စက်တင်ဘာလ ၂ရက်၊ ၂၀၁၂ခုနှစ်။ နန်းဖော့ဂေ သတင်းပေးပို့ချက် (ကေအိုင်စီ)

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ကွမ်တာ(သဝေါတာ)ရွာ ဘုန်းတော်ကြီးကျောင်းတွင် ၎င်းကျေးရွာအုပ်စုရှိ လူထု ၃၀၀ကျော်အတွက် လူဝင်မှုကြီးကြပ်ရေး (လဝက)နှင့် Norwegian Refugee Council(NRC)တို့ ပူးပေါင်း၍ မှတ်ပုံတင်(နိုင်ငံသား စိစစ်ရေးကတ်ပြား)များကို ယနေ့ အခမဲ့ ပြုလုပ်ပေးနေသည်။
ထိုဒေသရှိ ကွမ်တာ(သဝေါ်တာ)၊ ကွမ်တာကုန်း၊ ရှမ်းရွာ၊ ပန်းတိမ်ကုန်း၊ ကျွန်းကုန်း၊ ကမ်းပါးနီ၊ ကုန်းကလေး၊ ထီ့ဖိုးခီး၊ သဒိခိုကျေးရွာတို့မှ လူဦးရေ ၃၅ဝဦးကို မိုးပွင့်စီမံချက်(၃)အဖြစ် မှတ်ပုံတင် ပြုလုပ်ပေးခြင်းဖြစ်သည်ဟု ကိုယ်တိုင် လာရောက်ကြည့်ရှုခဲ့သူ မြန်မာနိုင်ငံ လူဝင် မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးခင်ရီက ကေအိုင်စီသို့ ပြောသည်။
“အရင်က ကွင်းဆင်းပြီး မှတ်ပုံတင်လုပ်ပေးတာ၊ အခမဲ့ လုပ်ပေးတာလည်း မရှိခဲ့ဘူး။ အခု ဒီနိုင်ငံမှာပဲ မွေးဖွားပြီး ကိုယ့်နိုင်ငံသား အချင်း ချင်းဆိုတော့ မှတ်ပုံတင် မဖြစ်မနေ ရှိသင့်တယ်။ ဒါကြောင့် မှတ်ပုံတင်မရှိတဲ့သူတွေအတွက် လုပ်ပေးတာပါ။ သတ်မှတ်ချက်အရဆို ၆ကျပ်ဆိုပေမဲ့ အခု မိုးပွင့်စီမံချက်နဲ့မို့ ပိုက်ဆံတစ်ပြားမှ မကုန်ဘူးပေါ့”ဟု ဝန်ကြီးဦးခင်ရီက ပြောဆိုသည်။
ကွမ်တာကျေးရွာ၌ ယနေ့ နိုင်ငံသားစိစစ်ရေးကဒ်ပြား ပြုလုပ်ရာတွင် သက်ဆိုင်ရာ မြို့နယ်နှင့် ပိုင်ကျုံမြို့နယ်ခွဲမှ (လဝက)ဝန်ထမ်းများ နှင့်အတူ NRC ဝန်ထမ်းများကလည်း ဒေသခံလူထုများအတွက် နယ်ဆင်း၍ လိုက်လံလုပ်ဆောင်ပေးနေခြင်း ဖြစ်သည်။
မှတ်ပုံတင် လာရောက်ပြုလုပ်သူ ကွမ်တာရွာသူ နော်မိ ၄ဝနှစ်က “ကျမက အရုပ်(မှတ်ပုံတင်) တခါမှ မလုပ်ရသေးဘူး။ အရင်က လုပ်ရ လား၊ မလုပ်ရလား ဘယ်သူမှ လာမပြောဘူးလေ။ အခု သူများတွေ လာပြောတော့ ငါတို့လည်း ဝမ်းသာအားရ လာလုပ်တာ။ ပိုက်ဆံမ ကုန်ဘူးဆိုတော့ ပိုက်ဆံလည်း မယူလာဘူး။ အရင်က မြို့တက်တဲ့အခါ မှတ်ပုံတင်စစ်လို့ မရှိရင် ပိုက်ဆံပေးရတယ်။ အခုတော့ မပေးရ တော့ဘူးတဲ့”ဟု ပြောသည်။
