ဇွန်လ ၁၄ရက်၊ ၂၀၁၃ ခုနှစ်။ စောထွန်းလင်း (ကေအိုင်စီ)
နိုင်ငံတော်သမ္မတနှင့် တွေ့ဆုံရာတွင် အချက်သုံးချက်ကို အဓိက ထားဆွေးနွေးခဲ့ကြောင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ-သျှမ်းပြည်တပ်မတော် (RCSS/SSA) ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးယွက်စစ်က ယနေ့ ထုတ်ဖော်ပြောကြားလိုက်သည်။
နိုင်ငံအုပ်ချုပ်သည့် ပုံစံအား ဖက်ဒရယ်စနစ်သို့ ပြောင်းရန်၊ ဒီမိုကရေစီနည်းလမ်းဖြင့် အုပ်ချုပ်ရန်နှင့် ပြည်သူအားလုံး၊ တိုင်းရင်း သားအားလုံး တန်းတူညီမျှမှုရှိပြီး ပြည်နယ်အလိုက်ကိုယ်ပိုင်ပြဠာန်းခွင့်ရှိရန်နှင့် မိမိကံကြမ္မာ မိမိဖန်တီးခွင့်ရှိရန် အချက်သုံးချက် ကို ၎င်းတို့နှစ်ဦးနှစ်ဘက် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် RCSS/SSA အဖွဲ့သည် ဇွန်လ ၁ဝရက်နေ့က ဦးသိန်းစိန်နှင့် တွေ့ဆုံပြီးနောက် ယနေ့နံနက် ၁ဝနာရီခွဲ၌ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီခမ်းမတွင် ပြည်တွင်းတိုင်းရင်းသားပါတီ ၁၂ခု၊ လူမှုအဖွဲ့ အစည်း ၈ခုနှင့် တွေ့ဆုံကာ ထိုသို့ ရှင်းလင်းပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။
ဒုဗိုလ်ချုပ်ကြီးယွက်စစ်က “ကျနော်တို့ လိုလားချက်ကို သမ္မတကြီးနှင့်တွေ့ဆုံစဉ် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၊ နိုင်ငံရေးပါ တီများ၊ အပစ်အခတ်ရပ်စဲရေးအဖွဲ့များအားလုံးပါဝင်တဲ့ ညီလာခံတစ်ရပ် ကျင်းပပြီးတော့ အဖြေရှာဖို့ အစိုးရအနေနဲ့ ရည်မှန်းထား တယ်လို့ ကျနော်တို့ကို ပြောပြခဲ့တယ်”ဟု ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ထို့အပြင် RCSS/SSA အဖွဲ့နှင့် အစိုးရအကြား ပြည်ထောင်စုအဆင့် ဒုတိယအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ကျိုင်းတုံမြို့၌ ပြုလုပ်ခဲ့စဉ်က အချက် ၁၂ချက်ကို သဘောတူလက်မှတ်ရေးထိုးနိုင်ခဲ့သော်လည်း လက်တွေ့တွင် မြို ့နယ် ၆မြို့နယ်ရှိ ဆက်ဆံ ရေးရုံးများ ဖွင့်လှစ်နိုင်ခြင်း၊ နိုင်ငံရေးပါတီများနှင့် ပြည်သူများအား တွေ့ဆုံပွဲများ ကျင်းပခွင့်ရခဲ့ခြင်း အချက်နှစ်ချက်ကိုသာ ဆောင်ရွက်နိုင်ခဲ့ကြောင်း ဒုဗိုလ်ချုပ်ကြီးယွက်စစ်က ဆက်ပြောသည်။
ဆက်လက်၍ ၎င်းတို့အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးတဲ့နောက်ပိုင်း အစိုးရစစ်တပ်နှင့် တိုက်ပွဲပေါင်း ၇ဝခန့် ဖြစ်ပွားကာ သူ့ဘက်ကိုယ့်ဘက် မှန်ကန်ကြောင်း အပြန်အလှန် ပြောဆိုခဲ့ခြင်းအပေါ် နိုင်ငံရေးပါတီများက စောင့်ကြည့်ဆုံးဖြတ်ပေးစေလို သည်ဟု RCSS/SSA က ပြောဆိုခဲ့သည်။
“ပြည်တွင်းစစ်ဖြစ်ခဲ့တာ နှစ်ခြောက်ဆယ်ကျော်ပြီးဆိုတော့ ကျနော်တို့လုပ်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပြည်သူတွေက အပြည့်အဝယုံကြည်မှုမရှိဘူး။ ဒီလိုပဲ တပ်မတော်ကလည်း ကျနော်တို့အပေါ် အပြည့်အဝ မယုံသလို ကျနော်တို့ကလည်း အပြည့်အဝ ယုံကြည်မှုမရှိဘူး။ အဲဒါကြောင့် နိုင်ငံရေးပါတီတွေက စောင့်ကြည့်ဆုံးဖြတ်ပေးကြပါလို ့ကျနော်ပြောချင်ပါတယ်”ဟု ဒုဗိုလ်ချုပ်ကြီးယွက်စစ်က ဖြည့်စွက်ပြောကြားခဲ့သည်။
RCSS/SSA သည် ဦးအောင်မင်း ခေါင်းဆောင်သော အစိုးရငြိမ်းချမ်းရေးအဖွဲ့နှင့် ၂၀၁၂ခုနှစ်၊ ဇန်နဝါရီလ ၁၆ရက်နေ့က အချက် ၁၁ချက်ပါ ပြည်ထောင်စုအဆင့် နှစ်ဘက်သဘောတူညီမှုစာချုပ်ကို တောင်ကြီးမြို့တွင် လက်မှတ်ထိုးနိုင်ခဲ့ပြီးနောက် ၂၀၁၂ခု နှစ်၊ မေလ ၃ရက်နေ့က မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနဲ့ လက်နက်ကိုင် တိုက်ခိုက်မှု လုံးဝ အဆုံးသတ်ရေး အပါအဝင် အချက် ၁၂ချက်ကို ကျိုင်းတုံမြို့တွင် ထပ်မံ သဘောတူညီခဲ့ကြသည်။