(မောင်ကျော်စွာ)
(၂၀၁၅ခုနှစ်၊ ဇန်နဝါရီလ ၂၄ရက်)
ဆိုရှယ်မီဒီယာမျက်နှာစာပေါ်တွင် ပိုးစိုးပက်စက် အကြမ်းဖက် သတ်ဖြတ်ခံရသည့် ရုပ်ပုံများ၊ သွေးသံရဲရဲ လုပ်ကြံဖန်တီးထား သည့် ရုပ်ပုံများကို သည်းထိတ်၊ ရင်ထိတ်၊ မြင်ဖူး၊ ကြည့်ဖူး၊ တွေ့ဖူးပါသည်။
ယခု မြင်တွေ့ရသော ရုပ်ပုံသည် ယခင့်ယခင်က မြင်ဖူး၊ ကြည့်ဖူး၊ တွေ့ဖူးသည်ထက် အဆများပို၍ ချောက်ခြားဖွယ်၊ တုန်လှုပ် ဖွယ်၊ နာကျည်းဖွယ်ကောင်းသော ပုံရိပ်များ ဖြစ်နေပါသည်။
သွေးအလိန်းလိန်းဖြင့် အသက်မဲ့ ဗလာကျင်းနေသော ခန္ဓာကိုယ် ၂ခု။ ထိုခန္ဓာကိုယ် ၂ခုသည် ကချင်ခရစ်ယာန်အသင်းချုပ် (KBC)မှ စေတနာ့ဝန်ထမ်းကျောင်းဆရာမလေး နှစ်ဦး၏ ခန္ဓာကိုယ်ဖြစ်ပါသည်။ ထိုအပြစ်မဲ့သော ကျောင်းဆရာမလေး နှစ်ဦး သည် လူယုတ်မာတစ်စု၊ လူရမ်းကားတစ်စုက လူမဆန်စွာ (တိရစ္ဆာန်များပင် သူတို့လို လုပ်မည်မဟုတ်ပါ) တကယ်တော့ တိရိစ္ဆာန်မဆန်စွာ ရမ်းကားယုတ်မာမှု၏ သားကောင်ဖြစ်ခဲ့ကြရပါသည်။ ထိုလူယုတ်မာတစ်စုသည် ဆရာမလေးနှစ်ဦး၏ အသက်နှင့် အရှက်ကို အဓမ္မ လုယူ သတ်ဖြတ် / နင်းချေဖျက်ဆီးခံခဲ့ကြသူများ ဖြစ်ပါသည်။
အသက် ၂ဝ ဝန်းကျင် မိန်းမသားကျောင်းဆရာမနှစ်ဦးကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့မှုသည် မည်မျှရမ်းကား ရိုင်းစိုင်းယုတ်မာမှု ဖြစ်ပါသလဲ။ ထိုသို့ ယုတ်မာရိုင်းစိုင်းလှသည့်လုပ်ရပ်ကို မည်သည့် ဘာသာရေးရှုဒေါင့်၊ မည်သည့် ကျင့်ဝတ်ဗေဒရှုဒေါင့်၊ မည် သည့် ရာဇဝတ်မှုခင်းဗေဒရှုဒေါင့်၊ မည်သည့် လူမှုဗေဒရှုဒေါင့်၊ မည်သည့် ဥပဒေရှုဒေါင့်၊ မည်သည့် လူ့အခွင့်အရေးရှုဒေါင့်၊ မည် သည့် နိုင်ငံရေးရှုဒေါင့်ကဖြစ်စေ ကြည့်ပါက မည်သို့မျှ၊ မည်သူကမျှ ခွင့်လွှတ်နိုင်ကြလိမ့်မည်မဟုတ်ပါ။ ထိုဖြစ်ရပ်ကို ပြင်းပြင်း ထန်ထန်၊ ဆန့်ကျင်ကန့်ကွက်ကြမည်ဖြစ်ပြီး ပြစ်မှုကျူးလွန်သူများကို ဖော်ထုတ်ဖမ်းဆီးကာ ပြင်းထန်ထိရောက်စွာ အပြစ်ပေး ရေးကို တညီတညွတ်တည်း ရပ်တည်တောင်းဆိုကြရပေလိမ့်မည်။
