(ကိုသိန်းအောင်)
စက်တင်ဘာ ၁ဝရက်၊ ၂၀၁၅
“ဒီလိုကွဲပြား ခွဲခြားဆက်ဆံမှုတွေဟာ အမျိုးသား စည်းလုံးညီညွှတ်မှု မရှိတာရဲ့ ရောင်ပြန်ဟပ်ချက်ပဲ ဖြစ်တယ်။
ဒီဟာတွေကို ကျော်နင်းဖို့ဆိုရင် မတရားအသင်း ကြေညာထားတာတွေကို ရုပ်သိမ်းပစ်ရမယ်”
မြန်မာနိုင်ငံဟာ လူမျိုးပေါင်းစုံပြည်သူတွေနဲ့ ဖွဲ့တည်တဲ့နိုင်ငံတနိုင်ငံဖြစ်ပါတယ်။ မြန်မာပြည်လူမျိုးပေါင်းစုံ ပြည်သူတစ်ရပ်လုံးဟာ အမျိုးသားတစ်ရပ်အဖြစ် ဖွဲ့တည်နေပါတယ်။ မြန်မာပြည်သမိုင်းဟာ လူမျိုးပေါင်းစုပြည်သူတစ်ရပ်လုံးရဲ့ သမိုင်းဖြစ်ပါတယ်။ မြန် မာပြည်သမိုင်းကို ဖန်တီးနေတာဟာလည်း ဒီလူမျိုးပေါင်းစုံပြည်သူတစ်ရပ်၊ အမျိုးသားတစ်ရပ်ပါပဲ။ ဒါကြောင့် မြန်မာနိုင်ငံသမိုင်း ကို ရေးနေသူတွေဟာ မြန်မာ၊ ကရင်၊ ရှမ်း၊ ချင်း၊ ကချင်၊ မွန်၊ ပလောင်၊ ဝ စတဲ့ လူမျိုးပေါင်းစုံပါတဲ့ အမျိုးသားတစ်ရပ်၊ ပြည်သူ တစ်ရပ်ပဲ ဖြစ်ပါတယ်။
ဒီအမျိုးသားပြည်တစ်ရပ်မှာ အလုပ်သမား၊ လယ်သမား၊ ဓနရှင်ပေါက်စ၊ အမျိုးသားအရင်းရှင် အမှုထမ်း အရာထမ်း၊ ကုန်သည် ပွဲစား၊ သူဋ္ဌေးသူကြွယ်နဲ့ ဆင်းရဲသားများ စသည်၊ စသည်ဖြင့် မိမိအသက်မွေးဝမ်းကျောင်း အလုပ်အကိုင်အရ၊ ဘဝအရ လူတန်း စား၊ လူ့အလွှာအသီးသီး ကွဲပြားကြပါတယ်။ ဒီမတူကွဲပြားတဲ့လူမျိုးတွေ၊ လူတန်းစားအလွှာအသီးသီးဟာ မိမိဘဝအရ မိမိလူမျိုး နဲ့ လူတန်းစား၊ လူ့အလွှာရဲ့ ပါဝင်မယ့်ကဏ္ဍအရ လှုပ်ရှားရုန်းကန်လာကြတာဟာ မြန်မာပြည်ရဲ့သမိုင်း၊ မြန်မာပြည်ရဲ့ ကံကြမ္မာကို ဖန်တီးတာပဲ ဖြစ်ပါတယ်။
ဒီလိုလှုပ်ရှားမှုတွေ လုပ်တဲ့အခါမှာ လူမျိုးတွေ၊ လူတန်းစား၊ လူ့အလွှာအသီးသီးဟာ သူ့ကိုကိုယ်စားပြုတဲ့ နိုင်ငံရေးအင်အားစုက တဆင့် လှုပ်ရှားရတာ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ လူမှုအသင်းအဖွဲ့အသီးသီးမှာ ဘယ်အမည်ပဲ ခံယူသည်ဖြစ်စေ သူတို့ရဲ့ကိုယ်စားပြုမှုဟာ ဘဝတွေအရပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း နိုင်ငံရေးပါတီအဖွဲ့အ စည်း အများအပြား ပေါ်ပေါက်တာပါပဲ။ အဲ့ဒီနိုင်ငံရေးပါတီတွေ တဦးကိုတဦး အပြန်အလှန် အသိအမှတ်ပြုပြီး တန်းတူရည်တူ ဆက်ဆံကာ အကျိုးတူကိစ္စတွေကို အာရုံထား လက်တွဲဆောင်ရွက်ကြပြီး ဘုံဦးတည်ချက်ကို မျက်ခြေမပြတ် စိုက်လိုက်မတ်တပ် ချီတက်သွားကြမယ်ဆိုရင် အားလုံးဟာ စည်းစည်းလုံးလုံး ညီညီညွှတ်ညွှတ် ရှိကြတာပါပဲ။
