Home သတင်း လက်နက်ကိုင် အင်အားစုများအ‌ပေါ် အစိုးရ ခွဲခြားဆက်ဆံဟု (မဒမခ) ထုတ်ပြန်

လက်နက်ကိုင် အင်အားစုများအ‌ပေါ် အစိုးရ ခွဲခြားဆက်ဆံဟု (မဒမခ) ထုတ်ပြန်

2047
ဩဂုတ်လ ၂၇ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)

ပြည်တွင်းငြိမ်းချမ်း‌ရေး တည်‌ဆောက်ရာတွင် အစိုးရအ‌နေဖြင့် လက်နက်ကိုင်အင်အားစုများအ‌ပေါ် ခွဲခြားဆက်ဆံလျှက်ရှိသည်ဟု မြန်မပြည်ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ်(မဒမခ)အဖွဲ့က ‌ကြေညာချက်တစ်‌စောင် ဩဂုတ်လ ၂၅ရက်‌နေ့က ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံရှိ လက်ရှိဖြစ်‌ပေါ်‌နေသည့် ‌တွေ့ဆုံ‌ဆွေး‌နွေးမှုနှင့် အပစ်အခတ်ရပ်စဲ‌ရေးဖြစ်စဉ်များအတွင် နိုင်ငံ‌ရေးပြဿနာများကို ‌ဖြေရှင်းနိုင် သည်အထိ သ‌ဘောတူညီမှုများ မရရှိကြ‌သေးသည့်အပြင် စစ်‌ရေးပဋိပက္ခများသည် ယ‌နေ့ထိ ဖြစ်‌ပေါ်လျှက်ရှိပြီး လက်နက်ကိုင်အဖွဲ့များ နှင့်လည်း ‌တွေ့ဆုံမှုများ၌ ကွဲပြားမှုများရှိ‌နေ‌ကြောင်း ‌ကြေညာချက်တွင် ‌ဖော်ထားသည်။

တပြည်လုံး အတိုင်းအတာ‌ဆောင်သည့် အပစ်ခတ်ရပ်စဲ‌ရေးကို အများက ‌တောင်းဆို‌နေ‌သော်လည်း မြန်မာပြည်‌မြောက်ပိုင်းတွင် ပြင်းထန် သည့် ထိုးစစ်ဆင် တိုက်ခိုက်မှုများ‌ကြောင့် အစိုးရသည် လက်နက်ကိုင်အင်အားစုများအ‌ပေါ် အမျိုးမျိုး ခွဲခြားဆက်ဆံ‌နေသည်ဟု (မဒမခ) အတွင်း‌ရေးမှူး ဦးမျိုးဝင်းက ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

“ကရင်ဆိုရင် တမျိုး၊ ရှမ်းနဲ့ ကချင်ဆိုရင် တမျိုး တခြားအဖွဲ့အစည်း‌တွေဆိုရင် တမျိုး ဒီလိုမျိုး‌တွေ ‌တွေ့ ‌နေရတယ်။ ပုံစံအမျိုးမျိုးနဲ့ ခွဲခြား ဆက်ဆံ‌နေတယ်။ အ‌လေး‌ပေး ကူညီ‌ဆောင်ရွက်‌ပေးမှု‌တွေလည်း မတူညီဘူး။ ဒီလို မတူညီမှု‌တွေက ဒီက‌နေ့ အစိုးရသွား‌နေတဲ့ ငြိမ်းချမ်း ‌ရေးလုပ်ငန်းစဉ်အ‌ပေါ်မှာ သံသယ‌တွေဖြစ်‌စေတယ်”ဟု ဦးမျိုးဝင်းက ‌ပြောသည်။

ဆက်လက်၍ ‌တွေ့ဆုံ‌ဆွေး‌နွေးပြီး အပစ်ခတ်ရပ်စဲ‌ရေး ‌ဖြေရှင်းသည့်နည်းအ‌ပေါ် တိုင်းရင်းသားအင်အားစုအားလုံး အပါအဝင် ပြည်သူတစ် ရပ်လုံး သိရှိနိုင်‌အောင် (မဒမခ)အဖွဲ့၏ သ‌ဘောထားကို ထုတ်ပြန်ရခြင်းဖြစ်‌ကြောင်းလည်း ဦးမျိုးဝင်းက ဆက်‌ပြောသည်။

