ဇူလိုင် ၂၁ရက်၊ ၂၀၁၄ ခုနှစ်။ စောထွန်းလင်း
ကရင်တိုင်းရင်းသားများ စာပေနှင့်ယဉ်ကျေးမှုကော်မတီ(တက္ကလိုလ်များ ရန်ကုန်)က ဦးစီးကျင်းပသည့် ပထမ အကြိမ် ကရင်တက္ကသိုလ်ကျောင်းသားများ ဘောလုံးပြိုင်ပွဲတွင် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည် ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(NRDC)အသင်းနှင့် ရန်ကန်ပညာရေးတက္ကသိုလ်(YUOE) ဘောလုံးအသင်းတို့ ကစား ခဲ့ရာ NRDC အသင်းက ၄ဂိုး ၁ဂိုးဖြင့် အနိုင်ရရှိပြီး အနိုင်ရဗိုလ်စွဲခဲ့သည်။
ကရင်တက္ကသိုလ်ကျောင်းသားများ ဘောလုံးပြိုင်ပွဲတွင် အသင်းပေါင်း ၆သင်း ကစားခဲ့ပြီး ဗိုလ်လုပွဲတက်သွား သည့် ၎င်းအသင်းနှစ်သင်းကို ဇူလိုင် ၂ဝ ရက်၊ နံနက် ၉ နာရီ၌ ရန်ကုန်မြို့၊ လှိုင်မြို့နယ်ရှိ ရန်ကုန်ယူနိုက်တက် ဘောလုံးအသင်းပိုင် မြတ်ခင်းတုကွင်းတွင် ဗိုလ်လုပွဲ ကစားခဲ့ကြကာ NRDC အသင်းက ထိုသို့ အနိုင်ရဗိုလ်စွဲသွားခြင်းဖြစ်သည်။
NRDC အသင်းခေါင်းဆောင်လည်းဖြစ်၊ ဂိုးသွင်းအများဆုံးဆု ရရှိသွားသူလည်းဖြစ်သည့် ဒုတိယနှစ် အင်ဂျင်နီယာကျောင်းသား စောခင်နိုင်ဦးက “ကျနော်တို့ကျောင်းက ယောက်ျားလေးများတော့ ဘောလုံးအသင်း အတွက် လူစုရတာလွယ်တယ်။ အခုအနိုင်ရတာလည်း အသင်းသားအားလုံး ကြိုးစားခဲ့လို့ပါ။ အခုလိုဘောလုံးပွဲ ကျင်းပပေးတဲ့အတွက် အနိုင်အရှုံးထက် ကရင်ကျောင်းသူကျောင်းသားတွေ ချစ်ကြည်ရင်းနှီးမှုကို ဖြစ်ပေါ်လာ တယ်။ နောက်နှစ်တွေလည်း ပြိုင်ပွဲကျင်းပနိုင်အောင် ဝိုင်းလုပ်ဆောင်သွားမယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ရန်ကုန်ယူနိုက်တက် ဘောလုံးအသင်းပိုင် မြတ်ခင်းတုကွင်း၌ ကျင်းပသည့် ကရင်တက္ကသိုလ်ကျောင်းသားများ ဘောလုံးပြိုင်ပွဲ၏ ဗိုလ်လုပွဲတွင် ကျောင်းသားကျောင်းသူများနှင့် ဆရာ၊ ဆရာမများအပါအဝင် ပရိဿတ် ၂၀ဝ နီးပါး လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
“ပြိုင်ပွဲဝင်အသင်းများအားလုံး၊ ပြိုင်ပွဲဖြစ်မြောက်ရေးပါဝင်ကူညီခဲ့သူတွေ၊ ဘောလုံးပွဲလာရောက်အားပေးတဲ့ ကျောင်းသူကျောင်းသားတွေနှင့် ဆရာ၊ ဆရာမတွေအားလုံးကို ကျေးဇူးတင်ရှိကြောင်း ပြောချင်ပါတယ်။ ဒီပြိုင်ပွဲ ကို ကျင်းပရတာလည်း ကရင်ကျောင်းသူကျောင်းသားများ ပိုမိုချိတ်ဆက်နိုင်ရေးနှင့် စည်းလုံးညီညွတ်မှုရှိဖို့ ရည်ရွယ်တာပါ”ဟု ပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီဥက္ကဌ မှော်ဘီနည်းပညာတက္ကသိုလ် ပထမနှစ်ကျောင်းသား မန်းသောသျှန်က ကေအိုင်စီသို့ ပြောသည်။
အဆိုပါဘောလုံးပွဲကို သထုံတက္ကသိုလ်ဘောလုံးကွင်း၌ ကျင်းပရန် ရည်ရွယ်ခဲ့သော်လည်း ကျောင်းတာဝန်ရှိသူ များကို အဆင့်ဆင့်စာတင်ခွင့်ပြုချက်ယူရမည်ဖြစ်သောကြောင့် သက်မှတ်ရက်အတွင်း အချိန်မီ မကျင်းပနိုင်မည် စိုး၍ ဒဂုံမြို့နယ်ရှိ၊ မိုင်လာဘောလုံးကွင်းတွင် စတင်ကျင်းပခဲ့ကြောင်း၊ ယင်းဘောလုံးကွင်းသည်လည်း ဂိုးပိုက်၊ ကွင်းစည်းများ ကောင်းမွန်မှု မရှိသလို ဗိုလ်လုပွဲကို လာရောက်ကြည့်ရှုမည့်ပရိဿတ်များနှင့် ကွင်းအနေအထား အရ အဆင်မပြေသည့်အတွက် ရန်ကုန်ယူနိုက်တက်ပိုင် မြတ်ခင်းတုဘောလုံးကွင်းကို တစ်သိန်းကျပ်ဖြင့် ငှားရမ်းကျင်းပခဲ့ရခြင်းဖြစ်ကြောင်း ပြိုင်ပွဲကျင်ပရေးကော်မတီတာဝန်ရှိသူများက ဆိုသည်။
ပထမအကြိမ် ကရင်တက္ကသိုလ်ကျောင်းသားများ ဘောလုံးပြိုင်ပွဲကို ဇွန် ၂၈ ရက်တွင် စတင်ကျင်းပခဲ့ပြီး ပြိုင်ပွဲသို့ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် (မှော်ဘီ)၊ ရန်ကုန် အနောက်ပိုင်းနည်းပညာတက္ကသိုလ် (လှိုင်သာယာ)၊ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်၊ နည်းပညာတက္ကသိုလ် (သန်လျင်)နှင့် သမဝါယမ တက္ကသိုလ်တို့ ပူပေါင်းထားသည့် ညွန့်ပေါင်း ဘောလုံးအသင်းတို ့ပါဝင်ယှဉ်ပြိုင်ခဲ့ကာ ဆုပေးပွဲနှင့် ဂုဏ်ပြုညစာစားပွဲကို ဩဂုတ် ၂ ရက်နေ့တွင် လှိုင်မြို့နယ်၊ မြန်မာနိုင်ငံခရစ်ယန်ကောင်စီ၊ ယုဒသန်ခန်းမ၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။