ဇန်နဝါရီ ၃ဝရက်၊ ၂၀၁၂ခုနှစ်။ ရွှေသိုက်တော (ကေအိုင်စီ)
ထိုင်းမွေးမြူရေးပုဇွန်များမဲဆောက်-မြဝတီ လမ်းကြောမှတဆင့် ရန်ကုန်မြို့သို့ တရက်ခြား ၅ တန်ခန့်တရားမဝင် ဝင်ရောက်နေသဖြင့် မြန်မာ့ ပုဇွန်မွေးမြူရေး လုပ်ငန်းရှင်များ နစ်နာ ဆုံးရှုံးမှုများနှင့် ကြုံတွေ့နေသည်ဟုပုဇွန်လုပ်ငန်းရှင်များက ပြောသည်။
ပုဇွန်မွေးမြူရေးလုပ်ငန်းရှင်များက တရားမဝင် ထိုင်းပုဇွန်များဝင်ရောက်မှုကို ကိုင်တွယ်ဖြေ ရှင်းပေး ရန်အတွက် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနနှင့် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန် ကြီးဌာနတို့ကို တိုင်ကြားထားသော်လည်း ယနေ့အထိ တစုံတရာအရေးယူခြင်း မရှိသောကြောင့် နစ်နာနေရခြင်းဖြစ်ကြောင်း လုပ်ငန်းရှင်များက ပြောသည်။
မြန်မာပုဇွန်မွေးမြူရေးလုပ်ငန်းရှင်တဦးက” မြန်မာနိုင်ငံမှာ ပုဇွန်မွေးမြူရေးစားရိတ်ကြီးမားတဲ့အ တွက် နိုင်ငံတကာဈေးကွက် မရှိတော့ဘူး။ လက်ရှိပုဇွန်မွေးမြူရေးလုပ်ငန်းလုပ်နေတဲ့ လူက ၃-၄ ဦးပဲ ရှိတော့တယ်။ ထိုင်းပုဇွန်တွေ တရားမဝင်လာနေတာကို မတားဘူးဆိုရင် မြန်မာ့ပုဇွန်မွေးမြူ ရေးလုပ်ငန်းတွေ ရပ်ဆိုင်းသွားမှာ သေချာတယ်။”ဟု ဝေဖန်သုံးသပ်ခဲ့သည်။
ထိုင်းမွေးမြုရေးပုဇွန်ဖြူအမျိုးအစားကို ထိုင်း-မြန်မာနယ်စပ်မဲဆောက်-မြဝတီလမ်းကြောမှတဆင့် ရန်ကုန်သို့ တင်ပို့နေသည့် မြန်မာကုန်သည်တဦးက မြန်မာ့ပုဇွန်များထက် အရည်အသွေးကောင်း ပြီး ဈေးနှုန်းအဆမတန်ကွာခြားသည့်အတွက် တင်သွင်းရခြင်းဖြစ်သည်ဟု ပြောသည်။
၎င်းက “ထိုင်းပုဇွန်ကအရည်အသွေးကောင်းတယ်။ ထုတ်ပိုးမှုစနစ်ကျပြီးဈေးနှုန်းလည်း အများ ကြီးသက်သာတယ်။ မြဝတီကနေ ရန်ကုန်ကြည့်မြင်တိုင် စံပြငါးဈေးအထိကို တရက်ထဲနဲ့ ရောက် တယ်။ ဒါကြောင့်တင်သွင်းတာဖြစ်တယ်။ တရားမဝင်တင်သွင်းတယ်ဆိုပေမယ့် လမ်းခရီး တလျှောက်လုံး အာဏာပိုင်တွေကို ပေးကမ်းရပါတယ်ဗျာ။”ဟု ရှင်းပြသည်။
မြန်မာ့ပုဇွန်နှင့် အမျိုးအစားတူတင်သွင်းသည့်ထိုင်းပုဇွန်များသည် ပြည်တွင်းပုဇွန်ဈေးနှုန်းများထက် တပိသာလျှင် အရွယ်အစားအလိုက် ကျပ် ၅၀ဝ မှ ကျပ် ၁၀၀ဝ အထိ ဈေးနှုန်းကွာခြားသည့်အပေါ် ဈေးကွက်ရရှိနေခြင်းဖြစ်သည်ဟု ကုန်သည်များက ပြောသည်။
