ဧပြီ (၅)၊ ရွှေသိုက်တော (ကေအိုင်စီ)
တရားမဝင်ဂျပန်နိုင်ငံထုတ်ကားများနေ့စဉ်တင်သွင်းနေသည့် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြဝတီလမ်း ကြောမှတဆင့် ထိုင်းနိုင်ငံထုတ် ၁၂ ဘီးတပ် VOLVO အမျိုးအစားမြေသယ်ယာဉ်အစီး ၂ဝ ကို မြန်မာအစိုးရ က မြန်မာဘက်သို့တရားဝင်တင်သွင်းခွင့်ပြုလိုက်သည်။
မြန်မာနိုင်ငံမုံရွာကြေးနီသတ္တုတူးဖော်ရေးစီမံကိန်းတွင်အသုံးပြုရန်အတွက် Central Marketing Co.Ltd မှတင်သွင်းသည့် ဆွီဒင်နည်းပညာဖြင့်ထိုင်းနိုင်ငံတွင်ပြုလုပ်သည့်ကားများကို ၁ဝ နှစ်နီးပါးကာလအတွင်း မြန်မာဘက်ကတရားဝင်တင်သွင်းခွင့်ပြုခြင်းဖြစ်သည်။
ဗုဒ္ဓဟူးနေ့ကတင်သွင်းသည့်အဆိုပါကားများနှင့် ပုံစံတူသည့်ဂျပန်မြေသယ်ယာဉ်များကို မြန်မာကားကုန် သည်များက မဲဆောက်-မြဝတီလမ်းကြောမှတဆင့် မြန်မာဘက်သို့တရားမဝင်တင်သွင်းမှုများရှိသည်ဟု ထိုင်းလုပ်ငန်းရှင်တဦးကပြောသည်။
မဲဆောက်-မြဝတီလမ်းကြောသည် ယခင်စစ်အစိုးရလက်ထက်ကစတင်၍ ဂျပန်နိုင်ငံမှတင်သွင်းလာသည့် တပတ်ရစ်ကားများကိုနေ့စဉ်အစီးရေ ၁၀ဝ ကျော်တင်သွင်းနေသည့်လမ်းကြောဖြစ်ပြီး လွန်ခဲ့သည့် ၂ နှစ် ကျော်ကစ၍တရားမဝင်ကားတင်သွင်းမှုကို မြန်မာဘက်ကထိန်းချုပ်မှုပြုလုပ်ခဲ့သော်လည်း တရားမဝင်ကား တင်သွင်းသည့်လုပ်ငန်းမှာရပ်တံ့သွားခြင်းမရှိဟု မြန်မာကားကုန်သည်များကပြောသည်။
ကားကုန်သည်ကိုနိုင်က”မြန်မာဘက်ကကားတွေကိုတရားဝင်သွင်းတယ်ဆိုတာကဟန်ပြဘဲ မြန်မာနိုင်ငံက စစ်ဗိုလ်ချုပ်အသစ်အဟောင်းတွေပိုင်တဲ့ ဦးပိုင်ကုပ္မဏီအပါအဝင်အခြားကုပ္မဏီတွေနဲ့ဌာနဆိုင်ရာတွေက လုပ်ငန်းသုံးနဲ့လူစီးကားအမျိုးမျိုးကို မဲဆောက်ကနေဘဲတင်သွင်းနေကြတာဖြစ်တယ် အခုအစိုးရသစ်လက် မှာလည်းအရင်လိုဘဲသွင်းနေကြတာဘဲ အရေအတွက်နည်းသွားတာဘဲရှိတယ်”ဟုကေအိုင်စီသို့ပြောသည်။
မဲဆောက်မြဝတီမှတဆင့်မြန်မာဘက်တင်သွင်းနေကြသည့် ဂျပန်ကားများမှာထိုင်းဘက်ခြမ်းတွင်အစီးရေ ထောင်ဂဏန်းအထက်တွင်ပုံမှန်ရှိပြီး ကားကုန်သည်များက မြန်မာအာဏာပိုင်အဆင့်ဆင့်နှင့် နားလည်မှုယူကာ မြဝတီလမ်းကြောမှတဆင့် မြန်မာနိုင်ငံအတွင်းပိုင်းသို့သယ်ဆောင်ကြခြင်းဖြစ်သည်။
ထိုင်းဘက်မှမြန်မာဘက်တင်သွင်းသည့်ဂျပန်ကားများမှာ မြေသယ်ယာဉ်၊မြေတူးယာဉ်၊ကုန်တင်ကားမျိုးစုံ၊ခ ရီးသည်တင်ဘတ်စ်ကားမျိုးစုံ၊ ဇိမ်ခံကားမျိုးစုံ၊လမ်းကြိတ်စက်၊ မီးသတ်ကား၊ဆီတင်ယာဉ်၊နိဗ္ဗာန်ယာဉ်အပါအဝင် လယ်ယာသုံးယာဉ်အမျိုးမျိုးကို ချစ်ကြည်ရေးတံတားဘေးဝဲယာရှိ လှေဆိပ်များမှတဆင့်ညဘက်တွင် တင်ပို့ကြခြင်းဖြစ်သည်။
ဂျပန်ကားမြန်မာဘက်တင်ပို့သည့်မြန်မာလုပ်ငန်းရှင်တဦးက”မြန်မာနိုင်ငံမှာဘယ်အစိုးရဘဲတက်တက် ဒီနယ်စပ်က တရားမဝင်ကားလုပ်ငန်းကဆက်ရှိနေမှာဘဲ ဒီအလုပ်ကအောက်ခြေလူတန်းစားတွေလုပ်ကြတဲ့ အလုပ်မဟုတ်ဘူး”ဟုဆိုသည်။
လွန်ခဲသည့် ၁ဝ နှစ်ခန့်က ထိုင်းဝန်ကြီးချုပ်ဟောင်ထပ်ဆင်ရှင်နဝပ်လက်ထက်က ထိုင်းအစိုးရမှမြန်မာစစ်အစိုးရသို့ချေးသည့် ထိုင်းဘတ်ငွေသန်း ၄၀၀ဝ တန်ဘိုးရှိလုပ်ငန်းစဉ်တွင်ပါရှိသည့် ကုန်တင်ကားများကိုလည်း မဲဆောက်မြဝတီလမ်းကြောရှိ ချစ်ကြည်ရေးတံတားမှတဆင့်တင်သွင်းခဲ့သည်။



