ခေတ်သစ် မြန်မာနိုင်ငံသမိုင်းမှာ ဒီလိုစည်းလုံးညီညွတ်တဲ့ အခြေအနေတရပ် ရှိခဲ့ဖူးပါတယ်။ ၁၃၀ဝပြည့် အရေးတော်ပုံကစပြီး လွတ်လပ်ရေးရတဲ့ ၁၉၄၈ခုနှစ်ကာလအထိ ဖြစ်ပါတယ်။ အဲ့ဒီတုန်းက မြန်မာပြည်ရှိ လူမျိုးပေါင်းစုံပြည်သူတရပ်လုံး၊ တမျိုးသား လုံးဟာ လွတ်လပ်ရေးဆိုတဲ့ ဘုံဦးတည်ချက်ကို စွဲစွဲမြဲမြဲ ဦးတည်ထားလှုပ်ရှားနေကြတာကြောင့် အခြေအနေအပြောင်းအလဲ၊ အကွေ့အကောက်များစွာ၊ အခက်အခဲများစွာကို စည်းစည်းလုံးလုံးနဲ့ ကျော်နင်းနိုင်ခဲ့ကြပြီး ဖဆပလအဖွဲ့ချုပ်ကို ထူထောင်နိုင်ခဲ့ပါ တယ်။ ဖဆပလ အဖွဲ့ချုပ်မှာ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးအင်အားစုတွေ အများကြီး ပါဝင်ပါတယ်။ ဒီနိုင်ငံရေးပါတီ အဖွဲ့အစည်း တွေဟာ မတူညီကြပါဘူး။ သူတို့ ကိုယ်စားပြုတဲ့သူတွေရဲ့ မတူတဲ့ဘဝတွေကြောင့်ပါ။
ဒါကြောင့် တစ်ပြည်လုံးလက္ခဏာနဲ့ ဖွဲ့စည်းတဲ့ နိုင်ငံရေးအင်အားစုတွေနဲ့ ဒေသန္တရ လက္ခဏာနဲ့ဖွဲ့စည်းတဲ့ နိုင်ငံရေးအင်အားစုတွေ အဖြစ် တွေ့ရလေ့ရှိပါတယ်။ လူမျိုးအမည်နဲ့ ဖွဲ့စည်းတဲ့အင်အားစုတွေဟာ အများအားဖြင့် ဒေသန္တရလက္ခဏာဆောင်လေ့ရှိပါ တယ်။ ဒါပေမယ့် ဒီအင်အားစုတွေဟာ လွတ်လပ်ရေးဆိုတဲ့ ဘုံဦးတည်ချက်ကို စွဲစွဲမြဲမြဲဆုပ်ကိုင်တဲ့အခါမှာ မိမိတို့အချင်းချင်း ပဋိ ပက္ခကိုလည်း ဖြေရှင်းနိုင်ပြီး ဘုံလုပ်ငန်းကို ဇောက်ချလုပ်နိုင်ခဲ့တယ်။ ညီညွတ်ရေးကို လုပ်ဆောင်နိုင်တယ်။ ဒါကြောင့် ဖဆပလ အဖွဲ့ချုပ်ကို ထူထောင်နိုင်တယ်။ စည်းလုံးစွာနဲ့ ဖက်ဆစ်ဂျပန်ကို တော်လှန်နိုင်ခဲ့တယ်။ ၁၉၄၈ခုနှစ်မှာ လွတ်လပ်ရေးအောင်ပွဲ ရခဲ့တယ်။ အမျိုးသားစည်းလုံးညီညွတ်မှုရဲ့ အကျိုးဆက်ဖြစ်ပါတယ်။