ထိုပုံရိပ် ၂ခုကို မြင်သည်၏ တဒဂင်္၌ မိမိ၏စိတ်နှလုံးတွင် ဖြစ်ပွားပေါ်ပေါက်လာသည့် ခံစားချက်မျိုးစုံကို အမျိုးအမည်မခွဲခြားမီ အထက်မှာတင်ပြခဲ့သည့် ရှုဒေါင့်ပေါင်းစုံမှ သုံးသပ်ကြည့်မြင်ခြင်းမပြုမီ ဤကဲ့သို့ ရိုးရိုးကလေး စဉ်းစားကြည့်စေလိုပါသည်။ ထိုကျောင်းဆရာမလေး နှစ်ဦးသည် မိမိ၏မိသားစုဝင်ထဲမှာ တစ်ဦးတစ်ယောက်အဖြစ်လည်းကောင်း၊ မိမိ၏သမီးကလေးများအ ဖြစ်လည်းကောင်း၊ မိမိ၏အစ်မ/နှမလေးအဖြစ်လည်းကောင်း၊ မိမိ၏အတန်းဖော် သူငယ်ချင်းအဖြစ်လည်းကောင်း စသည်ဖြင့် ကိုယ်ချင်းစာတရားနှင့် ထောက်ထားစာနာမှုကို အရင်းခံထားပြီး ကြည့်မည်ဆိုလျှင် ဝမ်းနည်းကြေကွဲမှုနှင့် နာကျည်းခံပြင်းမှုမျိုးစုံ ရောယှက်နေသော ခံစားမှုသည် မနေမြေက ခါကာဘိုရာဇီတောင်ထွဠ်ထက်ပင် မြင့်မားထူထပ်နေပါလိမ့်မည်။ တစ်ဆက်တည်း မှာပင် ရိုင်းစိုင်းယုတ်မာမှုကို စိတ်ထင်တိုင်း ပြုကျင့်ခဲ့ကြသည့် လူယုတ်မာတစ်စုကို စိစိညက်ညက်ကျေသွားအောင် အမှုန့်ချေ ပစ်လိုသည့် ဒေါသစိတ်အဟုန်သည်လည်း စီးဆင်းနေသော ဧရာဝတီ၏ ရေအလျင်ထက်ပင် အဆပေါင်းများစွာ မြန်ဆန်နေပါ လိမ့်မည်။
ကျနော်တို့သည် ကွယ်လွန်သွားပြီးဖြစ်သော ကျောင်းဆရာမလေး နှစ်ဦး၊ ပရိဒေဝသောကကို ပွေ့ပိုက်၍ ကျန်ရစ်ခဲ့သော မိသားစု ဝင်များ၊ စာနာထောက်ထားမှုကို အတူတကွ ပြသခဲ့ကြသူများဘက်မှ ခိုင်ခိုင်မာမာရပ်တည်ကြကာ မည်သည့်ဘာသာ၊ မည် သည့်လူမျိုး၊ ကျား/မ ဟူ၍ မခွဲခြားဘဲ ရိုင်းစို်င်းယုတ်မာလှသည့် ဖြစ်ရပ်ဆိုး၊ ကြမ္မာဆိုးနဲ့ပတ်သက်ပြီး အောက်ပါသံန္နိဋ္ဌာန် ၂ရပ် ကို တညီတညွတ်တည်း ချမှတ်ကြပါစို့။
၁။ ဤမှ နောင်အဖို့ ယင်းကဲ့သို့သော အဖြစ်ဆိုးမျိုး မည်သည့် တိုင်းရင်းသားပြည်သူများအပေါ်မှာမှ ထပ်မံ မကျရောက် စေရန် တစိတ်တည်းတစ်ဝမ်းတည်း စုပေါင်းကာကွယ်ကြပါမည်။
၂။ ဤလူမဆန်မှုကို ကျူးလွန်ခဲ့ကြသူများအား အမြန်ဆုံး ဖော်ထုတ်ပြီး ထိရောက်ပြတ်သားပြင်းထန်စွာ အပြစ်ပေး အရေးယူကြမည်။
ကျနော်တို့တိုင်းပြည်၌ ဥပဒေစိုးမိုးမှု လုံးဝမရှိသည်ကို ဤအဖြစ်ဆိုးမတိုင်ခင် ဖြစ်ပွားပေါ်ပေါက်ခဲ့သည့် ဘာသာရေး၊ လူမျိုးရေး၊ ခုတုံးလုပ်ပြီး အကြမ်းဖက် သတ်ဖြတ်မီးရှိုခဲ့ကြသည့် ဖြစ်ရပ်မျိုးစုံက အကြိမ်ကြိမ် အလီလီ သက်သေခံခဲ့ပြီးလည်း ဖြစ်ပါသည်။ ထိုဖြစ်ရပ်များကို လက်ရှိအုပ်စိုးလျက်ရှိသော သမ္မတဦးသိန်းစိန်၏အစိုးရသည် ထိထိရောက်ရောက် ကြိုတင်တားဆီးနိုင်ခြင်း မရှိ သလို၊ ပြတ်ပြတ်သားသား အပြစ်ပေး အရေးယူနိုင်ခြင်းလည်း မရှိခဲ့ပါ။ အကြမ်းဖက်သမားများနဲ့ အကြမ်းဖက်မှုများကို လက်ပိုက် ကြည့်နေခဲ့ပါသည်။
