(မောင်ကျော်စွာ)
(၂၀၁၅ခုနှစ်၊ ဇူလိုင်လ ၂၁ရက်)
“၂၀၀၈ အခြေခံဥပဒေ” တည်မြဲနေသမျှ စစ်တပ်ဘက်က ကာချုပ်၏ “တပ်ငြိမ်းမူ ၆ရပ်”ကို စွဲထားသမျှ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးဖို့ ဘယ်တော့မှ ဖြစ်မလာနိုင်ပါ။
ခြွင်းချက်တစ်ခုတော့ရှိပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများဘက်မှ အများစု သို့မဟုတ် အချို့က မိမိရပ်တည်မှု ကို စွန့်လွှတ်လိုက်ကြမယ်ဆိုရင် (NCA) စာချုပ် လက်မှတ်ရေးထိုးနိုင်စရာ အလားအလာတော့ ရှိပါတယ်။
ကွဲအက်တာတို့၊ ခွဲထွက်တာတို့ဆိုတာ မြန်မာ့နိုင်ငံရေးရဲ့ မထူးဆန်းတော့တဲ့ ဖြစ်ရပ်တစ်ခုပါပဲ။
အဲဒီလို အဖွဲ့အစည်းတွေ ကွဲအက်တဲ့၊ ခွဲထွက်တဲ့ဖြစ်ရပ်လည်း ၁၉၈၈ခုနှစ်နောက်ပိုင်း ပိုပြီးထင်ရှားလာတဲ့ လက္ခဏာတစ်ခုလို့ မြင်ပါတယ်။ အထူးသဖြင့် ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ အခြေခံအင်အားစုတွေ ကွဲထွက်သွားကြပြီးတဲ့နောက်ပိုင်း ဒီလိုအကွဲအပြဲ တွေ ပိုမိုများပြားလာတာကို သတိပြုမိပါတယ်။ နောက်တစ်ခုကတော့ ကွဲပြဲသွားအောင် အုပ်စိုးသူအစိုးရက နည်းလမ်းပေါင်းစုံနဲ့ အမြဲမပြတ် လုပ်ကြံနေတာဖြစ်ပြီး ကိုယ်ပိုင်နိုင်ငံရေးကြံ့ခိုင်မှု မရှိတော့တာနဲ့ ပြင်ပရဲ့သွေးခွဲမှုက ထိရောက်အောင်မြင်သွားတော့ တာပါပဲ။ နောက်တစ်ချက်ကတော့ ကွဲပြဲသွားတဲ့အဖွဲ့တွေဟာ အချင်းချင်းနောက်ထပ် ပြန်လည်ပေါင်းနိုင်ခြင်းမရှိတာနဲ့ အုပ်စိုးသူ လက်အောက် ခိုလှုံဝင်ရောက်သစ္စာခံကြပြီး အုပ်စိုးသူကိုယ်စား တချိန်က ကိုယ့်အချင်းချင်း ပြန်လည်တိုက်ခိုက်သတ်ဖြတ်တဲ့ အမှုကို ပြုမူကြခြင်းပဲ ဖြစ်ပါတယ်။ ဒီလိုနဲ့ နောက်ဆုံးမှာ သေသူသေ၊ ဘဝပျက်သူပျက်နဲ့ ဇာတ်သိမ်းသွားပါတော့တယ်။ အုပ်စိုး သူကတော့ ပန်းပန်လျက်ပါပဲ။
အုပ်စိုုးသူများဟာ သူနဲ့ဆန့်ကျင်ဘက် အဖွဲ့အစည်းတစ်ခုကို နှစ်ဖွဲ့၊ သုံးဖွဲ့၊ လေးဖွဲ့ ကွဲထွက်သွားအောင်၊ တဖန် မူလအဖွဲ့အစည်း မှ ကွဲထွက်လာတဲ့အဖွဲ့ကို အဖွဲ့ငယ်လေးတွေဖြစ်သွားအောင် တဗိုလ်တမင်းဖြစ်အောင် သွေးခွဲရန်တိုက်ပေးတာတွေ၊ ထိပ်တိုက် တွေ့ပေးတာတွေကို တာဝန်တစ်ရပ်အနေနဲ့၊ အလုပ်တစ်ခုအနေနဲ့ အဆက်မပြတ် လုပ်နေကြတာဖြစ်ပါတယ်။ ဒီလိုဗြောင်ကျပြီး ညစ်ပတ်ကောက်ကျစ်လှတဲ့ ပရိယာယ်ဝေဝုစ်ကို သတိမပြုနိုင်ကြတာ၊ သင်ခန်းစာမယူနိုင်ကြတာကလည်း အင်မတန် အံ့ဩစ ရာနဲ့ ဝမ်းနည်းစရာပါပဲ။
