ဆောင်းပါး – မောင်ကျော်စွာ
နိုဝင်ဘာ ၁၉ရက်၊ ၂၀၁၅ခုနှစ်။ ကေအိုင်စီ
လူမျိုးပေါင်းစုံပြည်သူတွေရဲ့ ရင်ထဲ အသဲထဲမှာ “အမှန်တကယ် ပြောင်းလဲဖို့” ဆန္ဒတွေ ဘယ်လောက် ပြင်းထန်တယ်၊ နက်ရှိုင်းတယ်၊ ကျယ်ပြန့်တယ်၊ ကြီးမားတယ်ဆိုတာ (NLD) ပါတီရရှိခဲ့တဲ့ မဲရလဒ်တွေက တိတိကျကျ၊ ထင်ထင်ရှားရှား သက်သေပြနေပါတယ်။ ပြည်သူ့လွှတ်တော်နေရာ (၃၂၃)အနက် (၂၅၄)နေရာ၊ အမျိုးသားလွှတ်တော်နေရာ (၁၆၈)အနက် (၁၃၅)နေရာ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်နေရာ (၆၃၀)အနက် (၄၇၄)နေရာ၊ တိုင်းဒေသကြီး/ပြည်နယ် (တိုင်းရင်းသားလူမျိုး) ၂၉ဦးအနက် (၁၇)ဦး စသဖြင့် (NLD) ပါတီက ရရှိခဲ့ပါတယ်။
ဒီရလဒ်ဟာ အညာအကျေ – တောင်ပေါ်မြေပြန့် – မြို့ပြကျေးလက်အားလုံးမှာ နေထိုင်ကြတဲ့ ပြည်သူလူထုတစ်ရပ်လုံးရဲ့ ဆန္ဒနဲ့ သဘောထားပဲ ဖြစ်ပါတယ်။ အားလုံးက (NLD)ပါတီကို ကြည့်ပြီး မဲတွေ ပုံအောပေးခဲ့ကြပါပြီ။
ဒါကြောင့် အမှန်တကယ် အပြောင်းအလဲကို တကယ်တမ်း ထိထိရောက်ရောက် ဖော်ဆောင်ပေးရမယ့် တာဝန်ဟာ (NLD) ပါတီ နဲ့ ရွေးချယ်ခံ ကိုယ်စားလှယ်လောင်းအားလုံးရဲ့ ပခုံးပေါ်မှာ ကျရောက်နေပါပြီ။ ဒီတာဝန်ကို ကျေပွန်ပြီးမြောက်အောင် (NLD)ပါ တီနဲ့ ကုိုယ်စားလှယ်တွေ ထမ်းဆောင်ရတော့မှာပဲ ဖြစ်ပါတယ်။
မကြာခင် လွှတ်တော်သစ်ခေါ်ပြီး အစိုးရသစ်ကို (NLD)ပါတီနဲ့ အနိုင်ရကိုယ်စားလှယ်တွေက ဦးဆောင်ဖွဲ့စည်းကြရတော့မှာပါ။ ဒီတော့ ဘယ်လိုလွှတ်တော်နဲ့ ဘယ်လိုအစိုးရကို ဖွဲ့စည်းမှာလဲ။ အမှန်တကယ် အပြောင်းအလဲအတွက် ပထမဦးဆုံးနဲ့ အရေးကြီးဆုံး ခြေလှမ်းကတော့ လွှတ်တော်နဲ့ အစိုးရကို (NLD)ပါတီနဲ့ ရွေးချယ်ခံကိုယ်စားလှယ်တွေက ဘယ်လိုဖွဲ့စည်းမှာလဲဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ အစကောင်းမှ အနှောင်းသေချာမယ်ဆိုတဲ့ စကားလည်းရှိသားပဲ မဟုတ်လား။