ဥပဒေ ဆိုသည်မှာ ငွေရှိသူများ/အာဏာရှိသူများ ထင်သလိုပြုနိုင်ရေးအတွက် လက်နက်နဲ့အကာအကွယ်သာ ဖြစ်ပါသည်။ ထိုသို့ ဖြစ်ခဲ့ကြောင်း၊ ထိုသို့ပြုလုပ်နိုင်ခဲ့ကြောင်းကို ၂၀၁၄ခုနှစ်၊ ဒီဇင်ဘာလ ၂၁ရက်နေ့က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ တွင် ဝါဝါဝင်းကုမ္ပဏီမှ ဈေးကွက်မန်နေဂျာ ဒေါ်မိုးမိုးမြင့်၏ မောက်မာဝင့်ဝါလှသည့် ပြောဆိုချက်များက ဝန်ခံထားပါသည်။
ဤဖြစ်ရပ်မှာ ရန်ကုန်မြို့ပေါ်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများအနက်မှ ပုံစံတစ်မျိုးသာလျှင် ဖြစ်ပါသည်။ တကယ်တော့ ဆွန်လွန်ရွယ်ဂျာ၊ ကိုပါကြီး၊ ဒေါ်ခင်ဝင်းတို့ကဲ့သို့ အကြမ်းဖက် အသတ်ဖြတ်ခံရမှုများသည် တစ်ပြည်လုံးအနှံ့ ပုံစံမျိုးစုံဖြင့် ပေါ် ပေါက်ဖြစ်ပွားနေခြင်းဖြစ်ပါသည်။ လမ်းပမ်းဆက်သွယ်ရေးခက်ခဲသော တောင်တန်းဒေသများပေါ်တွင် အကြမ်းဖက်မှုများ ပို၍ အဖြစ်များပါသည်။ ထိုသို့ အဓမ္မသားမယားပြုကျင့်မှု၊ အကြမ်းဖက်သတ်ဖြတ်မှုများကို လက်ရှိစစ်တပ်မှ စစ်ဗိုလ်စစ်သားများသည် လိုင်စင်ရထားသူများကဲ့သို့ ဇက်ရဲလက်ရဲ ကျူးလွန်ခဲ့ကြခြင်း၊ ကျူးလွန်နေကြခြင်းဖြစ်ပါသည်။
သမ္မတဦးသိန်းစိန်အစိုးရခေတ်၌ အခြားကိစ္စများတွင် ပွင့်လင်းမြင်သာမှု ခေါင်းပါးလှသော်လည်း အကြမ်းဖက်မှုများကား ပွင့် လင်းရဲတင်းလှပေ၏။ အကြမ်းဖက်သမားများနှင့် အကြမ်းဖက်မှုများအပေါ် အစိုးရ၏ လက်ပိုက်ကြည့်နေမှုကလည်း ပွင့်လင်းမြင် သာ ရှိလှပါသည်။ သို့ပါ၍ သမ္မတဦးသိန်းစိန်အစိုးရခေတ်ကို “အကြမ်းဖက်မှုနှင့် ရာဇဝတ်မှုများ၏ လွတ်လပ်ပွင့်လင်းခေတ်”ဟု ဆိုလျှင် ရနိုင်မည်ဟု ထင်မိပါသည်။
ဆိုရှယ်မီဒီယာနဲ့ တိုးတက်လာသော ဆက်သွယ်ရေးနည်းပညာနှင့် ကိရိယာများကြောင့်သာ ယခုကဲ့သို့ ရမ်းကားယုတ်မာမှုများ ကို မြန်မြန်ဆန်ဆန် ကွက်ကွက်ကွင်းကွင်း သိရှိလာကြရခြင်းဖြစ်ပါသည်။ တချိန်ကဆိုလျှင် တောင်ပေါ်မြေရဲ့ အခြားတစ်ဖက်က အကြမ်းဖက်ခံရမှုမျိုးစုံကို မြေပြန့်နေပြည်သူများက မကြားခဲ့၊ မသိခဲ့ကြရသလို၊ မြေပြန့်ကပြည်သူများ အလူးလူးအလိမ့်လိမ့် ခံစားခဲ့ရသည့် ပစ်ခတ်သတ်ဖြတ်ခံရမှုများကိုလည်း တောင်ပေါ်သားပြည်သူများက မသိရှိခဲ့ကြရချေ။