ထိုင်းပုဇွန်ကုန်သည်တဦးက ” ဒီပုဇွန်တွေကိုဘန်ကောက်မဟာ ချိုင်းအရပ်ကနေယူလာပြီးတော့ မဲဆောက်ကနေတဆင့် မြဝတီလမ်းကြောကနေ ရန်ကုန်ကိုပို့တာဖြစ်တယ်။ မြန်မာ ဘက်ကိုတရား မဝင်ပို့ရတဲ့အတွက် ပုဇွန်တွေကိုများသောအားဖြင့် ညဘက်တွေမှာပဲ မြန်မာဘက်ကို ပို့ရတယ်။ ပုဇွန်တွေကို အနည်းအကျဉ်းပို့နေတာကတော့ ၃ နှစ်ကျော်ပြီ။ အခုလို တန်နဲ့ချီပြီးပို့တာ ၂ လ လောက်ပဲ ရှိသေးတယ်”ဟု ဆိုသည်။
မြန်မာ့မွေးမြူရေးပုဇွန်ဖြူ မြန်မာပြည်တွင်းပေါက်ဈေးမှာ တပိဿာလျှင် ဆိုဒ်သေး ကျပ် ၅,၀၀ဝ ၊ ဆိုဒ်ကြီးကျပ် ၆,၅၀ဝ ဖြစ်ပြီး၊ ထိုင်းပုဇွန်ထက် အဆများစွာ ဈေးမြှင့်သည်ဟု စားသုံးသူများ ကပြော သည်။
ထိုင်းပုဇွန်များကို မြန်မာဘက်တင်ပို့ရာတွင် ရေခဲရိုက်ထားသည့် ၁ဝ ကီလိုဝင်ဖော့ပုံးများ ဖြင့်ထုတ်ပိုးထားပြီး နယ်ခြားသောင်ရင်းမြစ် ထိုင်းဘက်ခြမ်းမှ စစ်လှေများဖြင့်မြန်မာဘက် ခြမ်းမြဝတီမြို့သို့တင်ပို့ကြကာ ပုဇွန်တတန်လျှင် အလေးချိန်ကီလို ၁,၀၀ဝ ရှိသည်။
ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောဖြစ်သည့် မဲဆောက်-မြဝတီနယ်စပ်ကုန် သွယ်ရေး တွင် ထိုင်းဘက်မှပုဇွန်များမြန်မာဘက်သို့ တရားမဝင်တင်ပို့သကဲ့သို့ မြန်မာဘက်မှလည်း မြန်မာ့ ရေချိုပုဇွန်ထုပ်များကို မြဝတီမှတဆင့် မဲဆောက်သို့တရက်ခြား ၆ တန်ခန့် တရားမဝင်တင်သွင်း လျှက်ရှိသည်ဟု ထိုင်းကုန်သည်တဦးပြောသည်။
မဲဆောက်-မြဝတီနယ်စပ်ကုန်သွယ်ရေးလမ်းကြောတွင် မြန်မာဘက်မှ သဘာဝရေထွက် ကုန်ပစ္စည်းများဖြစ်သည့် ငါး၊ပုစွန်၊ ဂဏန်း၊ ငါးရှဉ့်များကို ထိုင်းဘက်တင်ပို့လျှက်ရှိပြီး ထိုင်း ဘက်မှလည်း မွေးမြူရေးရေထွက်ကုန်ပစ္စည်းများဖြစ်သည့် ငါးနှင့်ပုဇွန်များကို မြန်မာဘက်သို့ တင်ပို့လျှက်ရှိသည်။
မြန်မာနိုင်ငံ၏ဒုတိယအကြီးဆုံးနယ်စပ်ကုန်သွယ်ရေးဖြစ်သည့် ထိုင်း-မြန်မာနယ်စပ်ကုန် သွယ်ရေးတွင် တရားမဝင်ကုန်သွယ်မှုကို မြန်မာကုန်သည်များအသုံးပြုလာခဲ့သည်မှာ ဆယ်စုနှစ် ၂ ခုကျော်ရှိပြီးဟု မြန်မာကုန်သည်များက ပြောသည်။