(NLD) ပါတီနဲ့ ရွေးချယ်ခံကိုယ်စားလှယ်များက ဖွဲ့စည်းမယ့် လွှတ်တော်နဲ့အစိုးရဟာ ယခင့်ယခင်က လူမျိုးစုံပြည်သူများအပေါ် ဖိနှိပ်အုပ်စိုး မင်းမူခဲ့တဲ့ အုပ်စိုးသူများ၊ လွှတ်တော်များ၊ အစိုးရများနဲ့ အသွင်သဏ္ဍာန်ရော အနှစ်သာရအရပါ ပြတ်ပြတ်သားသား ကွဲပြားခြားနားဖို့ မုချလိုအပ်ပါတယ်။ “တစ်စုံတစ်ခု”ကို မေတ္တာရပ်ခံနေရတဲ့၊ မျက်နှာရိပ် မျက်နှာကဲကြည့်ပြီး လှုပ်ရှားနေရတဲ့ လွှတ်တော်နဲ့ အစိုးရမျိုးတော့ မဖြစ်ဖို့လိုပါတယ်။
(NLD)ပါတီက ပြောခဲ့တဲ့ “ကျမတို့ အဓိကအပြောင်းအလဲ လုပ်ချင်တဲ့စနစ်ဟာ အာဏာရှင်စနစ်ကနေ ပြီးတော့ တာဝန်ယူမှုစနစ် ကို ပြောင်းလဲချင်တာပါ”ဆိုတဲ့ အပြောင်းအလဲကို ပီပီပြင်ပြင် ဦးတည်နိုင်တဲ့ လွှတ်တော်နဲ့အစိုးရအဖြစ် ပြောင်းလဲနိုင်ဖို့ လိုအပ်ပါတယ်။
ဒီနေရာမှာ ပြည်တွင်းပြည်ပနေ ပုံစံမျိုးစုံနဲ့ အခါတော်ပေးနေကြတာတွေထဲမှာ “သင့်မြတ်ရေးအစိုးရ” ဆိုတဲ့အသံက အကျယ်လောင်ဆုံး ဖြစ်မယ်ထင်ပါတယ်။ ဒီလို အခါတော်ပေးနေတာတွေထက် (NLD) ကိုယ်စားလှယ်တွေကို မဲပုံပေးခဲ့ကြတဲ့ လူမျိုးပေါင်းစုံ ပြည်သူတွေရဲ့ဆန္ဒနဲ့ တကယ်တမ်း ကိုက်ညီတဲ့ လွှတ်တော်နဲ့အစိုးရကို ဖွဲ့စည်းဖို့က ပိုပြီး ပဓါနကျပါတယ်။ ဒီတော့ ပြည် သူတွေမဲပေးခဲ့တဲ့ ရည်ရွယ်ချက်နဲ့ မျှော်မှန်းချက်ကို အလေးအနက်ထားကြပါ။ ပြည်သူတွေက ညွန့်ပေါင်းအစိုးရ – သင့်မြတ်ရေး အစိုးရကိုသာ ဖွဲ့ချင်ခဲ့မယ်။ ဆန္ဒရှိခဲ့မယ်ဆိုရင် (NLD)ပါတီဟာ အခုလို မဲတွေ အပြတ်အသတ်နဲ့ “တောင်ပြိုကမ်းပြို” နိုင်စရာ မရှိပါဘူး။ အပြောင်းအလဲကို ပီပီပြင်ပြင် ပြုလုပ်နိုင်ဖို့ (NLD)ပါတီကိုသာ ရာနှုန်းပြည့်မဲပေးပါလို့ မဲတောင်းခဲ့တဲ့အတိုင်း (NLD)ပါတီကို ပုံအောပေးခဲ့တာ ဖြစ်ပါတယ်။ ပြည်သူတွေဟာ ဒီလိုစိတ်ဓါတ်တွေနဲ့ ပိုင်းဖြတ်ပြီး မဲပေးခဲ့ကြလို့သာ မကွေးတိုင်း ဒေသကြီးနဲ့ တနသင်္ာရီတိုင်းဒေသကြီးမှာ “တိုင်းလုံးကျွတ်”အနိုင်ရခဲ့တာ မဟုတ်ပါလား။