ယခု ကချင်ကျောင်းဆရာမလေးနှစ်ဦး အဓမ္မသားမယားပြုကျင့်၍ အသတ်ဖြတ်ခံရသည့်ကိစ္စ လက်သည်တရားခံနှင့် ပတ်သက် ၍လည်း ကောင်ခါးရွာအနီး စခန်းချထားတဲ့ ခမရ(၅၀၃) ကို ထင်မြင်စွပ်စွဲပြောကြားနေသည်မှာ အကြောင်းမဲ့မဟုတ်ပါ။ အရှက်၊ ဂုဏ်သိက္ခာ၊ အသွေးအသား၊ အသက်အိုးအိမ်စည်းစိမ်များကို စတေး၍ အနှစ်နှစ် အလလ နာကျည်းဖွယ် တွေ့ကြုံခံစားခဲ့ကြရ သည့် အတွေ့အကြုံများကြောင့်လည်းဖြစ်သည်။ ရပ်ထဲရွာထဲတွင် ခိုးမှုပျောက်မှု၊ လက်ရောက်မှုဖြစ်ပွားလာလျှင် အများ၏ ပထမ ဆုံး ထင်မြင်ယူချက်သည် ယခင်က ခိုးမှုကျူးလွန်ဖူးသူ၊ လက်စလက်နရှိသူကို ထင်မြင်၊ ပြောဆိုလက်ညှိုးထိုးတတ်လေ့ရှိသကဲ့ သို့ပင်၊ ယခုလည်း အနှစ်နှစ် အလလ တွေ့ကြုံခံစားခဲ့ရဖူးသည့် အတွေ့အကြုံများစွာအရ လက်စလက်နရှိဖူးသည့်၊ ကျော်ဇော သတင်းရှိဖူးသည့် စစ်တပ်ကို လက်ညှိုးထိုးပြခြင်းဖြစ်သည်။
စစ်တပ်နှင့် စစ်တပ်ဘက်မှ ရပ်တည်နေကြသူများသည်လည်း ယင်းသို့ စွပ်စွဲခံရသည့်အတွက် ဘာမျှ ဒေါသထွက်စရာမလိုပါ။ ခံပြင်းနေဖို့လည်းမလိုပါ။ အကြမ်းဖက်ယုတ်မာမှုကို လက်တွေ့ရင်ဆိုင်ခဲ့ကြရသော ကျောင်းဆရာမလေး နှစ်ဦး၊ သူတို့၏ ကျန်ရစ် သူ မိသားစုဝင်များနှင့်ထပ်တူ စာနာခံစားတတ်ဖို့ လိုပါသည်။ လက်သည်တရားခံ အလျင်အမြန် ဖော်ထုတ်နိုင်ရေး၊ တရားခံများ ကို ထိရောက်ပြင်းထန်စွာ အပြစ်ပေး အရေးယူရေးကိစ္စများတွင် အမှန်တရားလိုလားသည့် တိုင်းရင်းသားပြည်သူများနှင့်အတူ ပါဝင်လုပ်ဆောင်ကြဖို့သာ လိုပါသည်။
ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒဟူ၍ တစာစာ အော်ဟစ်ကြွေးကြော်နေသည့် လွှတ်တော်အနေဖြင့် လည်း ကချင်ကျောင်းဆရာမလေးနှစ်ဦး၏ အဖြစ်ဆိုးကို မကြားယောင်၊ မသိချင် ဟန်ဆောင်မနေသင့်ဘဲ စာနာထောက်ထား ကြောင်းနှင့် လက်သည်တရားခံ အမြန်ဆုံး ဖော်ထုတ်အပြစ်ပေး အရေးယူနိုင်ရန်အတွက် လွှတ်တော်၏သဘောဆန္ဒကို ဖော်ပြ သင့်ပါသည်။