မေ ၂၅ရက်၊ ၂၀၁၂ခုနှစ်။ နန်းယဉ် (ကေအိုင်စီ)
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် ဒုက္ခသည်ကလေးများအတွက်ယာယီစာသင်ကျောင်းများ တည်ဆောက်ပေးလျှက်ရှိကြောင်း သိရသည်။
ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) ထိန်းချုပ်နယ်မြေအတွင်း ဒုက္ခသည်စခန်းများရှိ ကလေးငယ်များ ပညာ ဆက်လက်သင် ကြားနိုင်ရန် ဒုက္ခသည်စခန်းကော်မတီတို့က ဦးဆောင်ပြီး ယာယီစာသင်ကျောင်းများကို တည်ဆောက်ပေးနေခြင်းဖြစ်ကြောင်း ကချင်စစ်ပြေးဒုက္ခသည်ကော်မတီ ဥက္ကဌ ဒူကမ္ဘာ့ဒွဲပီဆာက ပြောသည်။
၎င်းက “ကျောင်းဖွင့်ဖို့ အခုဆို ကျနော်တို့ ကျောင်းဆောက်တာတို့၊ ကျောင်းသားစာရင်းကောက်တာတို့ လုပ်နေပါတယ်။ ကလေး တွေ ပညာသင်ကြားနိုင်ဖို့ မဖြစ်ဖြစ်အောင်တော့ လုပ်ဆောင်နေပါတယ်။”ဟု ပြောဆိုသည်။
ယာယီစာသင်ကျောင်းများ တည်ဆောက်ရာတွင် မူလတန်းနှင့် အလယ်တန်းအတွက် ကျောင်းများကို စစ်ဘေးလွတ်ကင်းပြီး လုံခြုံ မှုရှိသည့် သင့်တော်ရာနေရာကို ရွေးချယ်တည်ဆောက်ထားသည်ဟု ကချင်စစ်ပြေးဒုက္ခသည်ကော်မတီက ဆိုသည်။
လက်ရှိအခြေအနေတွင် KIA ထိန်းချုပ်နယ်မြေတစ်ခုလုံးအတွင်း ဒုက္ခသည်စခန်းပေါင်း ၅ဝနှင့်အထက်ရှိပြီး ဒုက္ခသည်ဦးရေပေါင်း ၅သောင်းကျော်ရှိနေပြီဖြစ်သည်ဟု ဒူကမ္ဘာ့ဒွဲပီဆာက ဆက်ပြောသည်။
ဒုက္ခသည်စခန်းအတွင်းတွင် ကျောင်းတက်ရန်အတွက် လတ်တလော ကောက်ခံရရှိသည့် စာရင်းအရ ကျောင်းနေအရွယ် ကလေး ငယ်ပေါင်း သောင်းချီရှိနေပြီး စာသင်ကျောင်းဆောက်လုပ်ပြီးသည်နှင့်တပြိုင်နက် စတင် စာသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
KIA ထိန်းချုပ်နယ်မြေထဲ၌ စစ်ပြေးဒုက္ခသည်ဦးရေ ဆက်လက်တိုးပွားနေချိန်တွင် နိုင်ငံတကာ အလှူရှင်များထံမှ အကူအညီမရရှိဘဲ KIA နှင့် စခန်းတွင်းရှိ ဒုက္ခသည်စခန်းကော်မတီတို့၏ ကူညီထောက်ပံ့မှုဖြင့်သာ မှီခိုနေရသဖြင့် အစားအသောက်နှင့် ဆေးဝါးအကူ အညီများ လိုအပ်လျှက်ရှိသည်။
“UN လာဖို့ အစီအစဉ်ရှိတယ်။ ဒါပေမယ့် လောလောဆယ် ခွင့်ပြုချက်မရသေးလို့။ သူတို့က လာကူညီတယ် ဆိုတာကလည်း သူတို့ ကားရောက်နိုင်တဲ့ နယ်စပ်တလျှောက်ပဲ ရောက်တယ်။ တခြားနေရာတွေမှာ သူတို့ မရောက်နိုင်ဘူး။”ဟု ဒူကမ္ဘာ့ဒွဲပီဆာက ပြော သည်။
ကချင်ဒုက္ခသည်များသည် တရုတ်-မြန်မာနယ်စပ်၊ မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုင်ဂျာယန်၊ လိုင်ဇာ စသည့်ဒေသများတွင် အခြေချ နေထိုင်ကြရပြီး အချို့ဒုက္ခသည်စခန်းများတွင် ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ဖြစ်ပွားလျှက်ရှိသည်။
မြန်မာအစိုးရနှင့် ၁၇နှစ်ကြာ အပစ်အခတ်ရပ်စဲခဲ့သည့် KIA သည် ယမန်နှစ် ၂၀၁၁ခုနှစ်၊ ဇွန်လမှစပြီး အပစ်အခတ်ရပ်စဲရေး ပျက် ပြားကာ နှစ်ဖက်တိုက်ခိုက်မှုများ ပြန်လည်ဖြစ်ပွားခဲ့ပြီးနောက် သောင်းနှင့်ချီသည့် ဒေသခံ ကချင်လူထုမှာ စစ်ပြေးဒုက္ခသည်များအ ဖြစ် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်မှာ ယခုချိန်အထိ ဖြစ်သည်။


