လူမျိုးပေါင်းစုံပြည်သူလူထုကြီးက “၂၀၁၅ ရွေးကောက်ပွဲကြီး”မှာ စစ်အာဏာရှင်စနစ်ရဲ့ အမွေစား အမွေခံ ပါတီတွေ၊ အဆွယ်အပွားနဲ့ စပွန်ဆာပါတီတွေ၊ ခရိုနီကြီးတွေ၊ လာဘ်ပေးလာဘ်ယူမှုကို ပျော်ပျော်ကြီး ပြုခဲ့ကြသူတွေ၊ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းရေးကို မလိုလားသူတွေ၊ တိုင်းရင်းသား တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မပေးလိုပဲကို အတုအယောင်ဖက်ဒရယ်၊ အတုအယောင် တန်းတူရေးနဲ့ အတုအယောင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ လှည့်ဖြားလိမ်ညာသူတွေ၊ ဘာသာရေး လူမျိုးရေး ရန်တိုက် သွေးခွဲခဲ့သူတွေ၊ တိုင်းပြည်ပိုင် သယံဇာတပစ္စည်းတွေကို လက်ဝါးကြီးအုပ်ပြီး ထင်သလို ရောင်းစားခဲ့သူတွေ၊ ပြည်တွင်းစစ်ကို ရှည်ကြာစေပြီး ပြည်တွင်းငြိမ်းချမ်းရေး မလိုလားသူတွေ၊ လယ်မြေယာမြေ ဥယျာဉ်ခြံမြေတွေကို အဓမ္မသိမ်းပိုက်ခဲ့ကြသူတွေ၊ တိုင်းပြည်နဲ့ ပြည်သူကို စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စသဖြင့် အဖက်ဖက်ကနေ ဆင်းရဲမွဲပြာကျသွားအောင် စီမံအုပ်ချုပ်ခဲ့ကြသူ တွေကို မဲမပေးဘဲ (NLD)ပါတီကိုသာ မဲပေးခဲ့တာပါ။
ဒါကြောင့် လွှတ်တော်နဲ့ အစိုးရ ဖွဲ့စည်းတော့မယ်ဆိုရင် အထက်မှာဖော်ပြခဲ့တဲ့ ညစ်ညမ်းသူတွေမပါဘဲ ဖွဲ့စည်းဖို့ လိုအပ်ပါတယ်။ ဒီလိုဖွဲ့စည်းမှသာ ပြည်သူလူထုတစ်ရပ်လုံးရဲ့ ရွေးချယ်မှု၊ ဆန္ဒသဘောထားနဲ့ တစ်သားတည်း ကိုက်ညီနေမှာ ဖြစ်ပါတယ်။
ဒါကြောင့် (NLD)ပါတီနဲ့ ကိုယ်စားလှယ်များက လွှတ်တော်နဲ့အစိုးရကို ဖွဲ့စည်းတဲ့အခါမှာ အထက်မှာ တင်ပြခဲ့တဲ့ ညစ်ညမ်းသူတွေကို အဓိက နေရာတွေ၊ အဆုံးအဖြတ် ပေးနိုင်တဲ့နေရာတွေမှာ တာဝန် မပေးသင့်ပါဘူး။ ဒါမှသာ လူမျိုးပေါင်းစုံပြည်သူများကို အကြမ်းဖက်ဖိနှိပ်ခဲ့တဲ့၊ ပြည်သူ့ဘဏ္ဍာကို ခိုးဝှက်ခဲ့ကြတဲ့သူတွေ လုံးဝမပါတဲ့ သန့်ရှင်းတဲ့လွှတ်တော်၊ သန့်ရှင်းတဲ့အစိုးရမျိုး ဖြစ်ပါလိမ့်မယ်။ ဒါမှသာ မဲပေးရွေးချယ်ခဲ့ကြတဲ့ ပြည်သူလူထုတစ်ရပ်လုံးရဲ့ ရည်ရွယ်ချက်နဲ့ တစ်ထပ်တည်းကျနေမှာ ဖြစ်ပါတယ်။
