Home သတင်း ဆိုင်ကယ်ခိုးရန် ကြိုးစားခဲ့သူကို ဖမ်းမိခဲ့သည့် လူငယ် ၄ ဦး ဂုဏ်ပြုခံရ

ဆိုင်ကယ်ခိုးရန် ကြိုးစားခဲ့သူကို ဖမ်းမိခဲ့သည့် လူငယ် ၄ ဦး ဂုဏ်ပြုခံရ

1545
‌ဖေ‌ဖော်ဝါရီလ ၄ရက်၊ ၂၀၁၃ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့၌ ယခင်လ ဇန်နဝါရီ ၂၆ရက်‌နေ့က ဆိုင်ကယ်ခိုးယူရန် ကြိုးပမ်းခဲ့သူ တစ်ဦးကို လိုက်လံဖမ်းဆီးနိုင်ခဲ့သည့် လူငယ် ၄ ဦးအား မြို့ရှိ ရပ်မိရပ်ဖများမှ ယခုလ ‌ဖေ‌ဖော်ဝါရီ ၂ရက်‌နေ့တွင် ဂုဏ်ပြု အခမ်းအနားတရပ် ပြုလုပ် ကျင်းပ‌ပေးခဲ့သည်။

အဆိုပါ အခမ်းအနားကို ဘုရားသုံးဆူမြို့ရှိ ပြည်‌ထောင်စု ကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုးတိုးတက်‌ရေးပါတီ-PSDP(ပြည်ခိုင် ဖြိုးပါတီ) ၏ ရုံး‌ရှေ့တွင် ည‌နေ ၆နာရီမှ ၉နာရီအထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး ရပ်မိရပ်ဖ ၂၈ဦးမှ ဆိုင်ကယ်ခိုးယူရန် ကြိုးပမ်းခဲ့သူကို ဖမ်းဆီးရမိခဲ့သည့် သင်းမိုးနိုင်(ကိုမုတ်ဆိတ်)၊ လင်းလင်းထွန်း၊ ‌ကျော်လွင်နှင့် ကြည်‌ထွေးတို့ အား ဂုဏ်ပြုခဲ့ခြင်းဖြစ်သည်။

ဂုဏ်ပြုပွဲအခမ်းအနားပြုလုပ်‌ပေးခဲ့မှုတွင် ပါဝင်သည့် ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးစိုးစိန်က “သူတို့(ဂုဏ်ပြုခံရတဲ့ လူငယ်‌တွေ)‌တွေ သတ်စွန့်ဆံဖျားနဲ့ အဲဒီ သူခိုးကို ဖမ်းမိတဲ့အတွက် မြို့က လူ‌တွေ အားလုံး ဝမ်းသာကြတယ်။ ‌နောက် ဖမ်းတဲ့အချိန်မှာ သူခိုးက ဓါးနဲ့ ပြန်ခုခံ‌ပေမယ့် သူတို့က လက်နက်မပါဘဲနဲ့ ခုခံတာ အင်မတန် အန္တရာယ် များခဲ့တယ်။ ဒါ‌ကြောင့် သူတို့ရဲ့ စံပြလုပ်ရပ်ကို အသိအမှတ်ပြုလို့ ဂုဏ်ပြုရတာဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဘုရားသုံးဆူမြို့တွင် ‌ဖောက်ထွင်းခိုးယူမှုများနှင့်ပတ်သက်၍ ဆက်တိုက်ဆိုသလို တနှစ်‌ကျော်ကြာ ဖြစ်ပွားခဲ့ ‌သော်လည်း သက်ဆိုင်ရာအာဏာပိုင်များက ညမအိပ်၊ ‌နေ့မအိပ် လှုပ်ရှားကာ ဖမ်းမမိဘဲ ဖြစ်‌နေချိန်တွင် အဆိုပါ လူငယ်များက ဖမ်းဆီးနိုင်ခဲ့‌သော‌ကြောင့် မြို့‌နေလူထုများအတွက် များစွာ စိတ်သက်သာရာ ရရှိခဲ့‌ကြောင်းလည်း ဦးစိုးစိန်က ဆက်‌ပြောသည်။

ဂုဏ်ပြုခံရသည့် လူငယ်များကို ဘုရားသုံးဆူမြို့ရှိ ပြည်ခိုင်ဖြိုးပါတီ၏ အတွင်း‌ရေးမှူး ဦးခိုင်ဝင်းမှ ဂုဏ်ပြုမှတ် တမ်းဓါတ်ပုံများ ‌ပေးအပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဂုဏ်ပြုအခမ်းအနားတွင် ဘုရားသုံးဆူမြို့ရှိ သက်ဆိုင်ရာ အစိုးရအရာရှိများ၊ ရပ်မိရပ်ဖများနှင့် မြို့ခံလူထုများ အပါအဝင် ပြည်ခိုင်ဖြိုးပါတီ၊ မွန်‌ဒေသလုံးဆိုင်ရာ ဒီမိုက‌ရေစီပါတီ၊ မွန်ဒီမိုက‌ရေစီပါတီ၊ အမျိုးသားဒီမိုက‌ရေစီ အဖွဲ့ချုပ် စသည့် ပါတီများမှ တာဝန်ရှိသူများ တက်‌ရောက်ခဲ့သလို ဘုရားသုံးဆူအ‌ခြေစိုက် လက်နက်ကိုင်အဖွဲ့ ဝင်များဖြစ်သည့် KNU၊ DKBA၊ KPF နှင့် အစိုးရစစ်တပ်မှ တာဝန်ရှိသူများ တက်‌ရောက်ကာ စုစု‌ပေါင်း လူ ၅၀ဝ ခန့် တက်‌ရောက်ခဲ့သည်။

ဇန်နဝါရီလ ၂၆ ရက်‌နေ့က ဆိုင်ကယ်ခိုးယူရန် ကြိုးပမ်းခဲ့သူ ဘုရားသုံးဆူမြို့ရှိ ငုဝါလမ်း၊ အမှတ်(၂) ရပ်ကွက်တွင် ‌နေထိုင်သည့် အသက် ၄၅နှစ်အရွယ် ဦးစိုးဝင်း (‌ခေါ်) ငါး‌ခြောက် (‌ခေါ်) ရည်ဝင်းကို ထိုလူငယ် ‌လေးဦးက ဖမ်းဆီးရမိကာ ဘုရားသုံးဆူ ရဲစခန်းသို့ လွဲ‌ပြောင်း‌ပေးခဲ့သည်။
ထိုမှတဆင့် ဦးစိုးဝင်းကို ဇန်နဝါရီလ ၂၈ရက်‌နေ့တွင် ဘုရားသုံးဆူ ရဲစခန်းမှ ကြာအင်းဆိပ်ကြီးမြို့ ရဲစခန်းရှိ ရဲမှူး ဦး‌အေး‌ကျော်ထံသို့ ထပ်မံလွဲ‌ပြောင်းခဲ့သည်ဟု သိရသည်။