ဒီနေရာမှာ သွေးခွဲလို့ ပြိုကွဲရတယ်ဆိုတာမှာ အကြောင်းအချက် နှစ်ရပ်ရှိပါတယ်။ မိမိအဖွဲ့အစည်းအတွင်း အကြောင်းအချက်နဲ့ သွေးခွဲလာတဲ့ ပြင်ပအကြောင်းအချက်တို့ပါပဲ။ မိမိအဖွဲ့အစည်းအတွင်း အကြောင်းအချက်က အဓိကဖြစ်ပါတယ်။ မိမိအဖွဲ့အ စည်းအတွင်း နိုင်ငံရေးကိုယ်ခံအား ကောင်းနေမယ်ဆိုရင် ဘယ်လိုသွေးခွဲရန်တိုက်မှုမျိုးကိုမဆို အံတုတွန်းလှန်နိုင်စွမ်းရှိမှာဖြစ်ပြီး မိမိအဖွဲ့အစည်းအတွင်း နိုင်ငံရေး ကိုယ်ခံအားမကောင်းဘူးဆိုရင်တော့ ပြင်ပ ပယောဂ ပေါင်းစုံရဲ့ လှိုက်စားမှုကို ပုံစံမျိုးစုံနဲ့ ခံကြရ မှာ ဖြစ်ပါတယ်။ ဒါကြောင့် ပြင်ပက သွေးခွဲလို့ ပြိုကွဲရတယ်ဆိုတဲ့ကိစ္စမှာ အဓိကကျတဲ့အချက်ကတော့ ကိုယ့်ဘက်က ကိုယ်ခံ အားမကောင်းလို့သာ ပြင်ပ ပယောဂ ပူးဝင်နိုင်တာ ဖြစ်ပါတယ်။
ဒါဟာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေမှာ နိုင်ငံရေးဦးတည်ချက် ကျန်းမာသန်စွမ်းမှု မရှိတာကို ဖော်ပြနေတာပါ။ ဒီအချက်ကို ဒီက နေ့ကာလ အခြေအနေအရ ပြောရမယ်ဆိုရင် “၂၀၀၈ အခြေခံဥပဒေ” တည်မြဲနေသမျှ မိမိတို့လိုလားတဲ့ “ဖက်ဒရယ်ပြည်ထောင် စု” မတည်ဆောက်နိုင်ဘူးဆိုတဲ့အချက်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်တာပဲ ဖြစ်ပါတယ်။ တနည်းအားဖြင့်ပြောရရင် “၂၀၀၈ အခြေခံဥပဒေ”ဘောင်ထဲကနေ ဖက်ဒရယ်ပြည်ထောင်စုကို တစတစ ထူထောင်သွားနိုင်လိမ့်မယ်ဆိုတဲ့ ထင်ယောင်မှားမှုပဲ ဖြစ် ပါတယ်။
(NCA) စာချုပ်ထဲမှာပါတဲ့ (DDR) ဆိုိုတာ အဖွဲ့အစည်းဖျက်သိမ်းရေး/လက်နက်ချရေးလို့ ရှင်းရှင်းလင်းလင်းမမြင်တာနဲ့ အစိုးရကို စာချုပ်တစ်ခု စာချုပ်ပါ စကားလုံးတစ်လုံး၊ စကားရပ်တစ်ခုနဲ့ ချုပ်ကိုင်နိုင်မယ်လို့ မြင်တာဟာ အင်မတန်မှ ရိုးအလွန်းရာ ကျပါ တယ်။ အုပ်စိုးသူအစိုးရဟာ သူတို့ ပေးထားတဲ့ကတိကို ဖျက်ဖို့လည်း ဝန်မလေးသလို အခြေခံဥပဒေလို စာချုပ်မျိုးကိုပင် ဖျက် သိမ်းပစ်ဖို့ နည်းနည်းမှ ဝန်မလေးတဲ့ အစိုးရဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ဂုဏ်သိက္ခာ ကိုယ်လေးစားတန်းဖိုးထားတဲ့ နိုင်ငံတ ကာပုဂ္ဂိုလ်တွေကလည်း (NCA)စာချုပ်မှာ ပါဝင်ပြီး အသိသက်သေအဖြစ် လက်မှတ်ရေးထိုးပေးလိမ့်မည် မဟုတ်ပါ။