အစိုးရ (လဝက)နှင့် ပူးတွဲအလုပ်လုပ်နေသည့် NRC မှ field assistant နန်းအေးအောင်ဦးကလည်း မှတ်ပုံတင်များ လိုက်လံလုပ်ဆောင် ရာတွင် NRC အနေဖြင့် စက်ပစ္စည်းများ၊ နည်းပညာများ၊ မှတ်တမ်းမှတ်ရာ မိတ္တူများကို ကူညီလုပ်ဆောင်ပေးလျှက်ရှိပြီး ဆက်လက်၍ လည်း မှတ်ပုံတင် မရှိသေးသော မြဝတီမြို့နယ်ရှိ ဖလူး၊ မင်းလက်ပံ၊ အင်ကြင်းမြိုင်၊ ထီးဝါ့ပလောနှင့် ထီးလော်သိကျေးရွာများတွင် ဒေသ ခံလူထုများအတွက် အလားတူ မှတ်ပုံတင်ပြုလုပ်ပေးရန်ရှိသည်ဟု ဆိုသည်။
နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ရာတွင် အသက် ၁ဝနှစ်မှစ၍ လုပ်ဆောင်ပေးခြင်းဖြစ်ကြောင်းနှင့် အားလုံးမှာ စိစစ်ရေးကတ်ပြား မရှိသေး သူများဖြစ်ပြီး ယနေ့မပြီးဆုံးပါက နောက်ရက်များတွင် ဆက်လက် လုပ်ဆောင်ပေးသွားမည်ဖြစ်သည်။ ယင်းသို့ စိစစ်ရေးကဒ်လာရောက် ပြုလုပ်သူများကို ကျန်းမာရေးဌာနမှလည်း မျက်စိစစ်ဆေးခြင်း၊ မျက်မှန်တပ်ဆင်ခြင်း၊ ကလေးသူငယ်များအတွက် ကျန်းမာရေးစစ်ဆေးမှု များကိုလည်း ပြုလုပ်ပေးခဲ့သည်။
ယနေ့ အခမဲ့ မှတ်ပုံတင် ပြုလုပ်ရေးခဲ့ရာတွင် ပြမြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီ ကိုယ်တိုင် သွားရောက်ကြည့်ရှုခဲ့သလို ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မင်း၊ ပြည်နယ်လွှတ်တော်ကော်မရှင် ဥက္ကဌ စောအောင်ကျော်မင်း၊ ဒုဥက္ကဌ မန်းလှမြိုင်နှင့် သက်ဆိုင် ရာ ပြည်နယ် (လဝက) အရာရှိများလည်း လိုက်ပါသွားခဲ့ကြသည်။
မြန်မာအစိုးရ လဝကမှ ကြီးကြပ်၍ မိုးပွင့်စီမံချက်(၁)အဖြစ် ကရင်အမျိုးသားအစည်းအရုံး-KNU ထိန်းချုပ်နယ်မြေတွင်း ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ရှိ ကရင်လူမျိုး အိုးအိမ်မဲ့နေသူ ၃၆ဦးကို နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးခဲ့ပြီး မေလဆန်း၌လည်း ကရင်ပြည် နယ်အတွင်း ရွှေကုက္ကိုကျေးရွာတွင် မိုးပွင့်စီမံချက်(၂)အဖြစ် ဒေသခံများကို နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခဲ့ပြီ ဖြစ်သည်။
ထို့အပြင် ဇူလိုင်လက ကြာအင်းဆိပ်ကြီးမြို့နယ် မဲ့ကသာကျေးရွာအုပ်စုရှိ မဲ့ကသာရွာကြီး၊ မဲ့ကသာရွာလေး၊ မဲ့ကသာကွီးမော်တော်၊ ဆင် တဲ၊ သဘာဝ၊ ဆီးနှစ်ပင်၊ တဲသုံးလုံး၊ ထီးသဘလု၊ လေးတာဝေါ်၊ မောင်းဖာထောင်း၊ ထီးလယ်ဘောခီးနှင့် လောရှမ်းစု ကျေးရွာတို့ကို မိုးပွင့် စီမံချက်(၃)အဖြစ် ပြုလုပ်ပေးခဲ့သည်။



