လွတ်လပ်ရေးရပြီးရင် ဒီမိုကရေစီထွန်းကားတဲ့ ပြည်ထောင်စုနိုင်ငံ ထူထောင်မယ်ဆိုတဲ့ ဦးတည်ချက်ကို တညီတညွတ်ထဲ သဘောထားကြပါတယ်။ ဒါကြောင့်လည်း လွတ်လပ်တဲ့ပြည်ထောင်စု မြန်မာနိုင်ငံတော်လို့ ကြေညာခဲ့တာပါပဲ။ ဒါပေမယ့် ဒီမို ကရေစီထွန်းကားတဲ့ ပြည်ထောင်စုကို ဘယ်လိုတည်ဆောက်မယ်၊ ဦးတည်ချက်ရောက်အောင် ဘယ်လမ်းကြောင်းနဲ့ ချီတက် မယ်ဆိုတာမှာတော့ နိုင်ငံရေးအင်အားစုတွေဟာ သဘောထားကွဲကြပါတယ်။ ဒီလိုသဘောထားကွဲလွဲမှုတွေကို ဒီမိုကရေစီနည်း ကျကျ ဆွေးနွေး၊ ငြင်းခုံ၊ ဖြေရှင်းတာ ကောင်းကောင်းမလုပ်ခဲ့တာကြောင့် ဖဆပလအဖွဲ့ချုပ်ဟာ တစတစ ပြိုကွဲလာတယ်။ ဝန် ကြီးချုပ် ဦးနုအစိုးရဟာ ဖဆပလ အဖွဲ့ချုပ်နာမည်ယူပြီး ဖဆပလ အစိုးရဖြစ်နေပေမယ့် ဖဆပလအဖွဲ့ချုပ်ဟာ မရှိတော့ဘဲ ဖဆ ပလအဖွဲ့ဝင်တွေဖြစ်ခဲ့တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ၊ ပြည်သူ့ရဲဘော်အဖွဲ့၊ KNU အဖွဲ့တွေဟာ အာဏာရ ဖဆပလအဖွဲ့နဲ့ တသီးတ ခြားစီ ဖြစ်ကုန်ပါတယ်။ အဲဒီကစပြီး အမျိုးသားစည်းလုံးညီညွတ်ရေးဟာ စတင် ပြိုကွဲလာပါတယ်။
ဒီလိုအမြင်သဘောထားတွေ ကွဲလာတာကို ဖဆပလ အစိုးရက ဆွေးနွေး ဖြေရှင်းတာမလုပ်ဘဲ ဖမ်းဆီးနှိပ်ကွပ်လာတာတွေ။ အကြမ်းဖက်လာတာတွေ လုပ်တာကြောင့် ဗမာပြည်ကွန်မြူနစ်ပါတီ၊ ပြည်သူ့ရဲဘော်အဖွဲ့၊ အလံနီပါတီ၊ KNU အဖွဲ့ (KNDO) စတဲ့အဖွဲ့တွေဟာ တောခိုရတဲ့ဘဝ ရောက်ခဲ့ရပါတယ်။ အဲ့ဒီလိုတောခိုတဲ့ အဖွဲ့အစည်းတွေကို မတရားသင်းအဖြစ် ဖဆပလ အစိုးရက ကြေညာလိုက်ပါတယ်။ အဲ့ဒီတော့ အမျိုးသားပြိုကွဲမှုဟာ အမြင့်ဆုံးအဆင့်ကိုရောက်သွားပြီး ပြည်တွင်းစစ် ကြီးလည်း ပေါက်ကွဲသွားပါတယ်။ အဲ့ဒီကစပြီး ပြည်တွင်းငြိမ်းချမ်းရေးလည်း မရှိတော့တာဖြစ်သွားတာ ကနေ့အထိပါပဲ။ ဖဆ ပလ အစိုးရဟာ ဒီမိုကရေစီစကားပြောပေမယ့် လူမျိုးစုံပြည်သူလူထုရဲ့ ဒီမိုကရေစီအခွင့်အရေးကို ပိတ်ပင်တဲ့အစိုးရ၊ ပြည်ထောင် စုစကားတွေပြောပြီး တစ်ပြည်ထောင်စနစ်နဲ့ အုပ်ချုပ်တဲ့အစိုးရဖြစ်သွားပါတယ်။ ဒါကြောင့် လူမျိုုးစုပြည်သူလူထုဘဝ၊ ဆန္ဒတွေ ကို ဆန့်ကျင်တဲ့အစိုးရ ဖြစ်သွားရပါတယ်။ အစိုးရနဲ့ ဆန့်ကျင်ဘက်ဖြစ်သွားတဲ့ နိုင်ငံရေးပါတီတွေ၊ အင်အားစုတွေမှာ ဒီမိုကရေစီ အခွင့်အရေးတွေ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရေးတွေ ဆုံးရှုံးသွားပါတယ်။
