မေလ ၃၁ရက်၊ ၂၀၁၃ခုနှစ်။ နန်းဖော့ဂေ (ကေအိုင်စီ)
ဖန်းဖောင်ဒေးရှင်းက နှစ်စဉ် ချီးမြှင့်လေ့ရှိသည့် ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ကို ၂၀၁၂ခုနှစ် အတွက် ကရင်အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့-KWEG မှ နမ့်သန္တာအောင် အား နဝမ အကြိမ်မြောက် ကရင်အမျိုးသားသွေး စည်းညီညွှတ်ရေး နှီးနှောဖလှယ်ပွဲ ကျင်းပသည့် ကရင်အမျိုးသားအစည်း အရုံး(KNU)၏ တပ်မဟာ(၇) နယ်မြေတွင် မေလ ၃၁ရက်နေ့ညနေက ပေးအပ်ခဲ့သည်။
ဆုချီးမြှင့်သူ စောစေးစေးဖန်းက “အခုဆို ကျနော်တို့ ဖန်းဖောင်ဒေးရှင်းရဲ့ ဆုရှင်ဟာ ငါးဦးမြောက် ရှိသွားပါပြီ။ ၂၀၀၈ခုနှစ်က တည်းက စပြီး ပေးလာခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၂အတွက် ပေးမဲ့ဒီဆုကို အဆိုတင်သွင်းခံရသူ လူငယ်က အမျိုးသမီးနှစ်ဦးနဲ့ အမျိုးသားတစ်ဦးပဲ ရှိပါတယ်။ ဒီအထဲကမှ နမ့်သန္တာအောင်ကို ကျနော်တို့ ရွေးချယ်ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။”ဟု ဆိုသည်။
နမ့်သန္တာအောင်သည် ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (Karen Women Endowment Group- KWEG)၌ ၂၀၀၈ခုနှစ် နာဂစ်မုန်တိုင်း ကျရောက်သည့်အချိန်က စတင် လုပ်ကိုင်လာခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် ၎င်းအဖွဲ့၏ အမျိုးသမီး စွမ်း ရည်မြှင့်တင်ရေး လုပ်ငန်းစဉ်များကို ညှိနှိုင်းဆက်စပ်ဆောင်ရွက်သူအဖြစ် တာဝန်ယူ၍ Learning Center ဖွင့်ထားကာ စာကြည့် တိုက်များ၊ ကွန်ပြူတာနှင့် အသက်မွေးဝမ်းကျောင်းသင်တန်းများကို ဦးစီးလုပ်ကိုင်ပေးနေသူ ဖြစ်သည်။
၎င်းအပြင် အမျိုးသမီးများ လူကုန်ကူးခံရမှုနှင့် အိမ်တွင်းအကြမ်းဖက်မှုများအတွက် ဥပဒေအကြံပေးအသင်း ဖွဲ့စည်းထားပြီး ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်၏ လိုအပ်သည့် ကဏ္ဍများတွင်လည်း လိုက်လံကူညီဆောင်ရွက်ပေးနေသူ ဖြစ်သည်။ KWEG ကို ၂၀၀၃ခု နှစ်တွင် ရန်ကုန်မြို့၌ စတင် ဖွဲ့စည်းခဲ့ပြီး လက်ရှိအချိန်တွင် ပဲခူးတိုင်း၊ တောင်ငူမြို့နှင့် ကရင်ပြည်နယ် ဖားအံမြို့များ၌ ရုံးခွဲများ ရှိသည်။

နမ့်သန္တာအောင်အား ၂၀၁၂ခုနှစ် ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆုလက်မှတ် ချီးမြှင့်စဉ်

“ဆုကြေညာလိုက်တော့ ဘယ်လိုဖော်ပြရမှန်း မသိဘူး။ အရမ်းပဲ ဝမ်းသာပါတယ်။ နောက်တခု ခံစားရတာက ဒီဆုနဲ့ ထိုက်တန် ရဲ့လားပေါ့နော်။ ကျမလို အလုပ်လုပ်နေတဲ့ လူငယ်တွေလည်း အများကြီးရှိတော့ ကိုယ့်ကိုယ်ကို မထင်ထားပါဘူး။”ဟု နမ့်သန္တာ အောင်က ဆုပေးပွဲတွင် ထုတ်ဖော်ပြောဆိုသည်။
ဖန်းဖောင်ဒေးရှင်းကို ၂၀၀၈ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ရက်နေ့က လုပ်ကြံသတ်ဖြတ်ခံရသည့် KNU ၏ အထွေထွေ အတွင်းရေးမှူး ပဒိုမန်းရှာလားဖန်းနှင့် ဇနီးဖြစ်သူ နမ့်ကျင်ရွှေကို ရည်စူး၍ သားသမီးများဖြစ်ကြသော စောစေးစေးဖန်း၊ နမ့်ဘွားဘွားဖန်း၊ နမ့်ဇို ယာဖန်းနှင့် စလုံ့ဖန်းတို့က တည်ထောင်ခဲ့ပြီး ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆု၏ ဆုငွေအဖြစ် အမေရိကန်ဒေါ်လာ ၂၀၀ဝကို နှစ်စဉ် ပေးအပ်ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။
၎င်းဆုကို ၂၀၀၈ခုနှစ်မှ ၂၀၁၁ခုနှစ်အထိ ယခင် ရရှိခဲ့သူများမှာ ညောင်လေးပင်ခရိုင်မှ နော်ဖောကဘလာထူး၊ ဖာပွန်ခရိုင်မှ စော ညွှန့်ဝင်း၊ ဘိတ်-ထားဝယ်ခရိုင်မှ နော်ဒီဇင်ဘာဖော၊ ဒူးပလာယာခရိုင်မှ စောထူးထူးအဲ့တို့ ဖြစ်ကြသည်။