အဲဒီလို အခြေခံကျတဲ့အချက်တွေကို ရှင်းရှင်းလင်းလင်း မမြင်နိုင်တာဟာ မိမိရဲ့ နိုင်ငံရေးချိနဲ့မှုကို ဖော်ပြတာပါပဲ။ စစ်မှန်တဲ့ ဒီမို ကရေစီ၊ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ဖို့ ဘယ်လိုရေခံမြေခံတွေ လိုအပ်တယ်၊ စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ စစ်မှန် တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ဟန့်တားပိတ်ပင် နှောက်ယှက်နေတာ ဘယ်အချက်တွေဖြစ်တယ်။ အဲဒီလို ကပျက်ယပျက်တွေ ကို ဘယ်အဖွဲ့အစည်းက ဘယ်သူတွေ ဘယ်လိုလုပ်ဆောင်နေတယ်ဆိုတာတွေကို တိတိကျကျ ဖော်ထုတ်ပြသဖို့လိုပါတယ်။ ဒီအချက်တွေကို ပြည်သူတွေ သိမြင်သဘောပေါက်လာမှသာလျှင် ဘယ်သူက စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည် ထောင်စုကို လိုလားသူဆိုတာ ရှင်းလင်းသွားမှာဖြစ်ပါတယ်။
ဒါ့အပြင် ဦးသိန်းစိန်အစိုးရက တွင်တွင်ပြောနေတဲ့ “ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ပြည်ထောင်စုကြီး”လို့ ဆိုတဲ့စကားဟာ လိမ် ညာလှည့်ဖြားမှုဖြစ်ပါတယ်။ ဖက်ဒရယ်အတုအယောင် ဖြစ်တယ်ဆိုတာလည်း သဘောပေါက်ဖို့လိုပါတယ်။ “ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကြီး” ဆိုတာကို ဦးသိန်းစိန်အစိုးရ ပြောနေတာဟာ “၂၀၀၈ အခြေခံဥပဒေ”ဘောင်ထဲက ပြောနေတာ ဖြစ်တယ်ဆိုတဲ့အချက်ကို မမေ့ဖို့လိုပါတယ်။ “၂၀၀၈အခြေခံဥပဒေ” ဘောင်ထဲကနေ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည် ဆောက်လို့ မရနိုင်ဘူးဆိုတာ ဦးနှောက် ပုံမှန်ရှိတဲ့သူတိုင်း နားလည်ပါတယ်။
“ဆိုရှယ်လစ်အတု”၊ “အမျိုးသားညီလာခံအတု” ကြုံခဲ့ကြဖူးပါပြီ။ “စည်းကမ်းပြည့်တဲ့ ဒီမိုကရေစီ (ဝါ) ဒီမိုကရေစီအတု”ကို ကြုံ တွေ့နေကြရပြီ။ ဒါကိုမှ မလေးနက်ကြရင် “ငြိမ်းချမ်းရေးအတု” နဲ့ “ဖက်ဒရယ်အတု”ကို မြည်းစမ်းကြရပါလိမ့်ဦးမယ်။
တကယ်တမ်း ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးကို လိုလားတဲ့ အစိုးရတစ်ရပ်အနေနဲ့ဆိုရင် အပစ်အခတ်ရပ်စဲရေးကို တစ်ဖက်သတ် ရပ် ဆိုင်းကြောင်း ကြေညာရမှာဖြစ်ပါတယ်။ နှစ်ဖက်ရင်ဆိုင်ထားတဲ့ နေရာဒေသတွေမှာ နှစ်ဖက်တပ်တွေဟာ နေမြဲတိုင်းနေကြပြီး ပစ်ခတ်တိုက်ခိုက်မှုတွေ မပြုလုပ်ကြဖို့သာ ဖြစ်ပါတယ်။ ဒီလို ရပ်ဆိုင်းထားစဉ်အတွင်းမှာ နိုင်ငံရေးကိစ္စတွေကို ဆွေးနွေးကြရမှာ ဖြစ်ပါတယ်။
အစိုးရအနေနဲ့ ဘယ်လိုသဘောထား၊ ဘယ်လိုမူတွေနဲ့ ပြည်တွင်းစစ်ကိုရပ်စဲပြီး ပြည်တွင်းငြိမ်းချမ်းကို တည်ဆောက်လိုတယ် စသဖြင့် ဆွေးနွေးပွဲရဲ့အခြေခံမူတွေကို၊ ဘောင်တွေကို တတိုင်းတပြည်လုံးသိအောင် ချပြဖို့လိုပါတယ်။ ဒါမှသာ ပြည်သူတွေဟာ အစိုးရရဲ့ ငြိမ်းချမ်းရေးရပ်တည်ချက်၊ ပေါ်လစီသဘောထားနဲ့ တစ်ဖက် အင်အားစုများရဲ့ ရပ်တည်ချက် သဘောထားပေါ်လစီတွေ ကို လေ့လာသုံးသပ်ပြီး ငြိမ်းချမ်းရေးအလားအလာကို ခန့်မှန်းတွက်ဆနိုင်မှာဖြစ်ပြီး တကယ့်ငြိမ်းချမ်းရေးအတွက် ပြည်သူတွေရဲ့ သဘောထားဆန္ဒကို ဖော်ထုတ်နိုင်မှာ ဖြစ်ပါတယ်။