၁၉၆၂ခုနှစ်မှာ ဗိုလ်နေဝင်းခေါင်းဆောင်တဲ့ စစ်အုပ်စုဟာ စစ်အာဏာသိမ်းပြီး စစ်အာဏာရှင်စနစ်ကို ထူထောင်တဲ့အခါ အခြေ အနေ ပိုဆိုးဝါးသွားပါတယ်။ မဆလ တစ်ပါတီအာဏာရှင်စနစ်ကို ကျင့်သုံးတာကြောင့် လက်နက်ကိုင်တိုက်ပွဲဝင်နိုင်တဲ့ နိုင်ငံရေး ပါတီအဖွဲ့အစည်းတွေသာ ရပ်တည်ရှင်သန်နိုင်တာဖြစ်သွားပြီး လက်နက်ကိုင်တိုက်ပွဲ မဆင်နိုင်တဲ့ နိုင်ငံရေးပါတီအဖွဲ့အစည်း အားလုံး ဖျက်သိမ်းခံရပါတယ်။ ၁၉၈၈ခုနှစ် ရှစ်လေးလုံး လူထုအုံကြွမှုပေါက်ကွဲတော့ မဆလပါတီ ပျက်သွားပါတယ်။ ဒါပေမယ့် ဗိုလ်နေဝင်းရဲ့ စစ်အုပ်စုမပျက်သွားဘဲ နဝတကိုဖွဲ့စည်းပြီး စစ်အာဏာရှင်စနစ်ကို ဆက်ထိန်းပါတယ်။ သို့သော် ပါတီစုံဒီမိုကရေစီ စနစ်ကို ထူထောင်မယ်ဆိုပြီး နိုင်ငံရေးပါတီတွေ ဖွဲ့စည်းခွင့်ပေးတယ်။ ၉ဝခုနှစ် ရွေးကောက်ပွဲလုပ်တယ်။ ဒီလိုနဲ့ ဒီမိုကရေစီ ရတော့မလိုလို အခြေအနေကို ဖန်တီးလိုက်တယ်။
အဲ့ဒီလိုအင်အားစုတွေ သွေးအေးသွားအောင်လုပ်ပြီး အလစ်အငိုက်ယူကာ စစ်အာဏာရှင်စနစ်ကို ဆက်လက်ထူထောင်တယ်။ အဲ့ဒါကတော့ ၉ဝခုနှစ် ရွေးကောက်ပွဲရလဒ်ကို အချိန်ယူပြီး နင်းချေပစ်လိုက်တာပဲ ဖြစ်တယ်။ နဝတ က နအဖကိုပြောင်း၊ ၂၀၀၈ အခြေခံဥပဒေ ရေးဆွဲအတည်ပြုပြီး ၂၀၁ဝ ရွေးကောက်ပွဲလုပ်ကာ ကြံ့ဖွံ့အစိုးရ ဖွဲ့စည်းလိုက်တယ်။ လွှတ်တော်တွေ ပေါ်လာ တယ်။ စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို ချီတက်ဖို့ အပြောင်းအလဲလုပ်တယ်။ ဒီလို အပြောင်းအလဲလုပ်တာဟာ စစ် အုပ်စုနဲ့ စစ်အာဏာရှင်စနစ် ဆက်လက် တည်ရှိဖို့ပဲ ဖြစ်နေပြန်တယ်။ စစ်လည်းမဖြစ်၊ ငြိ်မ်းချမ်းရေးလည်းမရှိတဲ့ အခြေအနေ တစ်ရပ်ကို ဖန်တီးပြီး စစ်အာဏာရှင်စနစ်ကို ဆက်လက်ထိန်းသိမ်းနေတယ်။ လာမယ့် ၂၀၁၅ရွေးကောက်ပွဲဟာ အဲ့ဒီအခြေအ နေကို အာမခံချက်ပေးဖို့ လုပ်မှာဖြစ်တယ်။
တစ်ပြည်လုံးလက္ခဏာနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံရေးပါတီတွေရော၊ ဒေသန္တရလက္ခဏာနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံရေးပါတီတွေပါ စစ် အာဏာရှင်စနစ်ကို တိုက်ဖျက်ရေး၊ ဒီမိုကရေစီရရှိရေး၊ လူမျိုးစုံပြည်သူတွေကို အလုပ်အကျွေးပြုရေးဆိုတဲ့ ဦးတည်ချက်ကို စွဲစွဲ မြဲမြဲ ဆုပ်ကိုင်ထားသင့်တယ်။ အဲ့ဒီဦးတည်ချက် ရောက်ရှိဖို့ဆိုရင် နိုင်ငံရေးပါတီအဖွဲ့အစည်းတိုင်းဟာ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရ ရှိအောင် တိုက်ပွဲဝင်ရပါမယ်။ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရအောင် တိုက်ပွဲဝင်လုံးပမ်းရပါမယ်။ နိုင်ငံရေးပါတီ အဖွဲ့အစည်းအား လုံးဟာ တဦးနဲ့တဦး အပြန်အလှန် အသိအမှတ်ပြု၊ အပြန်အလှန် လေးလေးစားစားနဲ့ တန်းတူရည်တူသဘောထား၊ ဆက်ဆံရပါ တယ်။ သဘောထားကွဲလွဲမှုတွေကို ဒီမိုကရေစီနည်းကျကျ ဆွေးနွေးဖြေရှင်းကိုင်တွယ်ရပါမယ်။ အဲ့ဒီလိုလုပ်မယ်ဆိုရင် တမျိုး သားလုံး၊ တစ်ပြည်လုံး စည်းလုံးညီညွတ်မှု ရရှိလာမှာဖြစ်ပါတယ်။ အဲ့ဒါဆိုရင် အားလုံးသဘောဆန္ဒ ညီမျှမှုရှိတဲ့ ဖက်ဒရယ် ပုံစံ တခုနဲ့ ပြည်ထောင်စုကြီး တည်ဆောက်နိုင်မှာဖြစ်ပါတယ်။
တစ်ပြည်လုံးလက္ခဏာနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံရေးပါတီတွေပဲဖြစ်ဖြစ်၊ ဒေသန္တရလက္ခဏာနဲ့ ဖွဲ့စည်းတဲ့ နိုင်ငံရေးပါတီတွေပဲဖြစ်ဖြစ် ကွဲထွက်တာ၊ ခွဲထွက်တာတွေ ဖြစ်လေ့ရှိပါတယ်။ ဒေသန္တရလက္ခဏာနဲ့ ဖွဲ့စည်းတဲ့ နိုင်ငံရေးပါတီ အဖွဲ့အစည်းတွေဟာ အများ အားဖြင့် လူမျိုးစုအမည်နာမတွေနဲ့ ဖွဲ့စည်းကြလေ့ရှိပါတယ်။ ဒါကြောင့် လူမျိုးစုတခုရဲ့နာမည်နဲ့ ဖွဲ့စည်းတဲ့နိုင်ငံရေးပါတီတွေဟာ ၂ ခု၊ ၃ခု၊ ၄ခု စသည်ဖြင့် ဖြစ်နေလေ့ရှိပါတယ်။ ဒီလိုဖြစ်တာတွေဟာ အမျိုးသားသွေးစည်းညီညွတ်မှု မရှိတာတွေရဲ့ ရောင်ပြန် ဟပ်ချက်တွေပဲ ဖြစ်ပါတယ်။ ဒီဟာတွေကိုလည်း တဦးကိုတဦး အသိအမှတ်ပြု၊ တဦးကိုတဦး အပြန်အလှန် လေးလေးစားစားနဲ့ တန်းတူရည်တူ ဆက်ဆံကြပြီး ကွဲလွဲမှုတွေကို ဒီမိုကရေစီနည်းကျကျ ဖြေရှင်းကြမယ်ဆိုရင် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်လည်း ရပြီး စည်းစည်းလုံးလုံးနဲ့ နေထိုင်လုပ်ကိုင်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။
