Home သတင်း အစိုးရနှင့် ‌ကေအိုင်အို ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးပွဲတွင် ‌လေ့လာ သူအဖြစ် ‌ကေအဲန်ယူ တက်‌ရောက်ခဲ့

အစိုးရနှင့် ‌ကေအိုင်အို ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးပွဲတွင် ‌လေ့လာ သူအဖြစ် ‌ကေအဲန်ယူ တက်‌ရောက်ခဲ့

2219
‌ဖေ‌ဖော်ဝါရီလ ၅ ရက်၊ ၂၀၁၃ ခုနှစ်၊ စဖန်း‌ရှောင်း (‌ကေအိုင်စီ)

မြန်မာအစိုးရ၏ ပြည်‌ထောင်စုငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေး အဖွဲ့ဝင်များနှင့် ကချင်လွတ်‌မြောက်‌ရေးအဖွဲ့-KIO တို့ အကြား ယမန်‌နေ့က တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ‌ရွှေလီမြို့၌ ငြိမ်းချမ်း‌ရေးအတွက် အကြို‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့ရာ တွင် KNU မှ ဥက္ကဌနှင့် အ‌ထွေ‌ထွေအတွင်း‌ရေးမှူးတို့က ‌လေ့လာ သူအဖြစ် တက်‌ရောက်ခဲ့ကြသည်။

အဆိုပါ ‌ဆွေး‌နွေးပွဲသို့ KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး မှုတူး‌စေးဖိုး၊ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ပဒို‌စောကွယ်ထူးဝင်း တို့ တက်‌ရောက်ခဲ့ကြခြင်းဖြစ်ပြီး KNU သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၁ ခုဖြင့် ဖွဲ့ စည်းထားသည် ညီညွတ်‌သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ်‌ကောင်စီ-UNFC ၏ အဖွဲ့ဝင်လည်း ဖြစ်‌သော‌ကြောင့် ထိုသို့ သွား‌ရောက်ခြင်းဖြစ်‌ကြောင်း KNU တွဲဘက်အ‌ထွေ‌ထွေအတွင်း‌ရေးမှူး(၂) ပဒိုမန်းမန်းမန်းက ‌ပြောသည်။

KNU တွဲဘက်အ‌ထွေ‌ထွေအတွင်း‌ရေးမှူး(၂) ပဒိုမန်းမန်းမန်းက “UNFC အဖွဲ့ဝင် တိုင်းရင်းသားအားလုံးက‌တော့ ဒီကိစ္စမှာ ဝိုင်းဝန်းလုပ်‌ဆောင်ကြဖို့ တာဝန်ရှိပါတယ်။ ‌နောက်ပြီးကချင်ဘက်ကလည်း အဖွဲ့ဝင်တိုင်းရင်းသား အင်အားစု‌တွေအ‌နေနဲ့ ‌လေ့လာသူအဖြစ် ပါဝင်‌ပေးဖို့ လိုလားတယ်‌လေ။ အဲဒါ‌ကြောင့် KNU က တက်‌ရောက် တာဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးပွဲတွင် KIO ဘက်မှ ငြိမ်းချမ်း‌ရေးအဖွဲ့‌ခေါင်း‌ဆောင် ဦးဆွမ်လွတ်ဂမ်နှင့် ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ဂွမ်‌မော် အပါအဝင် ကိုယ်စားလှယ် ၅ ဦးနှင့် အစိုးရဘက်မှ ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်‌ရေး ဒုဥက္ကဌ ဝန်ကြီးဦး‌အောင်မင်း ဦး‌ဆောင်‌သော အဖွဲ့ဝင်များနှင့်အတူ ငြိမ်းချမ်း‌ရေးအကျိုး‌တော်‌ဆောင်များက ‌ဆွေး‌နွေးခဲ့ကြခြင်းဖြစ်သည်။

ထို့အပြင် ‌ဆွေး‌နွေးပွဲတွင် ‌လေ့လာသူအဖြစ်တက်‌ရောက်‌သော KNU အပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံ ခြား‌ရေးရာ ဝန်ကြီးဌာနမှ သံအမတ်ကြီး Mr. Luo Zhaohui၊ သျှမ်းပြည်ပြန်လည်ထူ‌ထောင်‌ရေး‌ကောင်စီ (RCSS/SSA)မှ ဗိုလ်မှူးချုပ်စိုင်းလူနှင့် အဖွဲ့ဝင် ၂ ဦး၊ ဦးဟန်‌ညောင်‌ဝေ၊ ဦးဗစ်တာဗျက်လျန်တိုမှ သက်‌သေများ အဖြစ် တက်‌ရောက်ခဲ့ကြသည်ဟု သိရသည်။

၎င်း‌ဆွေး‌နွေးပွဲအပြီးတွင် အစိုးရနှင့် ‌ကေအိုင်အိုတို့မှ အချက် ၄ ချက်ပါသည် ပူးတွဲ‌ကြေငြာချက်တစ်‌စောင်ကို ထုတ်ပြန်ခဲ့ပြီး ‌ကြေညာချက်အရ ‌ကေအိုင်အိုအ‌နေဖြင့် UNFC နှင့် ‌ဆွေး‌နွေးညှိနှိုင်း၍ ‌ဖေ‌ဖော်ဝါလမကုန်မှီ အစိုးရအား ထပ်မံ‌ဆွေး‌နွေးရန်၊ နှစ်ဖက်အကြား ခိုင်မာသည့်အပစ်ရပ်စဲ‌ရေးကို အမြန်ဆုံးအ‌ကောင်အထည် ‌ဖော်ရန်တို့ ပါဝင်သည်။

ကချင်‌ဒေသတွင် ၂၀၁၁ခုနှစ်၊ ဇွန်လမှစ၍ တိုက်ပွဲများပြန်လည်ဖြစ်ပွားပြီး‌နောက် ‌ကေအိုင်အိုနှင့် အစိုးရစစ်တပ် တို့အကြား ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးပွဲများ အကြိမ်ကြိမ်ပြုလုပ်ခဲ့ရာတွင် KNU အပြင် အခြား‌သော အဖွဲ့အစည်းများ မှ ‌ခေါင်း‌ဆောင်များက အသိသက်‌သေအဖြစ် ပါဝင်လာခြင်းမှာ ယခုအကြိမ်သည် ပထမဦးဆုံးဖြစ်သည်။