မေလ ၂၇ရက်၊ ၂၀၁၂ခုနှစ်။ စအိုင်သန်
တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေး၏ အဓိကမြို့ဖြစ်သော မူဆယ်မြို့မှ လားရှိုးနှင့် မန္တလေးသို့သွားသော ကုန်ကားများသည် မေလ ၂၅ ရက်နေ့မှစ၍ ညဖက်မထွက်ရဲဘဲ ဖြစ်နေကြောင်း မူဆယ်ဒေသခံကုန်သည်များက ပြောသည်။
“ပြီးခဲ့တဲ့ သုံးရက်လောက်က မူဆယ် ၁၀၅မိုင် ကုန်သွယ်ရေးဇုံကနေ မိုင် ၂၀လောက်ဝေးတဲ့ နန့်အွန်ရွာနားမှာ ကုန်ကားတစ်စီးကို လက်နက်ကိုင်အဖွဲ ့တစ်ဖွဲ့ ဗုံးခွဲလိုက်ပြီးကတည်းက ညဖက်မထွက်ရဲဖြစ်နေကြတယ်”ဟု မူဆယ်ဒေသခံ ဖရဲသီးကုန်သည်တစ်ဦးက ပြောသည်။
ဆက်ကြေးတောင်းရာတွင် ငွေမရရှိသဖြင့် ကားဦးခန်းအား ဗုံးခွဲလိုက်ခြင်းဖြစ်ပြီး ဗုံးခွဲသောလက်နက်ကိုင်အဖွဲ့မှာ ဗမာစကားကို ကောင်းမွန်စွာ ပြောတတ်သည်ဟု ကားသမားက ပြန်ပြောပြကြောင်း အဆိုပါကုန်သည်က ပြောသည်။
ထို့အပြင် အဆိုပါလက်နက်ကိုင်အဖွဲ့မှာ မေလ ၂၈ရက်နှင့် ၂၉ရက်များတွင် မူဆယ်လားရှိုးလမ်းပေါ်သို့ ကားများသွားလာပါက ဖောက်ခွဲ ပစ်မည်ဟု ခြိမ်းခြောက်ခဲ့သဖြင့် တန်ဆာခများ မြင့်တက်လာကြောင်း တရုတ်နိုင်ငံမှ ဆောက်လုပ်ရေးပစ္စည်းများ တင်သွင်းသူကုန်သည် က ပြောသည်။
“ဗုံးခွဲလိုက်တော့ အတက် (မန္တလေးမှ မူဆယ်ကိုအလာ) ကားတွေဆို တစ်ပိဿာ(တန်ဆာခ)ကို ၈ဝကျပ်ကနေ ့ဒီနေ ့၈၅ကျပ်ဖြစ်လာပြီ။” ဟု အဆိုပါကုန်သည်က ဆိုသည်။
အဆိုပါဒေသတွင် လက်နက်ကိုင်အဖွဲ ့၄ဖွဲ့နှင့် အထက်ရှိကြောင်း ဒေသခံများက ဆိုသည်။



















