မတ် ၁၅ရက်၊ ၂၀၁၆ခုနှစ်။ စဖန်းရှောင်း
ငြိမ်းချမ်းရေးဖော်ဆောင်နေဆဲကာလအတွင်း ကရင်ပြည်နယ်တွင် ကြီးမားသော ရေကာတာစီမံကိန်းများကို မပြုလုပ်သေးရန် မတ်လ ၁၄ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများထိန်းသိမ်းရေးနေ့နှင့် ရေကာတာများ ဆန့်ကျင်ရေး နေ့၌ ကရင်မြစ်ချောင်းများ စောင့်ကြည့်ရေးအဖွဲ့(KRW) နှင့် ဒေသခံ ကရင်လူထုတို့က တောင်းဆိုလိုက်သည်။
အဆိုပါနေ့ အခမ်းအနားကို ကရင်ပြည်နယ် ဖာပွန်ခရိုင် အီတိုးထာ့ပြည်တွင်းဒုက္ခသည်စခန်းအနီးရှိ သံလွင်မြစ်ကမ်းနံဘေးတွင် ကရင်မြစ်ချောင်းများစောင့်ကြည့်ရေးအဖွဲ့(KRW)နှင့် ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှုလှုပ်ရှားမှုကွန်ယက်-KESAN တို့ ဦး ဆောင်ကျင်းပခဲ့ကြပြီး ၎င်းတို့အနေဖြင့် အစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံး-KNU တို့ကို ယခုလို တောင်းဆိုလိုက်ခြင်းဖြစ် သည်။
KESAN သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ နော်ဆာမူးက “အခုလက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တွေ တစ်ပြိုင်နက်တည်း လုပ်နေတယ် လို့မြင်တယ်။ တစ်ချို့ကိစ္စတွေမှာ ပဋိပက္ခဖြစ်ပေါ်မှုကို ဦးတည်စေတယ်။ ကျမတို့ဖြစ်စေချင် တာက ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့အတူ နိုင်ငံရေးဆွေးနွေးပွဲတွေအပြီး ခိုင်မာတဲ့ငြိမ်းချမ်းရေးရမှ လုပ်သင့်တယ်မြင်လို့ အခုလို တောင်းဆိုခြင်းဖြစ်ပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ပြီးခဲ့သည့် ၂၀၁၄ခုနှစ်က ကရင်ပြည်နယ်အတွင်းရှိ ဟတ်ကြီးရေကာတာ အနီးတဝိုက်တွင် အစိုးရတပ်၊ နယ်ခြားစောင့်တပ်နှင့် ဒီကေဘီအေတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခြင်း၊ ယင်းနေရာအနီးတဝိုက်တွင် အစိုးရတပ်မှ နယ်မြေကျူးကျော်လှုပ်ရှားမှုများ မကြာခန ပြုလုပ်လာခြင်းတို့ကြောင့် KNLA နှင့် ထိပ်တိုက် ပဋိပက္ခ ဖြစ်ပေါ်လာရန် စိုးရိမ်ရမည့် အခြေအနေရှိကြောင်း ကရင် မြစ်ချောင်းများအရေး လှုပ်ရှားနေသူများက ထောက်ပြပြောဆိုသည်။
KNLA ဒုစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးစောဘောကျော်ဟဲက “ကျနော့်တစ်ယောက်အနေနဲ့ကတော့ ရေကာတာစီမံကိန်းတွေ မလုပ် ပါနဲ့လို့ တောင်းဆိုလို့မရဘူး။ ကျနော်တို့ဟာ ကရင်ပြည်သူတွေကို အကာအကွယ်ပေးရမယ့် အဖွဲ့အစည်းဖြစ်တာကြောင့် ပြည် သူတွေရဲ့ လိုလားချက်ဆန္ဒတွေအတိုင်း အကောင်အထည်ဖော်ပေးရမှာဖြစ်ပါတယ်”ဟု ကေအိုင်စီသို့ ပြောကြားသည်။
အီတိုးထာ့ IDP စခန်းအနီးတွင် ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာမြစ်ချောင်းများ ထိန်းသိမ်းရေးနေ့နှင့် ရေကာတာများ ဆန့်ကျင် ရေးနေ့အခမ်းအနားသို့ ဒုဗိုလ်ချုပ်ကြီးစောဘောကျော်ဟဲ၊ KRW အဖွဲ့ဝင် ကရင်လူမှုအဖွဲ့စည်းများဖြစ်သည့် KESAN၊ KWO၊ KYO၊ KSNG၊ FTUK နှင့် KORD အဖွဲ့များအပြင် အီတူးထာ့စခန်းရှိ ဒုက္ခသည်များ အပါအဝင် လူဦးရေပေါင်း ၈၀၀ကျော် ပါဝင် တက်ရောက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် “သံလွင်မြစ်ကြီး သဘာဝအတိုင်းစီးဆင်းပါစေ၊ တည်တံ့ပါစေ” စသည့်ကြွေးကြော်မှုများ၊ ပိုစတာများ နှင့်အတူ မိမိတို့ ယုံကြည်ရာ ဘာသာအလိုက် ဆုတောင်းပွဲများ ပြုလုပ်ခဲ့ကြသလို ရေကာတာဆောက်လုပ်မှုကြောင့် ဆိုးကျိုးခံ စားခဲ့ရသူများက ၎င်းတို့ခံစားခဲ့ရသည့်အခြေအနေများကို ပြန်လည်မျှဝေခြင်းနှင့် လူထု၏ စိုးရိမ်မှုများ၊ လိုလားချက်များကို ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။
အီတူးထာ့စခန်းဥက္ကဋ္ဌ စောညာထောက “သံလွင်မြစ်မှာ ရေကာတာဆောက်မယ်ဆို ကျနော်တို့ အသွားအလာ၊ လုပ်ကိုင်စား သောက်ရမှုတွေမှာ အများကြီး ခက်ခဲလာလိမ့်မှာကို ကျနော်စိုးရိမ်တယ်။ ဒါကြောင့် ဒီအခမ်းအနားမှာ ပါဝင်တာပါ။ မလုပ်ပါစေနဲ့ လို့လည်း ကျနော်ကတော့ ဆုတောင်းတယ်။ အဲလိုမလုပ်ဖြစ်အောင် သက်ဆိုင်ရာ ခေါင်းဆောင်တွေ၊ လူကြီးတွေကိုလည်း တောင်းဆိုပါတယ်”ဟု ပြောသည်။
ယခင်အစိုးရလက်ထက် သံလွင်မြစ်ပေါ်တွင် အကောင်အထည်ဖော်ရန်ရှိသည့် ရေကာတာစီမံကိန်း ၁၈ခုနှင့်ပတ်သက်၍ သံလွင် မြစ်တစ်လျှောက် နေထိုင်ကြသည့် ဒေသခံတိုင်းရင်းသားများနှင့် သံလွင်မြစ်ထိန်းသိမ်းကာကွယ်ရေးအဖွဲ့များက ၎င်းတို့၏စိုးရိမ်မှု များနှင့် သဘောထားများကို အသီးသီး ထုတ်ပြန်ထားခဲ့ပြီးဖြစ်သည်။
မတ်လ ၁၄ရက်(ယမန်နေ့)က ကျရောက်သော အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများထိန်းသိမ်းရေးနှင့် ရေကာတာများ ဆန့်ကျင် ရေးနေ့ကိုု ကယားပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တုို့တွင် ပြုလုုပ်ခဲ့ကြပြီး ကရင်ပြည်နယ်၊ အီတူးထာ့စခန်းတွင် ယခုနှစ် အခမ်းအနားမှာ ဒုတိယအကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။