ဩဂုတ် ၁ဝရက်၊ ၂၀၁၄ခုနှစ်။ ကေအိုင်စီ
မယ်တော်ဆေးခန်းရှိ ကလေးအတွင်းလူနာဌာနအတွင်း အိပ်ယာတခုအပေါ်တွင် ကိုရင်လေး ဖိုးချို တစ်ပါးတည်း လဲလျောင်း လျက်ရှိသည်။ သွေးလွန်တုတ်ကွေးရောဂါကြောင့် သူ့ခန္ဓာကိုယ်ကို ငြိမ်သက်စွာထားရင်း လှဲအိပ်နေရသည်။
အသက် ၇နှစ်အရွယ် ကိုရင်လေး ဖိုးချိုသည် မြဝတီမြို့ရှိ ယောဘူကျောင်းတိုက်၌ သီတင်းသုံးနေစဉ် အက်ဒစ်(စ်) ခေါ် သွေးလွန် တုပ်ကွေးပိုးကို သယ်ဆောင်သော ခြင်တစ်မျိုးအကိုက်ခံရသဖြင့် သွေးလွန်တုတ်ကွေးရောဂါ ကူးစက်ခံခဲ့ရသည်။ ဆေးခန်းသို့ မရောက်လာမီ ဝေဒနာခံစားရသော (၃)ရက်တာအတွင်း ကိုရင်လေးမှာ ခေါင်းကိုက်ခြင်း၊ ကိုယ်ပူတက်ခြင်း၊ အရိုးအဆစ်များ နာ ကျင်ခြင်းနှင့် တစ်ကိုယ်လုံးကိုက်ခဲသော ဝေဒနာများကို ခံစားခဲ့ရသည်။
နောက်ဆုံးတွင် ကိုရင်လေး၏မိခင်ဖြစ်သူ နော်ခီးသည် သားအတွက် စိုးရိမ်ကာ အခြားသားသမီး ၃ယောက်နှင့်အတူ ကိုရင်လေး ဖိုးချိုအား မြဝတီတစ်ဖက်ကမ်း ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်းသို့ ဆေးကုသမှုခံယူရန် ရောက်ရှိလာခဲ့သည်။
မိခင်နော်ခီးက “ကျမတို့ ဆေးခန်းကိုလာပြီး အကူအညီတောင်းရတော့တာပေါ့။ ကျမလည်း စိုးရိမ်လာတယ်လေ။ အမှန်ဆို သူ (ကိုရင်လေးဖိုးချို)က တချိန်လုံး ဆူညံပြီး ဆော့ကစားတတ်တာ။သူ့ကို ဒီလိုငြိမ်နေတာ တွေ့တော့တစ်မျိုးပဲလေ။ ထူးဆန်းတယ် ပေါ့။ အဲဒါကြောင့် စိုးရိမ်ပြီး ဒီမှာလာခဲ့ရတာ”ဟု သူမက ကရင်လို ပြောသည်။
ကိုရင်လေးဖိုးချို၏ ပူပြင်းသော နဖူးပြင်ပေါ်သို့ မိခင်နော်ခီးက စိုစွတ်သောအဝတ်နှင့်သုတ်ကာ စိုးရိမ်စိတ်ဖြင့် သားလေး၏ ကိုယ် အပူကျစေရန် လုပ်ဆောင်ပေးသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အင်တာနက်စာမျက်နှာမှ အချက်အလက်များအရ မိခင်နော်ခီး၏ စိုးရိမ်မှုမှာ လက်တွေ့ကျပါ သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ သတ်မှတ်ချက်အရ ခြင်မှတဆင့်ကူးစက်တတ်သော ရောဂါများအနက် သွေးလွန်တုပ်ကွေး သည် ကူးစက်မှုအမြန်ဆုံးရောဂါဖြစ်ပြီး ကမ္ဘာ့လူဦးရေ ထက်ဝက်နီးပါးမှာ သွေးလွန်တုပ်ကွေးရောဂါ အန္တရာယ်နှင့် ရင်ဆိုင်နေရ သည်။ ထို့အပြင် ကလေးများအား ပြင်းထန်သော ဖျားနာခြင်းနှင့် အသက်သေဆုံးနိုင်သည်အထိ ဖြစ်စေသော ထိပ်တန်းရောဂါ များအနက် တစ်မျိုးအပါအဝင်ဖြစ်သည်။
