မတ် ၁၅ရက်၊ ၂၀၁၆ခုနှစ်။ နန်းဝေဖြိုးဇာ
တိုင်းရင်းသားဒေသများကို ဖြတ်သန်းစီးဆင်းနေသည့် သံလွင်မြစ်ပေါ်တွင် ရေကာတာစီမံကိန်းများ ၁၈ခု တည်ဆောက်ရန် နား လည်မှုစာချွန်လွှာ(MOU) လက်မှတ်ထိုးခဲ့မှုအပေါ် စိုးရိမ်ကြောင်း သျှမ်း၊ ကရင်နီ(ကယား)၊ ကရင်နှင့် မွန် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလူမှုအဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် သံလွင်မြစ်ထိန်းသိမ်းကာကွယ်ရေးကွန်ရက်က မတ်လ ၁၄ရက်နေ့တွင် သဘောထားထုတ်ပြန်ခဲ့သည်။
ယခုနှစ် ဖေဖော်ဝါရီ ၂ရက်နေ့တွင် မြန်မာအစိုးရ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနနှင့် တရုတ်ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများက ရေအား လျှပ်စစ်စီမံကိန်း ၁၈ခုအတွက် နားလည်မှုစာချွန်လွှာ(MOU) လက်မှတ်ထိုးခဲ့ပြီးနောက် ရေကာတာစီမံကိန်းများ ဆက်လုပ်လာ မည်ကို သံလွင်မြစ် ထိန်းသိမ်းရေးကွန်ရက်က စိုးရိမ်ခြင်းဖြစ်သည်ဟု ကွန်ရက်အဖွဲ့ဝင် ကရင်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးကွန်ရက်မှ စောသာဘိုးက ကေအိုင်စီသို့ ပြောသည်။
“MOU ထိုးထားတဲ့ ၁၈ခုထဲမှာ သံလွင်ပေါ်မှာလုပ်မဲ့ ရေကာတာတွေ တော်တော်များများ ပါတယ်။ ထိုးတဲ့အထဲမှာ သံလွင်မြစ် ပေါ်က မှှိုင်းတုံတို့၊ ကွမ်းလုံတို့ဆိုရင် အရှေ့တောင်အာရှမှာ အကြီးဆုံးစီမံကိန်းဖြစ်တယ်။ ဒီစီမံကိန်း တကယ်ဖော်ဆောင်ရင် ဖြစ် လာတဲ့ ပဋိပက္ခအများကြီးရှိလို့ ကျနော်တို့က စိုးရိမ်တာ ဖြစ်တယ်”ဟု စောသာဘိုးက ပြောသည်။
ထို့အပြင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂ရက်နေ့က ရေအားလျှပ်စစ်စီမံကိန်း ၁၈ခုအတွက် MOU မတိုင်ခင်ကတည်းက အလားတူ လက်မှတ်ထိုးထားပြီး ဖြစ်သည့်အတွက် အစိုးရသစ် ပြောင်းလဲခါနီးအချိန်တွင် ထပ်မံ လက်မှတ်ထိုးလိုက်ခြင်းသည် လုပ်ငန်း စတင် အကောင်အထည်ဖော်မည့် အခြေအနေမျိုး တွေ့ရကြောင်းလည်း ၎င်းက ကောက်ချက်ချပြောဆိုသည်။
မတ်လ ၁၄ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများထိန်းသိမ်းရေးနှင့် ဆန့်ကျင်ရေးနေ့ အထိမ်းအမှတ် လှုပ်ရှားမှုတစ်ခုကို သံလွင်မြစ်ထိန်းသိမ်းကာကွယ်ရေးကွန်ရက်က သျှမ်းပြည်နယ်၊ အရှေ့ပိုင်းနှင့် တောင်ပိုင်းဆုံရာ၊ မိုင်းတုံမြို့ နယ်၊ သံလွင်မြစ်ကမ်းနံဘေးရှိ ဝမ်ဆာလားရွာ၌ ပြုလုပ်ခဲ့ပြီး ဒေသခံများ၊ သျှမ်း၊ ကရင်၊ ကရင်နီ(ကယား)နှင့် မွန်တို့ အပါအဝင် နိုင်ငံတဝှမ်းရှိ လူမှုအဖွဲ့အစည်းများ တက်ရောက်ကာ သံလွင်မြစ်ပေါ်တွင် ရေကာတာစီမံကိန်းများ ဆောက်လုပ်ခြင်းမပြုရန် စုပေါင်းတောင်းဆိုခဲ့ကြသည်။
ထို့အပြင် ရေကာတာစီမံကိန်းကြောင့် သံလွင်မြစ်စီးဆင်းရာ ဒေသတလျှောက် ထူထပ်နေသည့် သစ်တောများ၊ ဇီဝမျိုးကွဲမျိုးစုံ၊ ပြန်လည် အစားထိုးမရနိုင်သည့် သဘာဝအလှများနှင့် ဒေသခံတိုင်းရင်းသားတို့၏ ရိုးရာ၊ ယဉ်ကျေးမှုများ ထိခိုက်ပျက်စီးနိုင်ခြင်း မှာ မငြိမ်းချမ်းသေးသည့် အခြေအနေများရှိနေသည့်အတွက် ပဋိပက္ခများ ထပ်မံဖြစ်ပွားလာမည်ကို သံလွင်မြစ် ထိန်းသိမ်းကာ ကွယ်ရေးကွန်ရက်က စိုးရိမ်သည်ဟုလည်း ၎င်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိတွင် သံလွင်မြစ်ပေါ်ရှိ မိုင်းတုံရေအားလျှပ်စစ်စီမံကိန်းအား တမံဒီဇိုင်းပြန်လည်ရေးဆွဲခြင်းကို တရုတ်နှင့် ထိုင်းနိုင်ငံတို့က သဘောတူပြီး ရှေ့ဆက်လုပ်ငန်းများ ဆောင်ရွက်ရန် မြန်မာ၊ ထိုင်းနှင့် တရုတ်တို့ သဘောတူထားပြီးဖြစ်သည်ဟု သံလွင်မြစ် ထိန်းသိမ်းကာကွယ်ရေးကွန်ရက်က ပြောသည်။



