မဲနိုင်ပြီ။ ဒို့လက်ထဲ အာဏာရပြီ။ ဒို့ဖွဲ့ချင်သလို ဖွဲ့မယ်။ ဒို့ဆုံးဖြတ်ချင်သလို ဆုံးဖြတ်မယ်ဆိုရင်တော့ ဒီလို စိတ်ဓါတ်၊ ဒီလိုအပြုအမူ နဲ့ ဒီလိုလုပ်ဟန်တွေဟာ စနစ်ဟောင်း၊ စနစ်ဆိုးဖြစ်တဲ့ စစ်အာဏာရှင် စနစ်ရဲ့လုပ်နည်းလုပ်ဟန်တွေသာ ဖြစ်ပါတယ်။ ဒါကြောင့် (NLD)ပါတီနဲ့ ကိုယ်စားလှယ်များက ဖွဲ့စည်းမယ့် လွှတ်တော်နဲ့အစိုးရဟာ ဒီလို ငါထင်ရာ ငါလုပ်တဲ့၊ ငါ့မြင်းငါစိုင်းတဲ့ စနစ်ဆိုး လုပ်ဟန်၊ စစ်အာဏာရှင်စနစ်လုပ်နည်းတွေနဲ့ ပြတ်ပြတ်သားသား ခြားနားဖို့ သိပ်လိုအပ်ပါတယ်။
ယခင်အစိုးရလက်ထက်မှာ ဂုဏ်နဲ့ဒြပ် မကိုက်ညီဘဲ ဟန်ပြသက်သက်၊ ဆိုင်းဘုတ်သက်သက်သာ ဖြစ်ခဲ့တဲ့ “ပြည်သူ့အသံ – လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ – လွှတ်တော်ဆန္ဒ၊ ပြည်သူတို့ မျှော်လင့်ချက် – လွှတ်တော်က ဖော်ဆောင်ရွက်” ဆိုတာကို အပြောနဲ့ အလုပ်၊ ဆိုင်းဘုတ်နဲ့လုပ်ရပ် တစ်ထပ်တည်း ဖြစ်လာအောင် လက်တွေ့နဲ့ သက်သေပြဖော်ဆောင်ပေးဖို့ လိုအပ်မှာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် မိမိပိုင်ဆိုင်မှု မကြေညာရဲတဲ့၊ မဖော်ပြဝံ့တဲ့သူတွေနဲ့ ကောင်းမွန်သောအုပ်ချုပ်မှု၊ သန့်ရှင်းသော အစိုးရကို ဘယ်လိုမှ တည်ထောင်ဖွဲ့စည်းခြင်း ပြုနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် ကိုယ့်ပိုင်ဆိုင်မှုကို ရဲရဲဝံ့ဝံ့ ဖော်ထုတ်ကြေညာရဲသူတွေသာ အစိုးရအဖွဲ့မှာ ပါဝင်စေသင့်ပါတယ်။ သို့မှသာ သိက္ခာရှိတဲ့၊ သန့်ရှင်းတဲ့အစိုးရလို့ ခေါ်ဆိုနိုင်ပါလိမ့်မယ်။
