပါတယ်”ဟု ယနေ့ ပြော သည်။
လက်ရှိ ဖြစ်ပေါ်နေသည့်ပြဿနာကို ယခုနှစ် ဖေဖော်ဝါရီ ၂၅ရက်နေ့က မြိတ်မြို့၌ ဖွဲ့စည်းခဲ့သည့် အစိုးရဘက်မှ ကရခ (ကမ်းရိုး တန်းတိုင်းစစ်ဌာနချုပ်)တိုင်းမှူး အပါအဝင် KNU ခေါင်းဆောင်အချို့နှင့် အရပ်သား ကိုယ်စားလှယ်များပါဝင်သော အဖွဲ့ဝင် ၁၄ဦး ပါ ပြည်နယ် (သို့) တိုင်းဒေသကြီးအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-S မှ ဆွေး နွေးအဖြေရှာရမည်ဖြစ်ကြောင်း ပဒိုစောဆာပိတုက ဆက်ပြောသည်။
ထီးထဗျူဟာမှူး၏ ညွှန်ကြားမှုဖြင့် ဇွန်လ ၂ဝရက်နေ့၊ ညနေ ၃နာရီအချိန်တွင် ခလရ(၁၇) ယာယီ တပ်ရင်းမှူး ဗိုလ်မှူးတစ်ဦး အပါအဝင် ဒုညွန်မှူးတစ်ဦး၊ စရဖ တာဝန်ခံတစ်ဦးသည် ထိုဂိတ်သို့ ရောက်ရှိလာပြီး သုံးရက်အ တွင်း ဂိတ်ကို ဖယ်ရှားပေးရန် ပြောဆိုလာသည့်အတွက် ယခုလိုနှစ်ဘက် မကျေလည်မှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
၎င်းအပြင် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးဇော်လွင်က ဇွန်လ ၂၂ရက်နေ့တွင် ဘိတ်-ထားဝယ်ခရိုင် ဥက္ကဌ ပဒိုစောဆာပိတုနှင့် တွေ့ ဆုံခဲ့ပြီး အဆိုပါဂိတ်အား ဖယ်ရှားပေးရန် ထပ်မံ ပြောဆိုလာသည့်အတွက် ဇွန်လ ၂၃ရက်နေ့တွင် KNU ဘိတ်-ထားဝယ်ခရိုင် တာဝန်ရှိသူများအတွင်း အရေးပေါ်အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ရသည်။
ထို့နောက် KNU ဘိတ်ထားဝယ်ခရိုင် တာဝန်ရှိသူအချို့သည် ဇွန်လ ၂၄ရက်နေ့တွင် တနသင်္ာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဒေါ်လဲ့လဲ့မော်နှင့် သွားရောက်တွေ့ဆုံခဲ့ရာ ဝန်ကြီးချုပ်မှ ယင်းကိစ္စကို ဆက်လက် ဆွေးနွေးညှိနှိုင်းကြရန် သဘော ထားမှတ်ချက်ပေးခဲ့သလို သူမအနေဖြင့်လည်း ဇွန်လကုန်တွင် ၎င်းနေရာသို့ သွားရောက်လေ့လာရန်ရှိကြောင်း ပြောဆိုခဲ့သည် ဟု သိရသည်။
တနသင်္ာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ ထီးခီးဂိတ်ကို ပြီးခဲ့သည့် ၂၀၁၃ခုနှစ်က ဖွင့်လှစ်ခဲ့ခြင်းဖြစ် သည်။ ပြဿနာဖြစ်ပွားခါစတွင် စိုးရိမ်မှုများရှိသော်လည်း လက်ရှိ အခြေအနေအရ အဆိုပါဂိတ်မှာ ပုံမှန် အခြေအနေအတိုင်း အေးချမ်းစွာ ရှိနေကြောင်း ဒေသခံများက ပြောသည်။