ဇူလိုင် ၈ရက်၊ ၂၀၁၅ခုနှစ်။ စဖန်းရှောင်း
ဩစတြေးလျားနိုင်ငံတွင် သွားရောက်အခြေချ နေထိုင်သော ကရင်လူငယ်တစ်ဦးမှ ယင်းနိုင်ငံအတွင်း ပထမဆုံး ကရင်ဘာသာ ဖြင့် ထုတ်ဝေမည့် TahEh Magazine (တာအယ်)အမည်ရှိ မဂ္ဂဇင်းတစ်စောင်ကို လာမည့် ဩဂုတ်လတွင် ထုတ်ဝေဖြန့်ချိသွား မည်ဖြစ်ကြောင်း သိရသည်။
စကောကရင်ဘာသာဖြင့် ထုတ်ဝေမည့် အဆိုပါမဂ္ဂဇင်းမှာ မည်သည့်အဖွဲ့အစည်းနှင့်မျှ သက်ဆိုင်ခြင်းမရှိဘဲ စောအက်ဒမ်ထူး စေးဆိုသူ ကရင်လူငယ်က ၎င်းတစ်ဦးတည်းကသာ ထုတ်ဝေသွားမည်ဖြစ်ပြီး ထိုသို့ ထုတ်ဝေရသည့် ရည်ရွယ် ချက်များနှင့် ပတ် သက်၍ ယခုကဲ့သို့ ပြောသည်။
“ဒီဩစတြေးလျားကို ရောက်ရှိလာတဲ့ ကရင်လူငယ်လေးတွေက တစ်ချို့ဆို မြန်မာလိုရော၊ ကရင်လိုရော မတတ်တော့ဘူး။ အဂင်္လိပ်လိုပဲ တတ်တော့တယ်။ ကိုယ့်မိခင်ဘာသာစကား၊ စာတွေနဲ့ တဖြည်းဖြည်း ဝေးကွာလာတဲ့အပေါ်မှာ ပြန်ပြီးနီးစပ်မှုရှိ အောင် ရည်ရွယ်ထုတ်ဝေတာဖြစ်ပါတယ်”ဟု စောအက်ဒမ်ထူးစေးက ပြောသည်။
အဆိုပါမဂ္ဂဇင်းတွင် စာမျက်နှာ ၆၄မျက်နှာပါရှိမည်ဖြစ်ပြီး ကျန်းမာရေး၊ ပညာရေး၊ ဖျော်ဖြေရေး၊ လူမှုရေး၊ ကာတွန်း၊ ညဏ်စမ်း ပဟေဋ္ဌိ စသည့်ကဏ္ဍများပါဝင်ကာ ပထမဆုံးအကြိမ် အုပ်ရေတစ်ထောင်စီဖြင့် နှစ်လတစ်ကြိမ် ဩစတေးလျားနိုင်ငံအတွင်း စတင် ထုတ်ဝေဖြန့်ချိသွားမည်ဖြစ်ကြောင်း သိရသည်။
ဩစတြေးလျားကရင်အဖွဲ့အစည်း-အေကေအို အဖွဲ့ဝင် စောကျော်ခွီးက “စကောကရင်စာတစ်ခုတည်းဆိုရင် စကောကရင်စာ တတ်တဲ့လူပဲ ဖတ်ကြမှာ။ နောက်ပြီး ဘယ်လောက်အထိ ထုတ်နိုင်မယ်။ စာဖတ်ပရိဿတ်တွေ ဘယ်လောက်အားပေးမှု ရှိမလဲ ဆိုတာလည်း ရှိသေးတယ်။ ရေးနိုင်တဲ့သူတွေက ရေးပေမယ့် ဖတ်နိုင်တဲ့သူတွေက မဖတ်ဘူးဆို ထုတ်တဲ့သူတွေကလည်း ထုတ် ရကျိုးနပ်မှာမဟုတ်ပါဘူး။ ပြီးရင် ပုံပြင်လိုဟာမျိုးလေးတွေပါ ထည့်ပေးရင် ပိုကောင်းပါလိမ့်မယ်လို့ အကြံပေးချင်ပါတယ်”ဟု အဆိုပါမဂ္ဂဇင်းနှင့် ပတ်သက်၍ ထောက်ပြပြောဆိုသည်။
ယခုထုတ်ဝေမည့် ကရင်ဘာသာမဂ္ဂဇင်းမှာ စောအက်ဒမ်ထူးစေး၏ သုံးကြိမ်မြောက် စာအုပ်ထုတ်ဝေမှုဖြစ်ပြီး ၂၀၁၁ခုနှစ်တွင် ကရင်-အဂင်္လိပ် စကားပြောစာအုပ်နှင့် ၂၀၁၃ခုနှစ်တွင် ကရင်-အဂင်္လိပ်-မြန်မာ စကားပြောစာအုပ်များကို ရေးသားထုတ်ဝေခဲ့ပြီး ဖြစ်သည်။
၎င်းမဂ္ဂဇင်းထုတ်ဝေမည့်သူ စောအက်ဒမ်ထူးစေးအနေဖြင့် ၂၀၀၈ခုနှစ်က ဩစတြေးလျားနိုင်ငံသို့ ရောက်ရှိအခြေချကာ လက်ရှိ တွင် မဲလ်ဘုမ်းမြို့၌ နေထိုင်လျှက်ရှိပြီး စကားပြန်အလုပ်ကို လုပ်ကိုင်နေသူတစ်ဦးဖြစ်ကြောင်း သိရသည်။



