(မဒမခ)အဖွဲ့၏ ထုတ်ပြန်ချက်သ‌ဘောထားသည် ကရင့်အမျိုးသားအစည်းအရုံး(KNU)၏ ထုတ်ပြန်ထားသည့် သ‌ဘောထားနှင့်လည်း ထပ်တူထပ်မျှကျ‌ကြောင်း KNU မှ တွဲဖက်အတွင်း‌ရေးမှူး(၁) ဗိုလ်မှူး‌စောလှ‌ငွေက “ဖြစ်ရပ်မှန်‌တွေကို ထင်ဟပ်ပြီး ‌ဝေဖန်သုံးသပ်ထား တယ်ဆို‌တော့ ဒါက လက်ရှိ သက်ဆိုင်ရာ အစိုးရအ‌နေနဲ့ ဒီအချက်အလက်‌တွေကို ပြုပြင်သင့်တယ်”ဟု ‌ပြောသည်။

ယင်းထုတ်ပြန်ချက်ထဲတွင် စစ်မက်ဖြစ်ပွားသည် ‌ဒေသများ၌ လူ့အခွင့်အ‌ရေးချိုး‌ဖောက်ခံ‌နေရခြင်း၊ လတ်တ‌လော အပစ် အခတ်ရပ်စဲခဲ့ သည့် အဖွဲ့တချို့နှင့် စစ်‌ရေးတိုက်ပွဲများ ထပ်မံဖြစ်‌ပေါ်‌နေခြင်း၊ စီးပွား‌ရေးနှင့် ဖွံ့ဖြိုး‌ရေးလုပ်ငန်းများဖြင့် ခွဲထုတ်စည်းရုံး‌နေခြင်းကိုလည်း အစိုးရဘက်မှ ဆက်လက် ‌ဆောင်ရွက်လျှက်ရှိ‌နေသည်ဟု ‌ဖော်ပြထားသည်။

ထို့အပြင် ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေး လုပ်ငန်း‌ကော်မတီ၏ ပြည်‌ထောင်စုအဆင့် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ် (၈)ချက်တွင် ပါဝင်‌သော ပါတီထူ‌ထောင်၍ ‌ရွေး‌ကောက်ပွဲဝင်‌ရေး ၂၀၀၈ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ‌အောက်တွင် ‌နေထိုင်‌ရေး၊ လွှတ်‌တော်တွင်း၌ အများ သ‌ဘောတူ ဆန္ဒနှင့်အညီ ‌ဆောင်ရွက်‌ရေးနှင့် ဖွဲ့စည်းပုံနှင့်အညီ တခုတည်း‌သော လက်နက်ကိုင် အဖွဲ့အစည်းအဖြစ် အသွင်ကူး‌ပြောင်း‌ရေး စသည့်အချက်များကို (မဒမခ)အ‌နေဖြင့် သ‌ဘောတူရန် ခက်ခဲ‌ကြောင်းလည်း ‌ထောက်ပြထားသည်။

အစိုးရအ‌နေဖြင့် စစ်မှန်သည့် ပြည်တွင်းငြိမ်းချမ်း‌ရေးကို ရရှိရန် တပြည်လုံး အတိုင်းအတာ‌ဆောင်သည့် အပစ်ခတ်ရပ်စဲ‌ရေးကို ‌ကြေညာ ပြီး လက်နက်ကိုင်အင်အားစုများနှင့် အစိုးရ ‌တွေ့ဆုံ‌ဆွေး‌နွေးသွားပါက တဖွဲ့ချင်းစီနှင့် ‌တွေ့ဆုံခြင်းထက် ပိုမို အား‌ကောင်း‌စေနိုင်မည်ဟု (မဒမခ)ဘက်မှ အစိုးရကို တိုက်တွန်းလို‌ကြောင်း ဦးမျိုးဝင်းက ‌ပြောသည်။

မြန်မာပြည် ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ် (မဒမခ) ကို ၁၉၈၈-ခုနှစ် နိုဝဘင်္ာလ (၁၈) ရက်‌နေ့တွင် KNU ဥက္ကဌ‌ဟောင်း ဗိုလ်ချုပ်ကြီး ‌စောဘိုမြ၊ ကချင်ပြည်လွတ်လပ်‌ရေးအဖွဲ့-KIO ဥက္ကဌ ဘရမ်ဆိုင်း၊ မွန်ပြည်သစ် ပါတီ-NMSP ဥက္ကဌ နိုင်‌ရွှေကျင်၊ ပြည်သူ့ ပြည်ချစ်ပါတီ ဥက္ကဌ ဗိုလ်ချုပ်သွင်တို့က ဦး‌ဆောင်ဖွဲ့စည်းခဲ့‌သော တပ်‌ပေါင်းစု ကြီးဖြစ်သည်။

(မဒမခ)အဖွဲ့တွင် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၂၁ဖွဲ့ပါဝင်ပြီး နိုင်ငံ‌ရေးရည်မှန်းချက်မှာ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်‌ထောင်စု မြန်မာနိုင်ငံထူ‌ထောင်‌ရေး ဖြစ်သည်။