မယ်တော်ဆေးခန်းရှိ ကလေးကျန်းမာရေးဌာနတွင် ဆယ်နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့သော ဆရာမ နန်းမေစိုးက သွေးလွန် တုပ်ကွေးရောဂါသည် ဆိုးရွားသော ကိုယ်ခန္ဓာနာကျင်မှုကို ဖြစ်စေကာ အထူးသဖြင့် ကလေးများတွက် မခံမရပ်နိုင်သောနာကျင် မှုများ ဖြစ်စေသကဲ့သို့ သွေးလွန်တုပ်ကွေးရောဂါ၏ သက်ရောက်မှုဆိုးကျိုးများသည် လူနာအပေါ်တွင်သာမက မိသားစုတစ်စုလုံး အပေါ် သက်ရောက်စေသည်ဟု ဆရာမနန်းမေစိုးက ထောက်ပြပြောဆိုသည်။
“ရောဂါက ကိုယ်ခန္ဓာနာကျင်မှုကို ဖြစ်စေတယ်။ ခေါင်းလည်း အရမ်းကိုက်တတ်တယ်။ အရိုးအဆစ်တွေနာကျင်ပြီး ကိုယ်အပူ ပြင်းတတ်တယ်”ဟု ဆရာမနန်းမေစိုးက ပြောပါသည်။
“မိဘတွေက ဖျားနာတဲ့ကလေးတွေကို ပြုစုစောင့်ရှောက်ရတော့ အလုပ်မလုပ်အားကြဘူး။ သူတို့တွေက ကလေးကို ဒီမှာလာပြ တော့ တစ်ပတ်အထိ ကြာနိုင်တယ်။ ဒီမှာက ကျန်းမာရေးကုသမှု အလကားဆိုပေမယ့် မိဘတွေအဖို့က အလုပ်မလုပ်နိုင်တော့ မိသားစုဝင်ငွေအပေါ် ထိခိုက်မှုရှိလာတာပေါ့”ဟု သူမက ဆိုသည်။
သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုနှုန်းမှာ ကမာ္ဘ့ကျန်းမာရေးအဖွဲ့၏ ခန့်မှန်းချက်အရ တနှစ်အတွင်း အကြိမ်ပေါင်းသိန်း ၅၀ဝရှိ ပြီး ၅သိန်းမှာ ပြင်းထန်သော အမျိုးအစားဖြစ်သည်။ ထို့အပြင် သွေးလွန်တုပ်ကွေးကြောင့် လူပေါင်း ၂၂၀၀ဝ အသက်သေဆုံးပြီး ၎င်းတို့အထဲတွင် အများစုမှာ ကလေးများ ဖြစ်ကြသည်။
“သွေးလွန်တုပ်ကွေးရောဂါကိုကုဖို့ ဆေးမရှိဘူး။ ကျမတို့ ကျန်းမာရေးလုပ်သားအနေနဲ့ လုပ်နိုင်တာက လူနာကို အနီးကပ်စောင့် ကြည့်မယ်။ အပူလျှော့ကျအောင်လုပ်မယ်ပြီးတော့ လူနာသက်သက်သာသာ ဖြစ်အောင်ထားပြီး ကိုယ်ခန္ဓာအတွင်း အရည်များ မခြောက်ခမ်းသွားအောင်ထားတာမျိုးပဲ လုပ်ပေးနိုင်ပါတယ်”ဟု ဆရာမနန်းမေစိုးက ပြောသည်။
ကမာ္ဘ့ကျန်းမာရေးအဖွဲ့၏ ဖေါ်ပြချက်အရ ပိုမိုပြင်းထန်သော သွေးလွန်တုပ်ကွေး အမျိုးအစားမှာ ကိုယ်ပူခြင်း၊ ဝမ်းဗိုက်နာကျင် ခြင်း၊ မကြာခဏ အော့အန်ခြင်း၊ သွေးယိုစီးခြင်းနှင့် အသက်ရှူရန် ခက်ခဲခြင်းတို့ ခံစားရပြီး အထူးသဖြင့် ကလေးများတွင် အဖြစ် များပြီး သေစေနိုင်သည်အထိ ပြင်းထန်နိုင်သည်။
ယင်းသွေးလွန်တုပ်ကွေးမှာ ယခုအချိန်ထိ ကာကွယ်ရန်အတွက် ဆေးမရှိသလို ကုသရန်အတွက်လည်း ဆေးဝါးအတိအကျ မရှိ ကြောင်း ကမာ္ဘ့ကျန်းမာရေးအဖွဲ့က ဖေါ်ပြထားသည်။ ၎င်းရောဂါဖြစ်ပွားသူများသည် ကောင်းမွန်စွာ အနားယူပြီး အရည်များများ သောက်ကာ ကိုယ်အပူရှိန်ကျရန် ပါရာစီတမောဆေးကို သောက်သုံးရန် သို့မဟုတ် ဆရာဝန်နှင့်ပြသကာ ကုသမှုခံယူရန် ကျန်း မာရေးဌာနများက တိုက်တွန်းထားသည်။