ဒီလိုမျိုးသန့်ရှင်းတဲ့ လွှတ်တော်နဲ့ အစိုးရမျိုးကသာလျှင် တကယ့်စနစ်ပြောင်းလဲမှုကို ဦးတည်ရှေ့ရှု နိုင်ပါလိမ့်မယ်။ ဒီလိုတစ်ဖက်က အကောင်းမြင်မှုတွေနဲ့ တစ်ဖက်သတ်ပြောဆိုနေတာ ဖြစ်ပေမယ့်လည်း လွှတ်တော်တစ်ခုလုံးရဲ့ ၇၅%ကို ရွေးချယ်ခံကိုယ် စားလှယ်တွေနဲ့သာ ဖွဲ့စည်းနိုင်မယ်ဆိုတဲ့အချက်ကို သတိပြုမိပါတယ်။ စစ်တပ် ၂၅%က လက်မခံဘဲ အခြေခံဥပဒေကို ဘယ်လိုမှ ပြောင်းလို့မရဘူးဆိုတဲ့ အချက်အလက်ကိုလည်း ပြည်သူတွေက မမေ့ပါဘူး။
အစိုးရဖွဲ့စည်းတဲ့နေရာမှာလည်း ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေး စတဲ့ဝန်ကြီးဌာနတွေကို အစိုးရက ထိထိရောက်ရောက် ကိုင်တွယ် ကွပ်ကဲနိုင်ဖို့ လွယ်ကူလိမ့်မယ် မဟုတ်ဘူးဆိုတဲ့ ပကတိ တည်ရှိနေမှုကိုလည်း သိမှတ်ထားပါတယ်။
ဒါကြောင့် အနိုင်ရပါတီနဲ့ ကိုယ်စားလှယ်များအနေနဲ့ မိမိလက်ဝယ်မှ ပြည်သူက ပေးအပ်ထားတဲ့ “အာဏာ”နဲ့ လွှတ်တော်ဥက္ကဋ္ဌတွေ၊ သမ္မတနဲ့ အစိုးရအဖွဲ့၊ ကာလုံ၊ ရှေ့နေချုပ်၊ တရားသူကြီးချုပ်၊ အခြေခံဥပဒေခုံရုံး၊ ရွေးကောက်ပွဲကော်မရှင်၊ စာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အကြီးအကဲ၊ ပြည်နယ်ဝန်ကြီးချုပ် အဆင့်ဆင့် စသဖြင့် ပြည်ထောင်စုအဆင့်ကော်မရှင်နဲ့ ကော်မတီတွေမှာ ဦးဆောင်ဦးရွက်ပြုမယ့်သူတွေဟာ သန့်ရှင်းသူ၊ သိက္ခာရှိသူ၊ အများပြည်သူ နှစ်လိုကြည်ဖြူသူတွေကို အဓိက နေရာမှာထားပြီး ဖွဲ့စည်းသင့်ပါတယ်။
ဒါမှ ပြည်သူများအနေနဲ့ (NLD)ပါတီရဲ့ အပြောင်းအလဲရဲ့ ပဏာမအဆင့်ကို စိတ်အေးသက်သာ ရှိကြမှာပါ။ ဒါ့အပြင် ဒီကနေတဆင့် တိုင်းပြည်အုပ်ချုပ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ၂၀၀၈ အခြေခံ ဥပဒေပြင်ဆင်ရေး၊ ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး စတဲ့ တိုင်းပြည်ဖွံ့ဖြိုးရေး ရှေ့လုပ်ငန်းတွေကို ဘယ်လောက်အတိုင်းအတာအထိ လုပ်ဆောင်နိုင်မလဲ။