အခုဟာကတော့ သက်ဆိုင်ရာအဖွဲ့ချင်း ဆွေးနွေးနေတာသာဖြစ်ပြီး ဘယ်အခြေခံနဲ့ ဘယ်အချက်တွေကို ဆွေးနွေးတယ်ဆိုတာ ပြည်သူတွေက မသိရပါဘူး။ ပြည်တွင်းစစ် ဖြစ်ပွားနေတဲ့ဒေသမှာ နေထိုင်နေကြရတဲ့ ပြည်သူတွေကတော့ “အပစ်အခတ် ရပ်စဲ ရေး”ဆိုတာ မိမိအဝတ်အစားနဲ့ အစားသောက်ကို ထုပ်ပိုးပြင်ဆင် စုဆောင်းထားရမယ့် အချိန်ဖြစ်တယ်လို့ နားလည်ထားကြပါ တယ်။ ငြိမ်းချမ်းရေးဆိုတာ ပြည်သူတွေ အနှစ်နှစ်အလလက တောင့်တခဲ့တဲ့ဆန္ဒပါ။ ငြိမ်းချမ်းမှသာ စီးပွားရေး၊ ပညာရေး၊ ကျန်း မာရေး အစစအရာရာ ဖွံ့ဖြိုးတိုးတက်နိုင်မှာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဆိုတာကို ပြည်သူတွေရဲ့ အကျိုးစီးပွားဖြစ်/မဖြစ်ဆိုတဲ့အ ချက်နဲ့ပဲ တိုင်းတာကြရမှာပါ။
ဒါကြောင့် ဒီလိုအခြေအနေ၊ ဒီလိုအခင်းအကျင်းအောက်မှာ (NCA)ကို ခွဲပြီး လက်မှတ်ထိုးကြမယ်ဆိုရင် လက်မှတ်ထိုးတဲ့အဖွဲ့အ စည်းဟာ နယ်ခြားစောင့်တပ်(BGF) ဖွဲ့စည်းခြင်း၌ ဂိတ်ဆုံးသွားလိမ့်မယ်။ (BGF) ဖြစ်ရင် ဘာတွေဖြစ်လာနိုင်သလဲ။
(BGF) ဖြစ်သွားတဲ့ အဖွဲ့အစည်းဟာ “နိုင်ငံတော်နဲ့ တပ်မတော်” ရဲ့ ညွန်ကြားချက်နဲ့အမိန့်၊ တည်ဆဲဥပဒေအရပ်ရပ်ကို မလွဲမသွေ နာခံရတဲ့အတွက် တချိန်က ဘဝတူညီအစ်ကိုအချင်းချင်း မလွဲမသွေ ထိပ်တိုက်တွေ့ကြရမှာသာ ဖြစ်ပါတယ်။ ဇူလိုင်လ ၈ရက်နေ့ က ပြုလုပ်ခဲ့တဲ့ နယ်ခြားစောင့်တပ်အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူရဲ့ သတင်းစာရှင်းလင်းပွဲရုပ်သံကိုကြည့်ရင် (BGF)ဖြစ်သွားတဲ့အခါ သူဟာ ဘယ်သူ့အမိန့်ကို ဘယ်လိုအမိန့်နာခံရတယ်၊ ဘယ်လိုစကားမျိုးတွေကို ပြောရပြီး ဘယ်လိုတာ ဝန်တွေကို ဘယ်လို လက်တွေ့လုပ်ဆောင်ရတယ်ဆိုတဲ့ အချက်တွေကို တိတိလင်းလင်း မြင်ရကြားရပါလိမ့်မယ်။ ရပ်တည်ချက် ပြောင်းလဲသွားတဲ့အခါ အပြောအဆိုနဲ့ အလုပ်အကိုင်လည်း ပြောင်းလဲသွားရပါတယ်။ သစ္စာစောင့်သိမှုလည်း ပြောင်းလဲသွားရပါ တယ်။
ဒါဟာ ဗိုလ်ချစ်သူတစ်ယောက်ထဲကို ကွက်ပြီးပြောတာ မဟုတ်ပါဘူး။ ဘယ်သူမဆို (BGF) ဖြစ်သွားပြီးဆိုရင် ဗိုလ်ချစ်သူလို ရပ် တည်ပြီး ဗိုလ်ချစ်သူပြောသလို စကားမျိုးတွေ ပြောရပါလိမ့်မယ်။ ဗိုလ်ချစ်သူထမ်းဆောင်ရတဲ့ တာဝန်မျိုးတွေ ထမ်းဆောင်ရပါ လိမ့်မယ်။
ကိုးကား
– သတင်းစာရှင်းလင်းပွဲ ရုပ်သံ- (https://www.youtube.com/watch?v=QGZyKNCoBUU)