ဇူလိုင်လ ၄ရက်၊ ၂၀၁၃ခုနှစ်။ စဖန်းရှောင်း (ကေအိုင်စီ)
ကရင်အမျိုးသားအစည်းအရုံး KNU ၏ ဖားအံခရိုင်၊ တပ်မဟာ (၇)မှ ခရီးသွားနှင့် ကူးသန်းရောင်းဝယ်ရေး လုပ်ဆောင်ရန် MOE KO SAN Traval & Tours Company Limited and Trading Company Limited ကို ကရင်ပြည်နယ်၊ မြဝတီမြို့နယ် အမှတ် (၄)ရပ်ကွက်၊ သီရိမဂင်္လာလမ်းတွင် ယနေ့ ဖွင့်လှစ်လိုက်သည်။
KNU ၏ တပ်မဟာ(၇)ကို ကိုယ်စားပြုသည့်အနေဖြင့် ကုမ္ပဏီကို တရားဝင် ဖွင့်လှစ်ခွင့်ရခြင်းဖြစ်ပြီး နောက်လာမည့်ကာလများ အတွက် မလွဲမသွေ လုပ်ကိုင်ရမည့် စီးပွားရေးအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ စောမိုးဇက်က ယခုလို ပြောသည်။
“ကျနော်တို့အနေနဲ့က နောင်တစ်ချိန်မှာ နိုင်ငံတကာ စီးပွားရေးဈေးကွက်ကို ဝင်ရောက်နိုင်ဖို့ဆိုတာ တစ်ဦးတစ်ယောက်တည်းနဲ့ လုပ်လို့မရပါဘူး။ အဲဒီတော့ ကုမ္ပဏီအဖြစ် ဖွဲ့စည်းပြီးမှ ဈေးကွက်ကို ဝင်ရောက်နိုင်မှာ ဖြစ်တဲ့အတွက် ကြိုးစားပြီး ဖွင့်လှစ်ရခြင်း ဖြစ်ပါတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါကုမ္ပဏီအနေဖြင့် ထိုင်း၊ ဂျပန်၊ အမေရိကန် စသည့်နိုင်ငံများမှ လုပ်ငန်းရှင်များနှင့် ချိတ်ဆက်ကာ ခရီးသွားဝန်ဆောင်မှု လုပ်ငန်းကို အဓိကထား စတင်လုပ်ဆောင်သွားမည်ဖြစ်ပြီး သွင်းကုန် ထုတ်ကုန်လုပ်ငန်းများကိုလည်း လုပ်ဆောင်သွားရန် ရှိ သည်ဟု သိရသည်။
ထိုသို့လုပ်ဆောင်ရာတွင် ကုမ္ပဏီရုံးအပြင် KNU တပ်မဟာ (၇)၊ စီးပွားရေးရုံးအဖြစ်လည်း သတ်မှတ်ထားရှိမည်ဖြစ်ပြီး အခြား သော ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်းရှင်များနှင့်လည်း ဆက်စပ်လုပ်ကိုင်သွားမည် ဖြစ်သည်ဟု သိရသည်။
စောမိုးဇက်က “ဒီရုံးကို တပ်မဟာ (၇) စီးပွားရေးရုံးအနေနဲ့လည်း သတ်မှတ်လို့လည်း ရပါတယ်။ ဒီရုံးကနေ KNU က ချမှတ် ထားတဲ့ စီပွားရေးဆိုင် စည်းမျဉ်းစည်းကမ်းများနှင့်အညီ လုပ်ကိုင်သွားမှာပါ။”ဟု ပြောသည်။
မြန်မာအစိုးရနှင့် KNU တို့အကြား ငြိမ်းချမ်းရေးဖော်ဆောင်နေစဉ်ကာလအတွင်း နိုင်ငံရေးအရ ခိုင်မာသော အာမခံချက် မရှိသ ရွေ့ စီးပွားရေးလုပ်ငန်းများကို စနစ်တကျဖြင့် သေချာစောင့်ကြည့်ပြီးမှ ရှေ့ဆက် တိုးချဲ့လုပ်ဆောင်သွားရန်ရှိကြောင်းလည်း ၎င်းက ဆက်လက် ပြောကြားသည်။

အဆိုပါကုမ္ပဏီဖွင့်ပွဲကို ယနေ့နံနက် ၉နာရီအချိန်တွင် စတင် ဖွင့်လှစ်ရာ ဗိုလ်မှူးကြီးဖောဒို၊ မြဝတီဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ် မှူးလယ်မှူးနှင့် မြဝတီခရိုင် ဒုရဲမှူးကြီး ဦးအောင်မြင့်၊ ခရိုင် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနမှူး ဦးအောင်ဝင်းသိန်းတို့အပြင် စီးပွားရေး လုပ်ငန်းရှင်အချို့ အပါအဝင် လူဦးရေ ၁၀ဝနီးပါး လာရောက်ခဲ့ကြသည်။
ယခု ဖွင့်လှစ်ထားသော MOE KO SAN Traval & Tours Company Limited and Trading Company Limited ကုမ္ပဏီရုံး တည်ရှိရာနေရာသည် ယခင် KNU ဆက်ဆံရေးရုံး (မြဝတီ) ရုံးစိုက်ရာနေရာတွင် ပြန်လည် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး မြန်မာအစိုးရ ထံမှ တရားဝင် ခွင့်ပြုချက်ဖြင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းကို ပထမဆုံး စတင် လုပ်ဆောင်နေခြင်းဖြစ်သည်။


















