ဩဂုတ် ၃ရက်၊ ၂၀၁၅ခုနှစ်။ (ကေအိုင်စီ)
မြန်မာနိုင်ငံရှိ ရေဘေးသင့်ပြည်သူများအတွက် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများက အကူအညီပေးရေးအတွက် ယနေ့ ဩဂုတ်လ ၃ရက်နေ့မှစတင်ကာ ကယ်ဆယ်ရေးအကူပစ္စည်းများကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ ကျောင်းကြီးမြန်မာဘုန်း တော်ကြီးကျောင်းတွင် စတင် စုဆောင်းနေပြီး ရက်ပိုင်းအတွင်း ရေဘေးသင့်အရပ်များသို့ အမြန်ဆုံး ပေးပို့သွားမည်ဟု သိရ သည်။
၎င်းအစီအစဉ် ဖြစ်မြောက်ရေးအတွက် မဲဆောက်အခြေစိုက် မနောဖြူ စင်ရေလှူအသင်း/နာရေးကူညီမှု(မဲဆောက်) နှင့် မြန်မာနိုင်ငံသားများက ကမ ကထပြု လုပ်ဆောင်ကြခြင်းဖြစ်ပြီး ယနေ့ တစ်ရက်အတွင်း အကူအညီပစ္စည်းများကို စတင် လက်ခံရာ မြန်မာရွှေ့ပြောင်းအလုပ် သမားများက ငွေသားနှင့် ကယ်ဆယ်ရေးပစ္စည်း အများအပြားကို လာရောက်လှူဒါန်းခဲ့ကြသည်။
မနောဖြူ စင်ရေလှူအသင်း/နာရေးကူညီမှု(မဲဆောက်)အဖွဲ့ဝင် တစ်ဦးဖြစ်သည့် ဦးကျော်ရွှေက “မြန်မာနိုင်ငံသားတွေ ရေဘေးသင့်နေတာကို တတ်နိုင်တဲ့ဘက်က အကူအညီပေးတာဖြစ်တယ်။ ဒီပစ္စည်းတွေကို ကျနော်တို့ကိုယ်တိုင် သွားရောက်ပေးပို့မှာဖြစ်တယ်။ ဒီအလှူဟာ မြန်မာတွေရဲ့ မြတ်သောအလှူတော်ပါ”ဟု ဆိုသည်။
မြန်မာများနည်းတူ ထိုင်းနိုင်ငံသားများကလည်း တာ့ခ်ခရိုင် အုပ်ချုပ်ရေမှူး ဦးဆောင်၍ ယခုလ ၅ရက်နေ့တွင် မဲဆောက်မှတဆင့် မြန်မာနိုင်ငံသို့ ငွေသားနှင့် ကယ်ဆယ်ရေးပစ္စည်းများ သွားရောက်ပေးပို့ကြမည်ဖြစ်သည်ဟု သိရသည်။ ယင်းသို့ ထိုင်းနိုင်ငံသား များ သွားရောက်လှူဒါန်းမည့်ပစ္စည်းများကို မဲဆောက်မြို့တော်ခန်းမတွင် အလှူခံဋ္ဌာနလည်း ဖွင့်လှစ်ထားရှိပြီး မြန်မာဘက်သို့ ပို့မည့်အကူပစ္စည်းတန်ဘိုးမှာ ထိုင်းဘတ်ငွေသန်းနှင့်ချီသော ကယ်ဆယ်ရေးပစ္စည်းများဖြစ်သည်ဟု မဲဆောက်မြို့နယ်၊ အုပ်ချုပ် ရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။
ဇူလိုင်လဆန်းပိုင်းကစတင်ကာ မြန်မာနိုင်ငံရှိ ဒေသကြီးလေးခုတွင် ရေဘေးဒဏ်သင့်ခဲ့သဖြင့် လူ ၃၀ကျော်သေဆုံးခဲ့ပြီး အချို့မှာ ပျောက်ဆုံးလျက်ရှိကာ လူဦးရေ ၂သိန်းကျော်မှာ ရေဘေးဒဏ် ခံစားနေရသည်ဟု ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသည့် အဖွဲ့အစည်းများ၏ ပြောပြချက်များအရ သိရသည်။
နှစ်ပေါင်း ၂၄နှစ်တာကာလအတွင်း အဆိုးရွားဆုံး ရေးဘေးသင့်ဒဏ်ကြောင့် ရေဘေးသင့်ပြည်သူများ အစာရေစာ ပြတ်လတ်မှု နှင့် ရင်ဆိုင်နေရပြီး ရေပြန်ကျသွားသည့်တိုင်အောင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လနှင့်ချီ၍ ပြန်လည်လုပ်ဆောင်ရ ဦးမည်ဟု ရခိုင်ပြည်နယ်အတွက် ရေဘေးကယ်ဆယ်ရေးလုပ်ငန်း ကူညီလုပ်ဆောင်နေသည့် မင်းပြားမြို့သား ကိုမောင်သိန်းက ပြောသည်။
ပုံစာ – မဲဆောက်တွင် ယနေ့စတင်ဖွင့်လှစ်သည့် အလှူခံဋ္ဌာန။