ထင်မြင်လွယ်တဲ့ ဥပမာ ပြောရရင် တစ်တိုင်းပြည်လုံးအုပ်ချုပ်ရေးကို ချုပ်ကိုင်ထားတဲ့ ပြည်ထဲရေး ဝန်ကြီးဌာနကို အစိုးရသစ်က ဘယ်လိုကိုင်တွယ်မလဲ။ ပြည်ထဲရေးဝန်ကြီးဌာနကို စစ်တပ်(ကာချုပ်)က တိုက်ရိုက်ချုပ်ကိုင်ထားပြီး ဝန်ကြီးကိုလည်း ကာချုပ်က စိတ်ကြိုက်ခန့်အပ်ပြီး စီမံအုပ်ချုပ်နေတာ မဟုတ်လား။ ဒါ့အပြင် နယ်စပ်ဒေသအရေးတွေကို ဘယ်လို ကိုင်တွယ်စီမံ ကြမလဲ။ ဒီဝန်ကြီးဌာနနဲ့ ဝန်ကြီး စစ်တပ်(ကာချုပ်)ကပဲ တိုက်ရိုက်ချုပ်ကိုင်ထားတာပဲ မဟုတ်ပါလား။
အကယ်၍ ယခု လောလောဆယ် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ အစိုးရစစ်တပ်က ဗုံးကြဲပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတာမျိုးတွေ ပေါ်ပေါက်လာတဲ့အခါမှာ (NLD)ပါတီရဲ့ သမ္မတသစ်နဲ့ အစိုးရသစ်က ချက်ချင်းရပ်စဲဖို့ မတိုက်ခိုက်ဖို့ ကာချုပ်နဲ့ စစ်တပ်ကို ညွန်ကြားလာရင် ကာချုပ်နဲ့ စစ်တပ်က သမ္မတနဲ့အစိုးရအဖွဲ့ ညွန်ကြားချက်ကို တိတိကျကျ လိုက်နာနိုင်ပါ့မလား။
ဒါ့အပြင် သမ္မတသစ်နဲ့အစိုးရသစ်က နိုင်ငံရေးအကျဉ်းသားတွေအားလုံး “ခြွင်းချက်မရှိ လွတ်ငြိမ်းချမ်းသာခွင့်” ပေးချင်တယ်။ ပြည်ထဲရေးဝန်ကြီးက သဘောမတူနိုင်ဘူး။ (ကာလုံ)က လက်မခံနိုင်ဘူး။ တပ်စစ်တပ်နဲ့ ဝန်ကြီးဌာနတွေ ပုံစံမျိုးစုံနဲ့ သိမ်းပိုက်ထားတဲ့ လယ်မြေယာမြေတွေကို သက်ဆိုင်ရာပိုင်ရှင်တွေကို ပြန်ပေးမယ်၊ ကာလတန်ကြေးနဲ့ကိုက်ညီတဲ့ လျော်ကြေးတွေပေး မယ်ဆိုတဲ့ ကိစ္စတွေ၊ ဖြစ်စဉ်ဖြစ်ရပ်တွေ ပေါ်ပေါက်လာတဲ့အခါ ဘယ်လိုဖြေရှင်းကြမလဲ။
ဒီလိုလုပ်ငန်းတွေကို (NLD)ပါတီက ဖွဲ့စည်းပေးတဲ့ အစိုးရနဲ့လွှတ်တော်က စိတ်အေးလက်အေး လုပ်ဆောင်နိုင်ဖို့ မလွယ်ကူနိုင်ပါဘူး။ အစိုးရအဖွဲ့ထဲမှာ၊ ကာလုံထဲမှာ၊ လွှတ်တော်ထဲမှာ ပုံစံမျိုးစုံနဲ့ ကြုံရမယ့် စိန်ခေါ်မှုတွေ၊ လွှတ်တော်ပြင်ပမှာ ကြုံတွေ့ရမယ့် ဘာသာရေး လူမျိုးရေး သွေးထိုးသပ်သျှို ကြမယ့်၊ အဖျက်အမှောင့်အင်အားစုတွေ၊ မင်းသားကြီးမလုပ်ရသူတွေက အေးအေးဆေးဆေး လက်ပိုက်ကြည့်နေကြမှာမဟုတ်ပါဘူး။ မတည်ငြိမ်မှုတွေ၊ ဗရုတ်ဗရက်မှုတွေကို ပုံစံမျိုးစုံနဲ့ ခြေပုန်းခုတ်နေကြမှာပါ။ လုပ်ဆောင်ကြမှာပါ။ ဒါတွေအတွက်လည်း သတိမပြတ်ရှိဖို့ လိုပါတယ်။