ကနေ့အချိန်အခါမှာ တစ်နိုင်ငံလုံးမှာရှိတဲ့ နိုင်ငံရေးအင်အားစုတွေကို ဥပဒေတွင်းနဲ့ ဥပဒေပ အင်အားစုအဖြစ် အခွဲခံထားရပါ တယ်။ ဥပဒေတွင်းအင်အားစုမှာလည်း လွှတ်တော်တွင်း၊ လွှတ်တော်ပဆိုပြီး အင်အားနှစ်စု ကွဲနေပြန်တယ်။ အဲ့ဒီဥပဒေတွင်း အင်အားစုတွေမှာ တစ်ပြည်လုံး လက္ခဏာဆောင်တဲ့ နိုင်ငံရေးပါတီအင်အားစုတွေပါသလို ဒေသန္တရလက္ခဏာဆောင်တဲ့ လူမျိုးစု တခုခုအမည်နဲ့ဖွဲ့တဲ့ နိုင်ငံရေးပါတီအင်အားစုတွေ ပါတယ်။
ဥပဒေပ အင်အားစုတွေကတော့ အများအားဖြင့် မတရားသင်း ကြေညာခံထားရတဲ့ လက်နက်ကိုင်တိုက်ပွဲဝင် အင်အားစုတွေ ဖြစ်ပါတယ်။ ဥပဒေပအင်အားစုတွေမှာလည်း တစ်ပြည်လုံးလက္ခဏာနဲ့ ဖွဲ့စည်းထားတဲ့ အင်အားစုနဲ့ ဒေသန္တရလက္ခဏာနဲ့ (လူမျိုး စု အမျိုးအမည်နဲ့ ဖွဲ့စည်းထားတဲ့ အင်အားစုတွေဖြစ်ပါတယ်။ ခုအခါမှာ ဒီအင်အားစုတွေထဲ အပစ်ရပ်တာနဲ့ အပစ်မရပ်တဲ့ အင် အားစုဆိုပြီး ထပ်မံ ကွဲပြားနေပြန်ပါတယ်။
ဒီလိုကွဲပြား ခွဲခြားဆက်ဆံမှုတွေဟာ အမျိုးသားစည်းလုံးညီညွတ်မှု မရှိတာရဲ့ ရောင်ပြန်ဟပ်ချက်ပဲ ဖြစ်တယ်။ ဒီဟာတွေကို ကျော်နင်းဖို့ဆိုရင် မတရားအသင်း ကြေညာထားတာတွေကို ရုတ်သိမ်းပစ်ရမယ်။ ၂၀၀၈ အခြေခံဥပဒေကို ဖျက်သိမ်းပစ်ရမယ်။ ဒီမိုကရေစီနည်းကျ ညှိနှိုင်းဖြေရှင်းနိုင်တဲ့ အင်အားတွေအားလုံး ပါဝင်နိုင်တဲ့ အခြေအနေတစ်ရပ်ကို ဖန်တီးနိုင်ရပါမယ်။ အဲ့ဒီလို နိုင်ငံရေးလေထု၊ နိုင်ငံရေးဝန်းကျင်မျိုးကို ဖန်တီးနိုင်မှ တမျိုးသားလုံးသွေးစည်းညီညွတ်ရေးကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ ဒီလို အမျိုးသားစည်းလုံးညီညွတ်ရေးရှိမှ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်နိုင်ပြီး ဒီမိုကရေစီနစ်ကို ထွန်းကားစေနိုင်မှာ ဖြစ်ပါ တယ်။ ဒီမိုကရေစီစနစ် ထွန်းကားလာမှ တန်းတူရေး၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေး၊ ကိုုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတာတွေ အကောင်အ ထည်ပေါ်လာမှာ ဖြစ်ပါတယ်။ အဲဒီလိုဖြစ်လာမှ စည်းလုံးညီညွတ်တဲ့ ဖက်ဒရယ်ပြည်ထောင်စုဆိုတာ ဖြစ်တည်လာမှာဖြစ်တယ်။ အဲဒီလို ထူထောင်နို်င်မှ ငြိမ်းချမ်းသာယာတဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ ပြည်ထောင်စုနိုင်ငံကြီးကို အောင်မြင်စွာ တည်ဆောက်နို်င်မှာ ဖြစ် ပါတယ်။