ဇွန်လ ၁ရက်၊ ၂၀၁၃ခုနှစ်။ (ကေအိုင်စီ)

ဒီကေဘီအေ တပ်ဖွဲ့ဝင်များ

လက်ရှိ နိုင်ငံရေးအခြေအနေမှ သိသာမြင်သာသည့် တိုးတက်မှုရရှိရန် ရည်ရွယ်ပြီး ပြည်တွင်းပြည်ပရှိ တိုင်းရင်းသားပေါင်းစုံ ပါဝင်သော ဆွေးနွေးပွဲတစ်ရပ်ကို လာမည့် ဇွန်လ ၁၅ရက်နေ့တွင် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဆုံဆည်းမြိုင်ကျေးရွာ၌ ကျင်းပပြုလုပ်ရန် ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA)မှ စီစဉ်နေကြောင်း သိရသည်။
လက်ရှိ ပြုလုပ်နေသည့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများသည် ထင်ထားသမျှ တိုးတက်မှုများ မတွေ့ရှိရသေးသဖြင့် အဖွဲ့အစည်း ပေါင်းစုံမှ လက်ရှိ နိုင်ငံရေးအခြေအနေနှင့် ပတ်သက်၍ ဆွေးနွေးအဖြေရှာရန် ယခုအစည်းအဝေးကို စီစဉ်ကျင်းပပြုလုပ်ရခြင်း ဖြစ်သည်ဟု (DKBA) ပြောခွင့်ရသူ ဒုတိယတန်း စစ်ဦးစီးမှူး ဗိုလ်မှူးထွန်းထွန်းက ပြောသည်။
“လက်ရှိ နိုင်ငံရေးအခြေအနေကို ပြန်လည်သုံးသပ်ရမယ်ဆိုလို့ရှိရင် ထင်ထားသလောက် ခရီးမရောက်ဘူးဖြစ်နေတယ်။ နိုင်ငံ တော်အစိုးရဘက်ကလည်း နှောင့်နှေးနေသလို ကျနော်တို့ တိုင်းရင်းသား၊ အတိုက်အခံဘက်လည်း ဘာအချက်ကို လိုချင်တာ လဲဆိုတာကို သတ်သတ်မှတ်မှတ်ကို တွေ့ရတာမျိုးမရှိသေးဘူး။ အဲသလိုမျိုးဖြစ်ရတာကလည်း ကျနော်တို့ အဖွဲ့အစည်းတွေ တွေ့ဆုံမှုအားနည်းနေလို့ ယူဆရတယ်။ ဆိုတော့ မကြာမကြာ တွေ့ဆုံပြီး လက်ရှိနိုင်ငံရေးအခြေအနေ သုံးသပ်ပြီးတော့ ရှေ့ လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေကို တပြေးညီ ချသွားနိုင်မယ်လို့ ယူဆတဲ့အတွက် ဒီဆုံရပ်ကို ဖန်းတီးလိုက်တာဖြစ်တယ်။”ဟု ပြောသည်။
အဆိုပါ ဆွေးနွေးပွဲအတွင်း လက်ရှိ နိုင်ငံရေး အခင်းအကျင်းကို ခင်းကျင်းချပြကာ ရှေ့ဆက် တိုင်းပြည်နှင့် ပြည်သူလူထုအ တွက် အကျိုးရှိမည့် အလားအလာကောင်းများ၊ လုပ်ငန်းစဉ်များကို အဖြေရှာသွားမည့် အကြောင်းအရာများကို ဆွေးနွေးသွားရန် ရည်ရွယ်ထားသည်ဟုလည်း ဗိုလ်မှူးထွန်းထွန်းက ဆက်လက် ပြောဆိုသည်။
၎င်းအစည်းအဝေးသို့ ပြည်တွင်းပြည်ပ ပြည်ထောင်စု တိုင်းရင်းသားအဖွဲ့အစည်းများ၊ လက်နက်ကိုင်အင်အားစုများ၊ နိုင်ငံရေးပါ တီများ၊ ဒီမိုကရေစီအရေး ဆောင်ရွက်နေသော အဖွဲ့အစည်းများ၊ အစိုးရ ဝန်ထမ်းအဖွဲ့အစည်းများ၊ တတ်သိပညာရှင်များ၊ တသီးပုဂ္ဂလ ပုဂ္ဂိုလ်များ၊ ပြည်တွင်းပြည်ပရှိ မီဒီယာအဖွဲ့များနှင့် စိတ်ပါဝင်စာသူများကို ဖိတ်ကြားထားကြောင်း ဗိုလ်မှူးချုပ်စော လားပွယ်၏ လက်မှတ်ဖြင့် မေလ ၂၆ရက်နေ့တွင် ထုတ်ပြန်ပေးပို့လိုက်သည့် (DKBA) ဖိတ်စာထဲတွင် ပါရှိသည်။
“အခုလို အစည်းအဝေး ကျင်းပပြုလုပ်ခြင်းအားဖြင့် အဖွဲ့အစည်းပေါင်းစုံမှ ဆွေးနွေးချက်တွေကို တူညီတဲ့ အဖြေတစ်ခုကို ထွက် နိုင်မယ်လို့ ယူဆရတဲ့အပြင် မြန်ဆန်၊ မှန်ကန်တဲ့ နိုင်ငံရေးလမ်းကြောင်းတစ်ခုလည်း ထွက်ပေါ်နိုင်မယ်လို့ မျှော်လင့်ရပါတယ်” ဟု ဗိုလ်မှူးထွန်းထွန်းက ဆိုသည်။
(DKBA)အဖွဲ့သည် ၁၉၉၄ခုနှစ်တွင် ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)မှ ခွဲထွက်၍ မြန်မာစစ်အစိုးရနှင့် ဆယ်စုနှစ် တစ်စုကျော်ကြာ သွားရောက်ပူးပေါင်းခဲ့ပြီး ပြီးခဲ့သည့် ၂၀၁ဝခုနှစ်တွင် အဖွဲ့ဝင်အများစုမှာ မြန်မာစစ်အစိုးရ၏ နယ်ခြားစောင့် တပ်အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းခြင်းကို ခံခဲ့ရသည်။
သို့သော် ဗိုလ်ချုပ်စောလားပွယ်ဦးဆောင်သည့် (DKBA)အဖွဲ့ကမူ နယ်ခြားစောင့်တပ်ကို လက်မခံဘဲ အစိုးရကို တနှစ်နီးပါးကြာ ပြန်လည်ခုခံတော်လှန်ခဲ့ရာ ပြီးခဲ့သည့် ၂၀၁၁ခုနှစ်၊ နိုဝင်ဘာလ ၃ရက်နေ့တွင် အသစ်တက်လာသည့် ဦးသိန်းစိန်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကို ရယူခဲ့သည်။
ထို့နောက် နယ်မြေသတ်မှတ်မှု အခြေအနေကြောင့် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူဒေသတွင် လှုပ်ရှားနေသည့် ဗိုလ်မှူးစောဘိ ဦးဆောင်သော (DKBA)တပ်ဖွဲ့များသည် အစိုးရစစ်တပ် လက်အောက်ခံ နယ်ခြားစောင့်တပ်များ (BGF)တပ်ဖွဲ့ နှင့် ပြန်လည်ပစ်ခတ်မှုများ ရှိခဲ့သည်