ဒီလိုအခက်အခဲတွေ၊ အကောက်ကြံမှုတွေ၊ ဗရုတ်ဗရက်တွေဟာ “၂၀၀၈ အခြေခံဥပဒေ”ရဲ့ သန္ဓေပါပဋိပက္ခတွေပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် စစ်အုပ်စုရဲ့အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် အကျိုးစီးပွား ကာကွယ်ရေး၊ ထိန်းသိမ်းရေးနဲ့ တိုးချဲ့ရေး၊ အာဏာသက်ရှည်စေရေး အနှစ်သာရနဲ့ လူမျိုးပေါင်းစုံ ပြည်သူများရဲ့ အကျိုးစီးပွား ထိပ်တိုက်တွေ့ဆုံရာကနေ အဆက်မပြတ် ပေါ်ထွက်မယ့် ဒီလို ပဋိပက္ခတွေ၊ အကြပ်အတည်းတွေ၊ စိန်ခေါ်မှုတွေကို လွှတ်တော်သစ်နဲ့ အစိုးရသစ်က ဘယ်လို ရင်ဆိုင်မှာလဲ။ ဒီနေရာမှာ ဘယ်လွှတ်တော်နဲ့ ဘယ်အစိုးရပဲဖြစ်ဖြစ် “၂၀၀၈ အခြေခံဥပဒေ”ကိုသာ တစ်ဖက်သတ် ရှေ့ရှုပြီး ထိန်းသိမ်းကာကွယ်လိုက်ပြီဆိုတာနဲ့ လူမျိုးပေါင်းစုံပြည်သူများရဲ့ အကျိုးစီးပွားနဲ့ ဘယ်လိုမှ ရှောင်လွှဲနိုင်မှာ မဟုတ်ဘဲ မုချ ထိပ်တိုက်တွေ့မှာ ဖြစ်ပါတယ်။
ဒါကြောင့် ရှေ့ခရီးမှာ ပြည်သူတွေရဲ့ အကျိုးစီးပွားနဲ့အနှစ်သာရအရ ဖီလာဆန့်ကျင်ဖြစ်နေတဲ့ “၂၀၀၈ အခြေခံဥပဒေ” ထိန်းသိမ်းကာကွယ်တဲ့ဘက်ကိုသာ တစ်ဖက်သတ်မျက်နှာမူ အလေးတင်းနေမယ်ဆိုရင် ပြည်သူတွေနဲ့ အစိုးရသစ် မုချ ထိပ်တိုက်တွေ့ပါလိမ့်မယ်။
ဒီအကြပ်အတည်း၊ ဒီစိန်ခေါ်မှုတွေကနေ တကယ်တမ်း လွတ်မြောက်ဖို့ဆိုတာဟာ “၂၀၀၈ အခြေခံ ဥပဒေ”ကို ဟိုတပိုင်း ဒီတစ ပြင်ဆင်ရုံနဲ့ ဖြေရှင်းလို့ မရနိုင်ပါဘူး။ ၂၀၀၈ အခြေခံဥပဒေကို ဖျက်သိမ်းပြီး လူမျိုးပေါင်းစုံပြည်သူများရဲ့ ဆန္ဒနဲ့ကိုက်ညီတဲ့ အခြေခံဥပဒေသစ် ရေးဆွဲရေးကို မျက်နှာမူဖို့၊ တည့်တည့်မတ်မတ် ရှေ့ရှုဖို့ လိုအပ်ပါတယ်။
ကိုးကား –
နိုဝင်ဘာ ၉ ရက်မှ ၁၅ ရက်နေ့ညနေအထိ UEC မှ အတည်ပြုထုတ်ပြန်သည့် အနိုင်ရပါတီစာရင်း ကြေးမုံသတင်းစာ(၁၆-၁၁-၂၀၁၅)